Sunday, July 24, 2016

ရန်ကုန်လမ်းမတွေဟာ_ဆေးဆိုးပန်းရိုက်ထားတဲ့_ပြည့်တန်ဆာပဲ‬

ရန်ကုန်လမ်းမတွေဟာ_ဆေးဆိုးပန်းရိုက်ထားတဲ့_ပြည့်တန်ဆာပဲ‬(ရှင်မိုးနွယ်)

ပါးရည်နားရည်တွန့်နေတဲ့ ပလက်ဖောင်းကြီးက
စကတ်တိုတိုဝတ်ပြီး ငယ်မူပြန်နေလိုက်ပုံများ၊
မြန်မာပြည်ရဲ့ အညွန့်အညှောက်လေးတွေက ...

ခွက်တစ်လုံးရှေ့ချပြီး မျက်ဝန်းတွေ ဖားဥစွဲနေလိုက်ပုံများ၊
အတ္တတွေထမ်းထားတဲ့ စက်ရုပ်လိုမျက်နှာသေတွေက
အပြုံးအစက်ကင်းပြီး ဖြူရော်နေလိုက်ပုံများ၊
တကယ်ပါ....မေမေ
ရန်ကုန်လမ်းမတွေဟာ ဆေးဆိုးပန်းရိုက်ထားတဲ့ ပြည့်တန်ဆာပဲ.....။

ဗုဒ္ဓဟာ ကဗျာရေးဖို့ ကုန်ကြမ်းလား မေမေ
ကောသလမင်းရဲ့ အိမ်မက်တွေ အသက်ဝင်လာတဲ့အခါ
ဗုဒ္ဓတရားတော်တွေဟာ မြူဆိုင်းမှောင်မှိုင်းသွားတယ်.....။
စင်မြင့်ပေါ်ရောက်သူတိုင်းဟာ ဆဲရေးတိုင်းတာခြင်းမှာ ခုံမင်သွားတယ်.......။
ဒီလိုပဲ.......
သုတ်ပိုးနားထင်ရောက်နေတဲ့ လူတွေဟာလည်း လမ်းလယ်ခေါင် ခွေးဇာတ်ခင်းတတ်လာကြတယ်.......။

ရန်ကုန်အပူဒဏ်က လေအေးပေးထားတဲ့ အခန်းကို လှောင်ပြောင် ကျီစယ်နေသလိုမျိုး
အဝီစိငရဲက ဘာသာတရားအေးခဲနေတဲ့ " ချို (ဂျို) " ပေါက်ကောင်တွေကို ဟီလာတိုက်နေမလား.....။
ရန်ကုန်ကတော့ ထုံးစံအတိုင်း အိုင်းလိုင်နာတွေနဲ့ နက်မှောင်နေတုန်း....။

မလုံခြုံဘူး....မေမေ...လုံးဝမလုံခြုံဘူး
ပါးစပ်မဟုတ်ရင် လက်သရမ်း
လက်မဟုတ်ရင် မွေးရာပါပစ္စည်းတွေထိုင်သရမ်းပြနေတဲ့
လူသားအမေရှိပုံမပေါ်တဲ့ သေချင်းဆိုးတစ်ချို့ဟာ
ပလက်ဖောင်းဘေးက ကားတွေပေါ်မှာ အဆီထိုင်ရစ်နေကြတယ်...။
တကယ်ပါ သမီးတို့ဘဝတွေဟာ တစက်ကလေးမှကို မလုံခြုံဘူး...။

စားနေကျ ခေါက်ဆွဲပြုတ်တွေကို မုန်းလာပြီ မေမေ
ကင်ဆာဆိုတာ
လမ်းဘေးဈေးသည်ရဲ့ ပလတ်စတစ်အိတ်လေးတစ်လုံးနဲ့
တဂွီဂွီမြည်နေတဲ့ ကိုယ့်အစာအိမ်ရဲ့ ပြင်းပြမှုလောက် အရေးမပါရှာတဲ့အခါ....
ကျန်းမာရေးဆိုတဲ့အရာကြီးကို ပိုက်ဆံအိတ်ထဲ ခဏခေါက်သိမ်းထားလိုက်မိတယ်....။

ငါးထောင်တန်တစ်ထပ်အပေါ် လိုချင်မှုတွေ စီချလိုက်တယ်
စီမံခန့်ခွဲခြင်းဆိုတာ ခြေမွှေး၊ လက်မွှေးမီးမလောင်ဖူးသူအတွက်
မွေးရာပါ အော်တစ်ဇင်ပဲ မေမေ
အခုဆို ၅ဝတန်လေးတွေကအစ သမီး ဂရုစိုက်တတ်လာပြီ.....။

ရန်ကုန်လမ်းမတွေဟာ ဆေးဆိုးပန်းရိုက်ထားတဲ့ ပြည့်တန်ဆာပဲ
တဖြည်းဖြည်းနဲ့ အဆင့်မြင့်ကုန်တိုက်တွေဟာ မျက်နှာကြောသိပ်မာလာတယ်....။
ကိတ်ခြင်းတရားကို ချစ်ခြင်းတရားအဖြစ် ရေရောပြီး အသွင်ပြောင်းလိုက်ကြတယ်...။
ခြင်တစ်ကောင်ရဲ့ အသက်ကို စာနာခြင်းနဲ့ လဲလှယ်လိုက်ပြီး
သွေးအားကောင်းဖို့ အမဲသားများများ စားလာကြတယ်....။
ဟက် ဟက်
ရယ်စရာကောင်းတဲ့ ပျက်လုံးတောင် ဒီထက်မရယ်ရလောက်ဘူး....မေမေရဲ့.....။


ရှင်မိုးနွယ်

 

No comments: