Friday, July 22, 2016

ရန်ကုန်အစိုးရ အထပ်မြင့်အဆောက်အအုံ ညွှန်ကြားချက် အသစ်ကြောင့် ဒေါ်လာ ၅ ဘီလီယံခန့် နစ်နာနိုင်

ရန်ကုန်အစိုးရ အထပ်မြင့်အဆောက်အအုံ ညွှန်ကြားချက် အသစ်ကြောင့် ဒေါ်လာ ၅ ဘီလီယံခန့် နစ်နာနိုင်
Friday, July 22, 2016
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထပ်မြင့်အဆောက်အအုံဆိုင်ရာ ညွှန်ကြားချက်အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိသည့် ငွေကြေးပမာဏအထိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်မှ နစ်နာမှု ရှိနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုသည်။
...
ဆောက်လုပ်ခွင့် ကျထားသော အဆောက်အအုံ ၁၂ လုံးအား ထပ်ရေ လျှော့ချရန် ပါမစ်ကျထားပြီး အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးအား ပါမစ်ဖျက်သိမ်းခြင်း ၊ ပြန်လည်စိစစ်မည်ဆိုပြီး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရ သောကြောင့် လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်သား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေသည်ဟုလည်း ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
“အဆောက်အအုံတွေက ဒေါ်လာ သန်း ၂၀ ၊ ၃၀ လောက် ကုန်ကျတာတွေ ကြီးကြီးပဲ၊ ကေအီးအာရ်ဆိုရင် ဖောင်ဒေးရှင်းတင်ပဲ ဒေါ်လာ ၁၂ သန်း ကုန်ကျတယ်။ ကိုယ်ပိုင်ငွေတွေ မဟုတ်ပဲ ဘဏ်တွေကနေ ချေးယူသုံးစွဲရတာ ဖြစ်တယ်။ အဆောက်အအုံ တစ်လုံးလောက်ဆိုရင် ဘာမှ မဖြစ်ဘူး။ အလုံး ၁၀၀ ၊ ၂၀၀ ဖြစ်လာရင် ဒေါ်လာ ၅ ဘီလီယံ ၊ ၆ ဘီလီယံလောက် နစ်နာနိုင်တယ်။ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံမှာ ဒေါ်လာ ၅ ဘီလီယံ ၆ ဘီလီယံဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောသည်။
ထပ်ရေလျှော့ချခံရသည့် အဆောက်အုံများတွင် ကမ္ဘာအေးစေတီလမ်းရှိ ကေအီးအာရ် အဆောက်အုံသည် ၂၉ ထပ်မှ ၁၇ ထပ်သို့ ၄င်း ၊ ဖိုးစိန်လမ်းရှိ အဆောက်အုံမှာ ၃၁ ထပ်မှ ၁၂ သို့ လျှော့ချခံရသည်။ ရန်ကုန်မြို့အား ကယ်တင်ရန် ၊ ရေစီးရေလာစနစ် ကောင်းမွန်စေရန် ထပ်မြင့်အဆောက်အုံ များကြောင့် မြို့၏ အထင်ကရ နေရာများ ကွယ်သွားခြင်း မရှိစေရန် ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် စသည့် အကြောင်းပြချက်များဖြင့် တိုင်းအစိုးရအဖွဲ့မှ အဆောက်အုံများကို စိစစ်ခြင်း၊ ရပ်ဆိုင်းခိုင်းခြင်း ၊ ထပ်ရေလျှော့ချခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုဆောက်နေတဲ့ အဆောက်အအုံတွေ အကုန်လုံးက ပြည်သူပိုင်မြေတွေ နိုင်ငံတော်ပိုင်မြေတွေမှာ ဆောက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့သည် အခွင့်ထူးခံတွေ မဟုတ်ပါဘူး။ အခုရပ်ခိုင်း လျှော့ခိုင်းထားတဲ့ အဆောက်အအုံ ၁၂ လုံးဆိုရင် ပုဂ္ဂလိကပိုင်မြေတွေပေါ်မှာပဲ ဆောက်နေတာပါ။ မိမိကိုယ်ပိုင် မြေဖြစ်သလို မြေကွက်တွေသည် ကိုယ်ပိုင်အမည်ပေါက်ရပြီးမှသာ ဆောက် လုပ် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နစ်နာတဲ့ ပြည်သူတွေပါ။ အထပ် မြင့် အဆောက်အုံ တစ်လုံးရဖို့အတွက် ကျွန်တော်တို့ ခွင့်ပြုချက် တောင်း ရတာ အနည်းဆုံး ၂ နှစ်ကနေ ၄ နှစ်အထိ ကြာမြင့်တာ ဖြစ်ပါတယ်။ ဒီအစိုးရ သည် ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ အစိုးရပါ။ အစိုးရလုပ်သမျှ မှန်တယ်။ ခေါင်းငုံ့ခံ ပြောစရာ မလိုဘူး။ ခေါင်းပဲညိတ်နေရမယ် ဆိုရင်တော့ ဒါဟာ အာဏာရှင်အစိုးရ တစ်ရပ်ပဲဖြစ်ပါလိမ့်မယ်” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် များ ပူးပေါင်းကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောသည်။
The Ladies News

No comments: