Sunday, February 24, 2013

Regarding Ko Min Ko Niang's invitation...ကိုအောင်ခိုင်မြင်.၏ အတွေးအမြင်----

Regarding Ko Min Ko Niang's invitation...
ကိုအောင်ခိုင်မြင်.၏ အတွေးအမြင်----

လွန်ခဲ.တဲ. ၂ ရက် က ကိုရွှေထီးကို မေးခဲ.သောမေးခွန်း ၃ ခုကိုပဲ ကနေဒါနိုင်ငံအခြေစိုက် ဒီမိုကရေစီအရေး နိုးကြားတက်ကြွသူ ကဗျာဆရာ ဘလောဂါ ၈၈၈၈ မျိုးဆက် ဖြစ်သူ ကိုအောင်ခိုင...
်မြင်.ကို မနေ.က မေးမြန်းခဲ.ပါတယ်။

တိုင်းပြုပြည်ပြု အလုပ်ပိုင်း တွေမှာ ---- တိုင်းပြည်ကိုချစ်မြတ်နိုးတဲ.သူတွေ၏ အဓိပ္ပါယ် ဖွင်.ဆိုမှုတွေ ကွဲပြားနိုင်သလို၊ တဦးစီ ရဲ. ခံယူချက်ပေါ်တည်မှီပြီး အမြင်တွေလည်း ကွဲပြားနိုင်တာမို.၊ နောက်တစ်ဦး၏ အတွေးအမြင်ကို သူ.စကားအတိုင်း တင်ပြပေးလိုက်ပါတယ်။

ကိုအောင်ခိုင်မြင်. ၏မူရင်း စကားများ သေသေချာချာ ဖတ်၊ အားလုံး စဉ်းစားကြစေလိုပါတယ်။ လောလောဆည်မှာ အမျိုးသားနိုင်ငံရေး ဖြစ်လာရမဲ. လက်တွေ့ ကျကျ နိုင်ငံရေးပတ်ဝန်းကျင်မျိုး ချက်ချင်းလက်ငင်း ဖြစ်လာနိုင်စရာ အကြောင်းမမြင်ပါဘူး လို. သူ က ဆိုပါတယ်။ ဒါပေမဲ. ပြည်သူလူထုသာလျှင်အဓိကဖြစ်ပြီး၊ ပြည်သူတို.စိတ်ဆန္ဒနဲ. တွန်းအားကို ယူတတ်လျှင် အရာရာရွေ.စေနိုင်တဲ.သတ္တိ တွေပေါ်လာနိုင်တဲ.အကြောင်း၊ လူထုဆန္ဒကို မလေးစားတဲ့ ဘယ်ပါတီမှ နောင်ရွေးကောက်ပွဲမှာ အနိုင်ရစရာ အကြောင်းမရှိကြောင်း ၊ဒီအချက်များ ကို မည်သူမှ မျက်ခြေ မပြတ်သင်. ကြောင်း ကိုအာင်ခိုင်မြင်.ကပြည်.စုံစွာ ဖြေကြားသွားပါတယ်။)

1--Why do they need all of us to come back?

2--What kinds of implications behind the path that is unclear and unspecific? In the context of parliamentary politics for maximizing national interests, how would they go about breaking their perceived fear: "The government is too big to break." ?

3--What are duties and tasks a person or a group must inevitably do to become an essential political entity on the national level?

Question 1--ဘာကြောင်. Ko Aung Khine Myint အနေနဲ. သူတို. ၈၈၈၈ ခေါင်းဆောင်တွေက နိုင်ငံခြားရောက်နေသူတွေပြန်လာကြပါလို.ဘာကြောင့်ဖိတ်ခေါ်တယ်ထင်သလဲ။

Answer 1--နိုင်ငံခြားရောက်နေသူတွေပြန်လာကြပါလို.ဖိတ်ခေါ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ သူ့ နှလုံးသားထဲကဖြစ်လာတဲ့ ဆန္ဒနဲ့ ဖိတ်ခေါ်ချက်ကို လေးစားပါတယ် ။ကျနော့လိုပဲ နှစ်ပေါင်းများစွာ အမိမြန်မာပြည်နဲ့ ခွဲခွာနေသူတွေအနေနဲ့ လည်း တိုင်းပြည်ကို မပြန်ချင်သူတွေ ရှိပါ့မလား ။

ကိုမင်းကိုနိုင်အနေနဲ့ နိုင်ငံတကာရောက်နေသူတွေကို တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်စေချင်တာ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ကာ သူက တိုင်းပြည်ကို တိုးတက်ကြီးပွားချမ်းသာတာ မြင်ချင်သူတစ်ယောက်ဖြစ်သလို တိုင်းပြည်ငြိမ်းချမ်း တိုးတက်ဖို့ ဆိုရင် သူ့ ဘ၀နဲ့ အသက်ပါ စွန့် လွှတ်ဖို့ ဝန်မလေးသူဆိုတာ အတိတ်သမိုင်းမှာ သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့်လဲကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေကို ပြည်တွင်းပြည်ပက မြန်မာပြည်သူပြည်သားတွေ ချစ်ခင်လေးစားကြပါတယ် ။

ဒါပေမဲ့ တခြားတစ်ဖက်မှာ ကြည့်ပြန်ရင် အစိုးရအနေနဲ့ နိုင်ငံတကာကနေ ပြန်လာသူတွေအတွက်လုပ်ဆောင်ရမဲ့ ဥပဒေတွေကိုမသိသေးတာလား ၊ မသိချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ်လေ့လာနေစဲလားဆိုတာ ဆန်းစစ်စရာတွေ တစ်ပုံကြီးရှိနေပါသေးတယ် ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတကာကို ရောက်သွားသူတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြန်လည်ခေါ်ဆောင်မှုတွေရှိခဲ့ပါတယ် ။အဲဒီအခါမှာ အစိုးရအနေနဲ့ တတ်သိပညာရှင်များ ၊ စီးပွားရေး လုပ်ငန်းရှင်များ၊အဝေးရောက် နိုင်ငံသားတွေအပါအ၀င် လူတန်းစားအလွှာအသီးသီးအတွက် ဖိတ်ခေါ်မှုရဲ့ နောက်ဆက်တွဲ အဖြစ် လူသားအရင်းအမြစ်ဆိုင်ရာ ၊အလုပ်အကိုင်ဖန်တီးမှုအပါအ၀င် အခြေချနေထိုင်ခွင့်နဲ့  နိုင်ငံသားဖြစ်မှုဆိုင်ရာများ၊ စီးပွားရေး နိုင်ငံရေး လုပ်ပိုင်ခွင့်များ အတွက် တိကျခိုင်မာတဲ့ ဥပဒေများ ပြဌာန်းပြီး ရေတို ရေရှည် လုပ်ငန်းစဉ်များ ချမှတ်လုပ်ကိုင်ကြပါတယ် ။မြန်မာပြည်မှာလည်း လက်ရှိအစိုးရ အနေဖြင့် နိုင်ငံခြားရောက်နေသူတွေပြန်လာကြပါလို့ ဖိတ်ခေါ်ရာမှာ လူသားအရင်းအမြစ်ဆိုင်ရာ အစိုးရဌာနတစ်ခုထားရှိပြီှး ရေတိုရေရှည်လုပ်ငန်းစဉ်များ ချမှတ်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အဝေးရောက် မြန်မာပြည်သားတွေက မြန်မာပြည်ကို ဗီဇာရလို့ အခြေအနေကိုလေ့လာဖို့ အလည်ပြန်ယုံသက်သက်အပြင်ဘာမှ ပိုလာနိုင်ဖို့ ရာ အကြောင်းမမြင်ပါဘူး ။

ဘာကြောင့်လဲဆိုတော့ကာ နိုင်ငံတကာမှာ နှစ်ပေါင်းများစွာ အခြေကျနေတဲ့ မိသားစုတွေမှာ သားရေး သမီးရေး ပညာရေး ၊မိသားစု ဘ၀ရပ်တည်ရေး၊လူမှု ရေး၊ စီးပွားရေးဆိုင်ရာ တွေဟာ အခြေကျနေတာမဖြစ်ရင်တောင် မြေစမ်းခရမ်းပျိုးကာ ဘ၀များ ရုန်းကန်ရှင်သန်နေကြတာများပါတယ် ။ ဒါတွေကို လစ်လျှူရှုပြီး ပြည်တွင်းစစ်ဖြစ်နေစဲ သေချာတဲ့ ဥပဒေတွေမရှိတဲ့ မြန်မာပြည်မှာ ပြည်လည်အခြေချနိုင်ဖို့ ဆိုတာ တစ်ချို့ တလေအတွက်ဖြစ်နိုင်ပေမဲ့ အများစုအတွက်တော့ အခက်အခဲအကြပ်အတည်းတွေ အနည်းနဲ့ အများ ရင်ဆိုင်ကြုံတွေ့ နိုင်ပါတယ် ။ နိုင်ငံခြားရောက်နေသူတွေမပြောပါနဲ့  မြန်မာနယ်စပ်က ဒုက္ခသည်စခန်းကလူတွေတောင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်ပြန်ဖို့ ဝန်လေးနေကြတဲ့ အသံတွေ ဆူညံစွာကြားနေရပါတယ် ။

တစ်ဦးထဲအနေနဲ့ ပြောရရင် ၈၈၈၈ ဒီမိုကရေစီ အရေးအခင်းကတည်းက ( ၂၅ ) နှစ်ကျော် တိုင်းပြည်နဲ့ ဝေးကွာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးပြုလုပ်ငန်းကို ဖြစ်နိုင်ရင် မြန်မာပြည်ပြန်ပြီး မသေခင် အကျိုးပြုချင်ပါတယ်။

Question 2--ရှင်းရှင်းလင်းလင်း မရှိသေး၊ ၊ အသေးစိတ်လုပ်ငန်းတွေလည်း ရှိထား မပြင်ဆင်ထားသေးတဲ. ခုလမ်းကြောင်းမှာ ရှုတ်ထွေးလာနိုင်စရာတွေ ရှိပါသလား။ ဥပမာ- အမျိုးသား အကျိုးစီးပွားကို လုပ်ပိုင်ခွင်.နဲ. အစွမ်းကုန် မောင်းနှင်မဲ. လွှတ်တော် နိုင်ငံရေးကတဆင်.အမျိုးသားနိုင်ငံရေး ဖြစ်လာရမဲ. နိုင်ငံရေးပတ်ဝန်းကျင်မှာ ---အစိုးရက ကြီးလွန်းလို. အစိုးရကို ထိလို. မရဘူး။ သူတို. အခင်းအကျင်းတွေကို ဖြိုခွဲလို. မဖြစ်သေးဘူးဆိုတဲ. အကြောက်တရား နဲ. တားဆီးမှုတွေကို ဘယ်လို ဆက်သွား ဆက် ရှင်း ကြမလဲ။ အလုပ်ပိုင်း နဲ. တွဲ ပြောစေချင်ပါတယ်။

Answer 2--လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲအခြေအနေက သန်းခေါင်ယံညကနေ နေရောင်မလာခင် အာရုဏ်ဦးအချိန်မို့  အရာရာဟာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး ။ အမှောင်ခေတ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ လူထုတွေကတော့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာပေမဲ့ အစိုးရရဲ့ အားနဲနေသေးတဲ့ ရှေ့ လုပ်ငန်းစဉ်တွေက လူထုကို အကျိုးပြုမှုတွေထက် အာဏာရှင်လက်ဝေခံတွေ ခရိုနီတွေကို ပဲ အကျိုးပြု ကာကွယ်နေသလားလို့ စိတ်ရှုပ်ထွေး နေကြစဲပါ ။

ဒါကြောင့်လည်း နောက်ကြောင်းပြန်လှည့်နိုင်သလားဆိုတဲ့ တန်ပြန်မေးခွန်းတွေ ထွက်ပေါ်ခဲ့တာပါ ။ လက်ရှိသတင်းအချက်အလက်များ အဆိုအရ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံရေးက စိတ်ဝင်စားစရာ ဖြစ်သလို အရင်တုန်းကဘာကြောင့် တွေ့ ဆုံ

ဆွေးနွေးဖို့ ကြန့် ကြာနေခဲ့သလဲ ။ ဒါက မြန်မာပြည်အနာဂတ်အတွက် ဘယ်လောက်အရေးပါသလဲစတဲ့ တန်းစီနေတဲ့ မေးခွန်းများမှာ တိုင်းပြည်အနာဂတ်ကို လက်တွဲအဖြေရှာနိုင်မှသာ ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိတာမို့ စိတ်ကိုဖြေတွေးနေရသေးတဲ့ ပြည်သူများအဖြစ်ပါ ။

ဒီမေးခွန်းရဲ့ အဖြေက လက်ရှိနိုင်ငံရေးအပြောင်းအလဲတွေနဲ့ တနည်းမဟုတ်တနည်း တိုက်ရိုက်သော်၎င်း ၊ သွယ်ဝိုက်၍သော်၎င်း ပတ်သက်နေလိမ့်မယ်လို့ ထင်ပါတယ် ။မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကြမ်းမျဉ်းသုံးသပ်ကြည့်မြင် ရင် ၁၉၈၈ ကနေ ၂၀၁၀ ထိ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေးတွေ ၊ အာဏာဖီဆန်ရေးတွေ ၊ အမြစ်ပြတ်ချေမှုန်းရေးတွေ ရှိနေခဲ့တာ ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့ အချက်တွေကိုကြည့်ရင်သိနိုင်ပါတယ် ။

၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီကဆန့် ကျင်ခဲ့တဲ့အခါ လွှတ်တော်ထဲမှာတစ်ကိုယ်ထဲ အထီးကျန်နေတဲ့ အစိုးရကို နိုင်ငံတကာကစီးပွားရေးအရေးယူပိတ်ဆို့ မှုတွေ ဆက်လက်ထားရှိခဲ့ပါတယ်။

ဒါပေမဲ့ အတိတ်ကလိုပဲအစိုးရနှင့် အတိုက်အခံကြား တစ်ဖက်နှင့်တစ်ဖက် ပဌိပက္ခအသွင်ဆောင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပဲထားရင်

ရေရှည်မှာတိုင်းပြည်နှင့်လူမျိုးဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်ယုံမက လူမှုဒုက္ခဆင်းရဲတွင်းကနေ ပြည်သူများရုန်းမထွက်နိုင်မယ်မှန်း နှစ်ဖက်က ခေါင်းဆောင်တွေ သဘောပေါက်လာကြပုံရပါတယ် ။

နှစ်ဖက် ခေါင်းဆောင်ပိုင်းတွေက အတွေးအခေါ်ပြောင်းလဲပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားကာ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ အမြင်သဘောထားတွေ ရှိလာခြင်းဖြစ်ပါတယ်။

ဒါကြောင့် အတိုက်အခံဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ အကြိမ်ကြိမ်တွေ့ ဆုံဆွေးနွေးမှုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသလို ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ
ထောင်အသီးသီးကလွတ်မြောက်လာခဲ့ကြပါတယ် ။

ဒီအကြောင်းတွေကို ဘာလို့ ပြန်လည် တင်ပြနေရသလဲ ဆိုတော့ကာ အဲဒီမှာ ထောက်ပြစရာရှိတာက သူတို့ တွေရဲ့ အနာဂတ်တိုင်းပြည်အပေါ်ထားရှိတဲ့ သဘောထားကို တိုင်းပြည်ကိုချမပြခဲ့ပေမဲ့ သေချာတာတစ်ခုက အစိုးရနှင့် အတိုက်အခံကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေးအစား အပြုသဘောဆောင်တဲ့ တိုင်းပြည်နှင့်လူထုအပေါ် ရလဒ်ကောင်းများပေါ်ထွက်လာနိုင်မဲ့ နည်းဗျူယာတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် ချဉ်းကပ်မှုတွေရှိလာတယ်ဆိုတာ တွေ့ ရလို့ ပါ ။

အဲဒီလို အတွေးအခေါ် သဘောထားများ ပြောင်းလဲပြီးနောက်ပိုင်း မှာ အများပြောဆို သုံးသပ်နေသလိုပါပဲ NLD ကလွှတ်တော်တွင်းနိုင်ငံရေးလုပ်နေသလို ၈၈ မျိုးဆက်ကျောင်းသားတွေက လွှတ်တော်ပြင် ပနိုင်ငံရေးကို လုပ်ဆောင်ခဲ့ကြပါတယ် ။

ပြုပြင်ပြောင်းလဲရေးကာလမှာ ဘယ်အရာမှ စင်းလုံးချော မဖြစ်နိုင်ပေမဲ့ လုပ်ရင်းကိုင်ရင် နှစ်ဖက်စလုံးမှာ အခက်အခဲအကြပ်အတည်းတွေ တွေ့ နေကြမှာမလွဲပါဘူး ။

အစိုးရအနေနဲ့ ရခိုင်ကိစ္စ ၊ လက်ပန်တောင်းတောင်လို အရေး ၊ ကချင်မှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အပါအ၀င် တိုင်းရင်းသားအရေး ၊ခရိုနီ ၊အလုပ်သမား ၊ လယ်သမား ၊ ကျောင်းသားစတဲ့ကိစ္စရပ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းမှုများ ပေါ်ပေါက်လာသလို
အတိုက်အခံ အင်အားစုအနေနဲ့  ၂၀၀၈ ဖွဲ့ စည်းပုံကို လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ ရာ အခက်အခဲများတွေ့ ရပြီး ၊ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ လူထုနဲ့ တိုက်ရိုက်ထိတွေ့ တဲ့အခါ ဒေသခံလူထုရဲ့အစိုးရအပေါ် မကျေနပ်မှုတွေ အပြင် အစိုးရရဲ့ အားနည်းချက်တွေကို သိရှိလာပုံရပါတယ် ။

လက်ရှိဦးသိန်းစိန်အစိုးရအနေနဲ့ လွှတ်တော်တွင်းမှာ အသာစီးရထားပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အတိုက်အခံအင်အားစုက အားနည်းနေတာ တွေ့ ရပါတယ် ။ ဒါကြောင့် ဒီမိုကရေစီနည်းအရမဲခွဲ ဆုံးဖြတ်ရာမှာ လူထုအပေါ်အကျိုးမပြုသော ဥပဒေတွေကို ပယ်ဖျက်ရာမှာပဲဖြစ်ဖြစ် ကောင်းမွန်မှန်ကန်တဲ့ ဥပဒေတွေကို ဆွေးနွေး ဆုံးဖြတ်ရာမှာ ဖြစ်ဖြစ် လွှတ်တော်တွင်းမှာ အားနည်းချက်တွေ ရှိနေပါတယ် ။ ဒီလို အခြေအနေမျိုးထဲမှာပဲ လက်ရှိအစိုးရက ၂၀၁၃ ဆီးဂိမ်း ၊ ၂၀၁၄ အာဆီယံ ဥက္ကဌဖြစ်ရေးကို မဖြစ်မနေလုပ်ဆောင်ဖို့ စိုင်းပြင်းနေပုံရပါတယ် ။

အတိုက်အခံဒီမိုကရေစီအင်အားစု တွေရဲ့ ဒီမိုကရေစီရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးမဟာဗျူဟာအရ တစ်ဖက်မှာ နည်းဗျူဟာတွေက အဖွဲ့ အစည်းတစ်ဖွဲ့ နဲ့ တစ်ဖွ့ဲအစိုးရအပေါ်မှာ ချဉ်းကပ်ပုံ ခြင်းမတူတာကို တွေ့ ရပါတယ် ။ လူထုအတွက် လိုချင်တာကိုရဖို့ ရာ တစ်ချု့ အရာတွေမှာ အလျော့ပေးလိုက်လျောမှုတွေတွေ့ ရမှာဖြစ်သလို ပြည်သူ့ အသံ ပြည်သူ့ ဆန္ဒကိုအခြေခံပြီး အစိုးရနဲ့ မဖြစ်မနေလက်တွဲလုပ်ဆောင်မှုတွေကို လည်း တွေ့ ရမှာဖြစ်ပါတယ် ။

အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို
နိုင်ငံတကာအား စေလွှတ်ခြင်းရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ မှုတွေကိုရုပ်သိမ်းယုံမက စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာတာကို တွေ့ ရပါတယ် ။

အဲဒီအခါမှာ စီးပွားရေးရင်းနှီးမြုပ်နှံဖို့ ရာ နိုင်ငံရေးတည်ငြိမ်မှုက မဖြစ်မနေ လိုအပ်ပြီး အားလုံးကို လုံခြုံ စိတ်ချရတဲ့ ဥပဒေရေးရာမှာ ရေခံမြေခံကောင်းဖို့ ရာလည်း အထူးလိုအပ်နေပါတယ် ။ သေချာတာက ရေရှည်မှာ စစ်ဖြစ်နေတဲ့ တိုင်းပြည်နဲ့ဥပဒေရေးရာ အားနဲတဲ့ မြန်မာပြည်မှာ စီးပွားရေး ရင်းနှီးလုပ်ကိုင်ဖို့ မေးခွန်းတွေ ဖြစ်ပေါ်လာစရာ ရှိပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ရင် ပြုပြင်ပြောင်းလဲရေးက ချိနဲ့ နေသေးတာတွေ့ ရပါတယ် ။ ဘာကြောင့်လည်းဆိုတော့ကာ နာဂစ်မုန်တိုင်းကာလမှာ လူထုဆန္ဒမပါပဲအတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံရဲ့အားနည်းချက်တွေ ကြောင့်ပါ ။

အဲဒီအခါမှာ အထက်ပါမေးခွန်းထဲကလို အမျိုးသား အကျိုးစီးပွားကို လုပ်ပိုင်ခွင်.နဲ. အစွမ်းကုန် မောင်းနှင်မဲ. လွှတ်တော် နိုင်ငံရေးကတဆင်.အမျိုးသားနိုင်ငံရေး ဖြစ်လာရမဲ. နိုင်ငံရေးပတ်ဝန်းကျင်ဟာ လက်တွေ့ ကျကျ ချက်ချင်းလက်ငင်း ဖြစ်လာနိုင်စရာ အကြောင်းမမြင်ပါဘူး ။

အစိုးရအနေဖြင့် ပြည်တွင်းစစ် အပါအ၀င် တိုင်းရင်းသားအရေးတွေကို ဆွေးနွေးရာမှာပဲဖြစ်ဖြစ်၊အနာဂတ် စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရာမှာ ဖြစ်ဖြစ် လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းမှုတွေကိုအခြေခံကာ ပွင့်လင်းရိုးသားမှုတွေ ရှိဖို့ လိုပါတယ်။တိုင်းပြည်အပေါ် စိတ်ကောင်းစေတနာကောင်းထားဖို့ လိုသလို အတွေးအခေါ် အမြင်ကျယ်ဖို့ လည်းလိုပါတယ် ။

ရှေ့ မတိုးသာ နောက်မဆုတ်သာနိုင်ငံရေးအခြေအနေကနေ ယခုလိုဖြစ်ပေါ်နေတဲ့ အပြောင်းအလဲမြန်သော နိုင်ငံရေးအခင်းအကျဉ်းတွေ ဖြစ်ပေါ်နေရာမှာ အကောင်းမြင်သူတွေ ရှိသလို အဖြစ်အပျက်တစ်ခုခြင်းကို ခြုံငုံကြည့်ရင် အားမလို အားမလို အားမရတွေ ဖြစ်နေသေးတာလည်း သဘာဝကျပါတယ် ။ လက်ရှိအစိုးရအနေနဲ့ 

တိုင်းပြည်တိုးတက်ပြောင်းလဲတာကိုဖြစ်ပေါ်စေချင်ရင် သေချာတာတစ်ခုက လက်တွေ့ ကျတဲ့ နိုင်ငံရေး အပြောင်းအလဲထဲမှာ အားလုံးပါဝင် နိုင်တဲ့ အခင်းအကျဉ်းကို လက်ရှိအစိုးရမှ မူဝါဒများချမှတ်ပြီးလုပ်ဆောင်ရပါလိမ့်မယ် ။
သက်ဆိုင်ရာနိုင်ငံရေး ပါတီတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှေ့ လုပ်ငန်းစဉ်တွေချမှတ်ပြီး လွှတ်တော်တွင်း နိုင်ငံရေးကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်နိုင်ခဲ့ရင် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဆွဲရေးကို များစွာ အထောက်အကူ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ် ။

Question 3--တနိုင်လုံးအတိုင်းအတာ နဲ. လူတဦး သို. မဟုတ် အဖွဲ. အစည်း တစ်ရပ်ကို နိုင်ငံရေးအရ ထောက်တည် ကျားကန်ပြုနိုင်တဲ. ခိုင်မာတဲ. နိုင်ငံရေး အဆောက်အဦဖြစ်လာအောင် ( မဖြစ်မနေလုပ်ရမဲ.) တာဝန်နဲ. အလုပ်တွေကို အကြမ်းဖျင်း ပြောပြပေးနိုင်မလား။

Answer 3---နိုင်ငံရေးပါတီတွေအနေနဲ့  ရွေးကောက်ပွဲနီးမှ လူထုထံမှ မဲရဖို့ လူထုကို ချဉ်းကပ်ခြင်းက အမြင်မတော် ကြည့်လို့ မကောင်းတဲ့ဒီမိုကရေစီ ပုံရိပ်တွေပါ ။

နိုင်ငံရေးပါတီတွေက လူထုနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေပြီး လူထု၏ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးယုံမက လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာတဲ့အထိ လုပ်ဆောင်ရပါလိမ့်မယ် ။ ပါတီတွေသာမက သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းတွေက စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်းများစွာ နား မျက်စိပိတ်ခံထားရတဲ့ ပြည်သူများအား ဒီမိုကရေစီဆိုင်ရာ သဘောတရားရေးများကို စဉ်ဆက်မပြတ် ပို့ ချနေယုံမက လက်တွေ့ ကျကျလုပ်ငန်းစဉ်များချမှတ်ပြီး လုပ်ဆောင်နေသင့်ပါတယ် ။

လူထုကို အခြေခံတဲ့ ဒီမိုကရေစီ ယန္တရားမှာ လူထုဆန္ဒ ၊ လူထုအသံတွေဟာ ဆန္ဒပြပွဲတွေကတဆင့်ဖြစ်စေ ၊ အကြောင်းအရာပေါ်မူတည်ပြီး လူထုရဲ့ လက်မှတ်ထိုးတောင်းဆိုမှုတွေကနေတစ်ဆင့် ဖြစ်စေ လွှတ်တော်ထဲထိရောက်အောင် အတိုက်အခံပါတိတွေသာမက လွှတ်တော်ပြင်ပ အဖွဲ့ အစည်းများကပါ တတပ်တအား ၀ိုင်းဝန်းလုပ်ဆောင်ရမှာပါ ။ အဲဒီအခါမှာ အစိုးရအနေနဲ့ လူထုဆန္ဒကိုလေးစား လိုက်နာသလား ၊ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုရှိသလားဆိုတာ ထင်ထင်ရှားရှားအဖြေထွက်လာမှာပါ ။

အဲဒီရလဒ်ရဲ့ အကျိုးဆက်အဖြစ် လူထုဆန္ဒကို မလေးစားတဲ့ ဘယ်ပါတီမှ နောင်ရွေးကောက်ပွဲမှာ အနိုင်ရစရာ အကြောင်းမရှိတော့ပါဘူး ။

အစိုးရက ကြီးလွန်းလို အစိုးရကို ထိလို. မရဘူး။ သူတို. အခင်းအကျင်းတွေကို ဖြိုခွဲလို. မဖြစ်သေးဘူးဆိုတဲ. အကြောက်တရား နဲ. တားဆီးမှုတွေကို လူထုအားနဲ့ ဖြတ်သန်းရမှာပါ ။

အစိုးရနဲ့ အတိုက်အခံတွေကပါ လေးစားရတဲ့ လူထုကွန်ယက်များ မှ တဆင့် လူထုချင်း ချိတ်ဆက်ပြီး လူထုအသံ လူထုဆန္ဒများကို စဉ်ဆက်မပြတ် ဆွေးနွေးအဖြေရှာ သင့်ပါတယ် ။

ဟုတ်ကဲ့ ကျနော်ကြိုးစားပြီး မေးခွန်းတွေကို ဖြေကြားထားပါတယ်.၊ .အခုလို အချိန်ယူပြီး တကူးတက မေးကာ အတွေးအခေါ်တွေကို ဖလှယ်တဲ့ မအေးအေးစိုးဝင်းကို ကျေးဇူးတင်ပါတယ်..
အောင်ခိုင်မြင့်
23 February 2013
 

No comments: