Wednesday, September 7, 2011

မြန်မာမိန်းကလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်


မြန်မာမိန်းကလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်
ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph အွန်လိုင်းသတင်းစာတွင် ရွှေလီမြို့မှနေ၍ ဒေးဗစ်အီ မာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် “မြန်မာမိန်းကလေးများ တရုတ်သတို့သမီးများအဖြစ် အတင်း အကျပ် စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါး တပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။
သူ့ဆောင်းပါးအတိုချုပ်ကိုကောက်ရလျှင် တရုတ်ပြည်ကြီး၏ ‘ကလေးတယောက်’ ပေါ်လစီအရ တရုတ်မိသား စုများ ကလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျောက် ဖြတ်ပြီးဖြစ်သဖြင့် တရုတ်မိ သားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်း မဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းခြေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းကလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ဖြစ်သည်။
တရုတ်၏ ထို “ကလေးတယောက်ပေါ်လစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒဏ်ကို တရုတ်နိုင်ငံ ခံစားနေရသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်းလမ်းခြင်းဖြင့် လက်ထပ် ယူနိုင်သောသူများ ရှိသော်လည်း ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေဘောင်အပြင်မှ နည်းလမ်း များကို အသုံးချလာကြသည်ဟု ယူနက်စကို ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။ တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကျပ် လုပ်ခိုင်းခြင်းခံရသူ မိန်းကလေးအများစု လာရာနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။
ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော၊ ဂေါက်သီး ရိုက်ရာတွင်လည်း အလွန်ဝါသနာထုံသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အ မျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။
လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွားရေးလွန်မင်းစွာ နိမ့်ကျလာမှု ကြောင့် မြန်မာမိန်းကလေးများ လူအရောင်းအဝယ်ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှု ကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါ ကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုး သမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစုထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံ သို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများလက်တွင်းသို့ သက်ဆင်းကြရကြောင်း ဆိုသည်။ မြန် မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကျပ် မ ယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူက ဆိုသည်။
တရုတ်ပြည်တွင် ခိုးသွင်းလာသော အမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေး ခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။
ယိုးဒယားအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ကလေးမွေး ပေးနိုင်မယ့် ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းကလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဂျူလီယာမရစ်က ဆိုသည်။
“မိန်းကလေးတွေကို ကလေးမွေးပေးဖို့ စက်တခုလိုပဲ သဘောထားကြတယ်” ဟု သူမက မှတ်ချက်ပေးခဲ့ပါ သည်။
ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ကလေးမ “အပ” (တိုင်းရင်း သူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေးသည့်အခါတွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့် ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာမိန်းကလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများ ကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထို ဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာ စု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စနစ်ဆီသို့ ပြန်ရောက်နေပြီ လားဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။
နိဂုံးအားဖြင့် ချုပ်၍ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့်တက္ကသိုလ် ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ရှိသည့် အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ် အာဏာရှင်စနစ်ကြောင့်ဖြစ်သည်။ ယခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖာနိုင်ငံကြီး” ဟူ၍ အ ထင်သေး အမြင်သေး ရှုတ်ချကြသည်။ ယနေ့ အိမ်နီးချင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိ သော ဖာများသည် မြန်မာအမျိုးသမီးအများစုဖြစ်သလို မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖာများ သောင်း နှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေ၊ နိုက်ကလပ်များတွင် ရှိနေကြပြီဖြစ်သည်။ အာ ဏာရူးစစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် ဖာနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ ကမျှ မတားဆီးနိုင်ပါ။
တရုတ်ပြည်၏ မယားလိုအပ်မှုအရ ရောင်းစားခံရသော မိန်းကလေးများတွင် လူချမ်းသာပညာတတ် တရုတ် များ၏ မယားဖြစ်ဖို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံ အလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်း ကလေးများသည် ထိုသူ၏ သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထား သူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ်လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီး နေထိုင်ရသည်။ မိမိ ဘယ်နေရာရောက်နေသည်၊ ဘယ်သူ့ကို အကူအညီတောင်းရမည်ကို မသိကြချေ။ တရုတ်မိသားစု၏ အိမ် ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံး ပိုး သတ်ဆေးသောက်၍ အဆုံးစီရင်ခြင်းကို အများဆုံး အသုံးပြုခြင်းဖြင့် ကြေကွဲစွာ ဘဝအဆုံးသတ်သွားကြရ သည်။
တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ်မဟုတ်ချေ။ မြန်မာပြည်ရှိ ဝ နယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက်အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။
ထို့အပြင် တရုတ်ပြည်၏ မိန်းခလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက်ခတ်မလွဲဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့်အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့်အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက်ရှိသောကြောင့်ဖြစ်သည်။
(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကျပ် လုပ်ဆောင်ရန် စိုင်းပြင်းလျက်ရှိခြင်း။
(၂) ဆင်းရဲမွဲတေနေသောနိုင်ငံဖြစ်သဖြင့် မိမိထက်ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင် သစ်၊ ကျောက် လိုလျှင် ကျောက်၊ ဓာတ်ငွေ့လိုလျှင် ဓာတ်ငွေ့၊ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့မည့် အနေ အထားဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ် တရုတ်ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသားကာမ ဖြေ ဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့်ရနိုင်သော မြန်မာပြည်မှ အ မျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေး ကွက်” သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍တိုးပွား လာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကို မပေါက်ကွဲစေရန် ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ် ဆောင်လာနိုင်ဖွယ်ရှိသည်။ ထိုသို့လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူများအများစု ‘ဖာ’ ဖြစ် နေသည့်နည်းတူ ၎င်းတရုတ်ဖာခန်းများတွင်လည်း မြန်မာအမျိုးသမီးများ သာ အများစုအဖြစ် တွေ့မြင်ရနိုင် ဖွယ်ရှိပေသည်။
ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသောနိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီ မိုကရေစီနည်းကျ လွတ်လပ်သောနိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါး အိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော်ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေးနှိုးဆော်လိုက်ရပါသည်။ ယနေ့မြန်မာပြည်ကြီး ကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အ ထူးလိုပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အားလုံးကိုလေးစားလျက် ...
ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်
မှတ်ချက် ။ ။ ပြည့်တန်ဆာဟု မသုံးဘဲ ‘ဖာ’ ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖာသည်နိုင်ငံကြီး ဖြစ်သွားမှာပဲ” ဆိုသည့်စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖာနိုင်ငံကြီးဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။
Posted by ဒေါက်တာလွဏ်းဆွေ at 7:18 PM 0 comments
Labels: ဆောင်းပါး

by Myat Thi Ha on Wednesday, September 7, 2011 at 8:34am

No comments: