Tuesday, July 26, 2016

ဂါမဏိ ● ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း

ဂါမဏိ ● ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း
၂၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၂ )
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၆

ကုလသမဂ္ဂအထွေထွေညီလာခံ
၁၂ စက်တင်ဘာ ၂ဝဝ၇
ခြောက်ဆယ့်တကြိမ်မြောက်အစည်းအဝေး
ဆွေးနွေးပွဲခေါင်းစဉ် အမှတ် (၆၈)
လူ့အခွင့်အရေးကောင်စီအစီရင်ခံစာ

အထွေထွေညီလာခံသည်၊
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း စာသားကို အတည်ပြုပေးခဲ့သည့် လူ့ အခွင့်အရေး ကောင်စီ၏ ၂ဝဝ၆ ဇွန် (၂၉) ရက် ဆုံးဖြတ်ချက်အမှတ် (၁/၂) ပါ ထောက်ခံအကြံပြုချက်ကို ထည့်သွင်း မှတ်သားလျက်၊

မိမိ၏ ၂ဝဝ၆ ဒီဇင်ဘာ (၂ဝ) ရက် ဆုံးဖြတ်ချက်အမှတ် (၆၁/၁၇၈) အရ နောက်ထပ်ဆွေးနွေးတိုင်ပင်ဖို့ အချိန်ပေးနိုင်ရန် ကြေညာစာတမ်းအား စဉ်းစားဆင်ခြင်ခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းထားပြီး ခြောက်ဆယ့်တကြိမ် မြောက် အ ထွေထွေညီလာခံ အစည်းအဝေးမပြီးဆုံးမီ စဉ်းစားဆင်ခြင်မှုအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့မှုအားလည်း ပြန်လည်သတိရလျက်၊

လက်ရှိဆုံးဖြတ်ချက်၏ နောက်ဆက်တွဲတွင် ပါရှိသည့် ကုလသမဂ္ဂဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာ စာတမ်းကို အတည်ပြုချမှတ်လိုက်သည်။

● နောက်ဆက်တွဲ
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း
အထွေထွေညီလာခံသည်၊
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီး၏ ရည်မှန်းချက်များနှင့် အခြေခံမူများမှလည်းကောင်း၊ ပဋိညာဉ်စာတမ်းနှင့်အညီ နိုင်ငံ များထမ်းဆောင်ရသော တာဝန်ဝတ္တရားများ ပြည့်မြောက်ခြင်းအပေါ် ကောင်းစွာယုံကြည်မှုမှလည်းကောင်း လမ်းညွှန်လျက်၊ ဌာနေတိုင်းရင်းသားလူမျိုးများသည် အခြားလူမျိုးအားလုံးနှင့် တန်းတူဖြစ်သည်နှင့် တချိန်တည်းတွင် လူမျိုးအားလုံး၏ ကွဲပြားခြားနားနိုင်ခွင့်၊ မိမိတို့ကိုယ်မိမိတို့ ကွဲပြားခြားနားစွာ ခံယူစဉ်းစားနိုင်ခွင့်၊ ယင်းသို့ ကွဲပြားခြားနားစွာ ဖြင့် လေးစားအသိအမှတ်ပြုခံနိုင်ခွင့်တို့ကို အတည်ပြုလျက်၊

လူမျိုးအားလုံးသည် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးများနှင့် ယဉ်ကျေးမှုဓလေ့များ၏ ထွေပြားစုံလင်မှုနှင့် ကြွယ်ဝမှုတို့ကို အကျိုးပြုပြီး လူသားမျိုးနွယ်ကြီး၏ ဘုံအမွေအနှစ်ထဲ ပါဝင်ဖွဲ့တည်နေခြင်းကို လည်း အတည်ပြုလျက်၊

အမျိုးသားမူလဗီဇ (ဝါ) လူမျိုး race ကွဲပြားမှု၊ ဘာသာရေးကွဲပြားမှု၊ တိုင်းရင်းသားလူမျိုးစု ethnic ကွဲပြားမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှုအခြေခံပေါ်မှ လူမျိုးများ သို့မဟုတ် တဦးချင်းလူပုဂ္ဂိုလ်များ၏ ကြီးမြင့်မှုအပေါ် အခြေခံသော သို့တည်းမဟုတ် ကြီးမြင့်မှုကိုလှုံ့ဆော်အားပေးသော မူဝါဒအားလုံး၊ ပေါ်လစီအားလုံး၊ လုပ်ရပ်အားလုံးသည် လူမျိုးခွဲခြား ရေး racist ဖြစ်ကြောင်း၊ သိပ္ပံပညာအရမှားယွင်းကြောင်း၊ တရားဥပဒေအရ တရားမဝင်ကြောင်း၊ စာရိတ္တပိုင်းအရ မလို လား အပ်ကြောင်းနှင့် လူမှုရေးအရ တရားမျှတမှုမရှိကြောင်း ထပ်လောင်းအတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အခွင့်အရေးများကို ကျင့်သုံးရာ၌ မည်သို့သောခွဲခြားဆက်ဆံမှုမျိုး discrimination မဆိုမှ ကင်းရှင်းစေရန် ထပ်မံ အတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် အခြားအချက်အလက်များအပြင် မိမိတို့မြေယာများ၊ နယ်မြေများ၊ သယံ ဇာတများ ကိုလိုနီကျွန်ပြုခံရမှုနှင့် လက်မဲ့ဖြစ်သွားမှု တို့၏ရလဒ်ကြောင့် သမိုင်းနှင့်ချီ၍ မတရားမှုများခံစားခဲ့ရခြင်း၊ ဤသို့ဖြင့် မိမိတို့၏ ကိုယ်ပိုင်လိုအပ်ချက်များ ကိုယ်ပိုင်အကျိုးစီးပွားများနှင့်အညီ ဖွံ့ဖြိုးတိုးတက်ခွင့် ကျင့်သုံးမှုမှ ဟန့်တားခံရခြင်းကို စိုးရိမ်သော ကဖြစ်လျက်၊

မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဆောက်အအုံများမှလည်းကောင်း၊ မိမိတို့၏ ယဉ်ကျေးမှုဓလေ့များ၊ စိတ်ပိုင်းဆိုင်ရာအစဉ်အလာများ၊ သမိုင်းနှင့် ဒဿနအတွေးအခေါ်များမှ ပေါက်ဖွားလာသော ဌာနေတိုင်းရင်းသားလူမျိုး မွေးရာပါအခွင့်အရေးများ၊ အထူးသဖြင့် မိမိတို့မြေယာ၊ နယ်မြေနှင့် သယံဇာတများဆိုင်ရာ ရပိုင်ခွင့်များကို လေးစားရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီးလိုအပ်မှုကို အသိအမှတ်ပြုလျက်၊

နိုင်ငံအစိုးရများနှင့် စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြုသဘောစီစဉ်မှုများ၌ အတည်ပြုထားသော ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို လေးစားရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီးလိုအပ်မှုကိုလည်း အသိအမှတ်ပြု လျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု တိုးတက်မြင့်မားရေးအတွက် လည်းကောင်း၊ မည်သည့်နေရာ၌မဆို ပေါ်ပေါက်သည့် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုသဏ္ဍာန်အားလုံးကို အဆုံးသတ်နိုင်ရန် အတွက်လည်းကောင်း မိမိတို့ဖာသာမိမိတို့ စည်းရုံးဖွဲ့စည်းနေကြခြင်း ဟူသောအချက်ကို ကြိုဆိုလျက်၊

ဌာနေတိုင်းရင်းသားတို့က မိမိတို့အပေါ်နှင့် မိမိတို့မြေယာ၊ နယ်မြေနှင့် သယံဇာတများအပေါ် ထိခိုက်မှုရှိသည့် ဖွံ့ဖြိုးဖြစ် ထွန်းမှုများကို ချုပ်ကိုင်ခြင်းက မိမိတို့ဖွဲ့စည်းပုံများ၊ ယဉ်ကျေးမှုဓလေ့များနှင့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်း ကြံ့ခိုင် စေနိုင်ပြီး မိမိတို့မျှော်မှန်းချက်များ လိုအပ်ချက်များနှင့်အညီ ဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်စေမည်ဟု အခိုင်အမာယုံကြည်လျက်၊

ဌာနေတိုင်းရင်းသားတို့၏ အသိပညာ၊ ယဉ်ကျေးမှုဓလေ့များနှင့် ရိုးရာစဉ်လာကျင့်ထုံးများကို လေးစားခြင်းဖြင့် အရှည်တည့် တံ့၍ တန်းတူညီမျှသည့် ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ကို မှန်ကန်သင့်လျော်စွာစီမံခန့်ခွဲရေးတို့အတွက် အကျိုးပြုမှုကို အသိအ မှတ်ပြုလျက်၊

ဌာနေတိုင်းရင်းသားတို့၏ မြေယာများ၊ နယ်မြေများ၌ စစ်မဲ့သွားစေခြင်းဖြင့် ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူမှုတိုး တက်ရေး၊ ဖွံ့ ဖြိုးရေးတို့အတွက်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့ပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီး စွာဆက်ဆံမှု များအတွက်လည်းကောင်း၊ အကျိုးပြုခြင်းကို အလေးထားလျက်၊

ဌာနေတိုင်းရင်းသားမိသားစုများနှင့် ရပ်ရွာများက မိမိတို့ကလေးသူငယ်များ ကလေးအခွင့်အရေးနှင့် ကိုက်ညီစွာ မွေးမြူ စောင့်ရှောက်ရေး၊ လေ့ကျင့် ပညာသင်ကြားပေးရေး၊ ကျန်းမာပျော်ရွှင်ရေးတို့အတွက် ဘုံတာဝန်ယူမှုကို ထိန်းသိမ်းနိုင်ခွင့် အား အထူးတလည်အသိအမှတ်ပြုလျက်၊

နိုင်ငံအစိုးရများနှင့် ဌာနေတိုင်းရင်းသားများအကြား စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြု သဘောစီစဉ် ဆောင်ရွက်မှုများသည်၊ အချို့သောအခြေအနေများတွင်၊ နိုင်ငံတကာမှ အာရုံကျပူပန်စရာ၊ စိတ်ဝင်စားစရာ၊ တာဝန်ယူစရာကိစ္စရပ်များဖြစ်နေမှုနှင့် နိုင်ငံတကာလက္ခဏာဆောင်မှုကို ဆင်ခြင်စဉ်းစားလျက်၊

စာချုပ်များ၊ သဘောတူညီချက်များ၊ အခြားအပြုသဘောစီစဉ်ဆောင်ရွက်မှုများနှင့် ယင်းတို့ကကိုယ်စားပြုသော ဆက်စပ်မှု သည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံအစိုးရများအကြား ခိုင်မာတောင့်တင်းသောပေါင်းဖက်မှု၏ အခြေခံ အုတ်မြစ် ဖြစ်မှုကို လည်း ဆင်ခြင်စဉ်းစားလျက်၊

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အားဖြင့် မိမိတို့၏ နိုင်ငံရေးအဆင့်အတန်းကို လွတ်လပ်စွာသတ်မှတ်ပြဋ္ဌာန်းနိုင်ကာ မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လွတ်လပ်စွာလိုက်စားကြံဆောင်နိုင်သဖြင့်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူချက်၊ နှင့် အရပ်ဖက် အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူချက်၊ ထို့အပြင် ဗီယင်နာကြေညာချက်နှင့် လုပ်ငန်း အစီအစဉ်တို့က လူမျိုးအားလုံးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အရင်းခံကျသောအရေးပါမှုကို အခိုင်အမာအတည်ပြု ထားခြင်းကို အသိအ မှတ်ပြုလျက်၊

မည်သည့်လူမျိုးဖြစ်စေ နိုင်ငံတကာဥပဒေနှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျင့်သုံးခြင်းအား ငြင်းပယ်ရာ၌ ဤကြေ ညာ စာတမ်းကိုအသုံးမချနိုင်စေရန် ရည်သန်လျက်၊

ဤကြေညာစာတမ်းပါ ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို အသိအမှတ်ပြုခြင်းက နိုင်ငံအစိုးရနှင့် ဌာနေတိုင်းရင်းသားလူမျိုးတို့အကြား တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးလေးစားမှု၊ မခွဲခြားဆက်ဆံမှုနှင့် စိတ်ကောင်းစေတနာရှိမှုတို့အပေါ်အခြေခံသည့်၊ သဟဇာတကျလျက် ပူးပေါင်းဆောင်ရွက်မှုရှိသောဆက်ဆံရေးများ အားကောင်းစေမည်ကို အခိုင် အမာယုံကြည်လျက်၊

နိုင်ငံအစိုးရများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်ဌာနများ အောက်၌ သက်ဆိုင်ရာလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်းခြင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားလူမျိုးတို့နှင့် သက်ဆိုင် သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆီးခြင်း၊ ထိရောက်စွာအကောင်အထည်ဖော်ခြင်း ပြုလုပ်ရန် အားပေးလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို မြှင့်တင်ရာနှင့် ကာကွယ်စောင့်ရှောက်ရာ၌ ကုလသမဂ္ဂသည် အရေးပါသည့် အခန်းမှ ဆက်လက်ပါဝင်ဆောင်ရွက်ရေးကို အလေးပေးလျက်၊

ဤကြေညာစာတမ်းသည် ဌာနေတိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများ လွတ်လပ်ခွင့်များကို အသိအမှတ်ပြု မြှင့်တင် ကာကွယ်ရာ၌လည်းကောင်း၊ ဤနယ်ပယ်၌ သက်ဆိုင်ရာကုလသမဂ္ဂစနစ်၏ လှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်စေရာ၌ လည်း ကောင်း နောက်ထပ်အရေးပါသည့် ရှေ့ခြေလှမ်းတခုဖြစ်ကြောင်း ယုံကြည်လျက်၊

ဌာနေတိုင်းရင်းသားတဦးချင်းသည် နိုင်ငံတကာဥပဒေမှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးအားလုံးနှင့် ခွဲခြားမှုမရှိဘဲ အကြုံးဝင်ကြောင်းနှင့် ဌာနေတိုင်းရင်းသားလူမျိုးများသည် လူမျိုးများအဖြစ် မိမိတို့၏ရပ်တည်ရေး၊ သာယာဝပြောရေးနှင့် တစုတစည်းတည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သော စုပေါင်းအခွင့်အရေးများ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုကာ ထပ်လောင်းအတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးတို့၏ အခြေအနေသည် ဒေသတခုနှင့်တခု တိုင်းပြည်တပြည်နှင့်တပြည် ကွဲပြားကြောင်းနှင့် အမျိုး သားရေး နယ်မြေဒေသရေးထူးခြားချက်များ၊ အမျိုးမျိုးသော သမိုင်းကြောင်းနောက်ခံနှင့် ယဉ်ကျေးမှု နောက်ခံများ၏ အရေး ပါ မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း လည်း အသိအမှတ်ပြုလျက်၊

အောက်ဖော်ပြပါ ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်းကို ပေါင်းသင်း ဆက်ဆံရေးနှင့် အပြန်အလှန်လေးစားရေးစိတ်ဓာတ်ဖြင့် ကျင့်သုံးဆောင်ရွက်၍ ထမြောက်အောင်မြင်စေရမည့်စံနှုန်းအဖြစ် လေးနက်တည် ကြည်စွာ ချမှတ်ကြေညာလိုက်သည်။

ပုဒ်မ ၁
ဌာနေတိုင်းရင်းသားလူမျိုးများ Indigenous peoples သည် အစုအပေါင်းတခုအဖြစ်သော်လည်းကောင်း၊ တဦးချင်းအဖြစ် သော်လည်းကောင်း ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့မှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့် အားလုံးကို အပြည့်အဝ ခံစားခွင့်ရှိသည်။

▪ ပုဒ်မ ၂
ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် လွတ်လပ်ပြီး အခြားလူမျိုးများ၊ အခြား လူတဦးချင်းများနှင့် တန်းတူဖြစ်သည်။ မိမိတို့၏အခွင့်အရေးများ၊ အထူးသဖြင့် ဌာနေတိုင်းရင်းဇာတိ သို့မဟုတ် ကိုယ်ပိုင် အမှတ်အသားလက္ခဏာအပေါ် အခြေခံသည့် အခွင့်အရေးများကျင့်သုံးရာတွင် မည်သည့်ခွဲခြားဆက်ဆံမှုမျိုးမဆိုမှ ကင်းလွတ်ခွင့်ရှိသည်။

▪ ပုဒ်မ ၃
ဌာနေတိုင်းရင်းသားလူမျိုးများ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်။ ယင်းအခွင့်အရေးအရ ၎င်းတို့သည် မိမိတို့၏ နိုင်ငံ ရေးအနေအထားကို လွတ်လပ်စွာသတ်မှတ်ပြဋ္ဌာန်းခွင့်ရှိပြီး မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးကို လွတ်လပ်စွာလိုက်စားကျင့်သုံးခွင့်ရှိသည်။

▪ ပုဒ်မ ၎
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးရာ၌ မိမိတို့၏ အတွင်းရေး၊ ဒေသန္တရရေးနှင့် ပတ်သက်သည့် အကြောင်းကိစ္စများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy သို့မဟုတ် ကိုယ်ပိုင်အစိုးရ ထားရှိခွင့် self-government ရှိသည့်အပြင် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန် နည်းလမ်းများ နည်းနာများအသုံးပြုခွင့်လည်းရှိသည်။

▪ ပုဒ်မ ၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှရွေးချယ်သည့်အတိုင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဘဝတွင် အပြည့်အဝပါဝင်ဆောင်ရွက်နိုင်ခွင့်ကို ထိန်းသိမ်းထားလျက် မိမိတို့၏သီးသန့် နိုင်ငံရေး၊ ဥပဒေရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဆောက်အအုံများကို ထိန်းသိမ်း ကြံ့ခိုင်အောင်လုပ်ပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၆
မည်သည့်ဌာနေတိုင်းရင်းသားတဦးချင်းမဆို လူမျိုးတမျိုး nationality အဖြစ် ခံယူခွင့်ရှိသည်။

▪ ပုဒ်မ ၇
၁။ ဌာနေတိုင်းရင်းသားတဦးချင်းသည် အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ ရုပ်ပိုင်း စိတ်ပိုင်းပြည့်စုံခိုင်မြဲပိုင်ခွင့်၊ လွတ်လပ် ခွင့်နှင့် ပုဂ္ဂိုလ်အရလုံခြုံမှုရပိုင်ခွင့်ရှိသည်။


၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် သီးခြားလူမျိုးများအဖြစ် လွတ်လပ် ငြိမ်းချမ်း လုံခြုံစွာ စုပေါင်းနေထိုင်ခွင့် ရှိပြီး အုပ်စုတွင်းမှကလေးငယ်များကို အခြားအုပ်စုဆီသို့ အတင်းအကြပ်ရွှေ့ပြောင်းပစ်ခြင်း အပါအဝင် မည်သို့သော လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် မည်သို့သောအခြားအကြမ်းဖက်မှုတို့ကိုမှ မခံရစေရ။

▪ ပုဒ်မ ၈
၁။ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် မိမိတို့ယဉ်ကျေးမှုကို အတင်းအကြပ် ဝါးမျိုသိမ်းသွင်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မခံရစေရန် အခွင့်အရေးရှိသည်။

၂။ နိုင်ငံအစိုးရများသည် အောက်ပါတို့ကို ကာကွယ်ရန်နှင့် လျော်ကြေးရရှိစေရန်အတွက် ထိရောက်သော ယန္တရားများ ဆောင်ကျဉ်းပေးရမည်။
(က) သီးသန့်လူမျိုးများအဖြစ် မိမိတို့၏တည်တံ့ခိုင်မြဲမှုကိုသော်လည်းကောင်း၊ မိမိတို့၏ယဉ်ကျေးမှုတန်ဖိုးများကို သော်လည်းကောင်း၊ တိုင်းရင်းသားကိုယ်ပိုင်အမှတ်လက္ခဏာများ ethnic identities ကိုသော်လည်းကောင်း ဆုံးရှုံးစေမည့် ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့်လုပ်ရပ်မဆို
(ခ) မိမိတို့၏မြေယာများ သို့မဟုတ် နယ်မြေများ သို့မဟုတ် သယံဇာတများ လက်မဲ့ဖြစ်စေမည့်ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့်လုပ်ရပ်မဆို
(ဂ) မိမိတို့၏အခွင့်အရေးတခုခုကို ဖောက်ဖျက်မည့် သို့မဟုတ် ပျက်ပြားစေမည့် ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့် အတင်းအကြပ် လူဦးရေရွှေ့ပြောင်းမှုသဏ္ဍာန်မဆို
(ဃ) မည်သည့် အတင်းအကြပ် ဝါးမျိုသိမ်းသွင်းမှု သို့မဟုတ် ပေါင်းစည်းမှုသဏ္ဍာန်မဆို
(င) မိမိတို့ကို ဆန့်ကျင်နေသည့် လူမျိုး racial ခွဲခြားရေး သို့မဟုတ် တိုင်းရင်းသား ethnic ခွဲခြားရေးကို အားပေးအားမြှောက် သို့မဟုတ် လှုံ့ဆော်နှိုးဆွသည့် မည်သည့်ဝါဒဖြန့်ချိရေးသဏ္ဍာန်မဆို

▪ ပုဒ်မ ၉
ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်း community သို့မဟုတ် အမျိုးသား nation ၏ ရိုးရာအစဉ်အလာများ ဓလေ့ထုံးစံများနှင့်အညီ ဌာနေတိုင်းရင်းသား ရပ်ရွာအသိုင်းအဝိုင်း သို့မဟုတ် အမျိုးသားတရပ်တွင် ပါဝင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးကို ကျင့်သုံးရာ၌ မည်သို့သော ခွဲခြားဆက်ဆံမှုမျိုးမှ မရှိစေရ။

ပုဒ်မ ၁ဝ
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မြေယာများ သို့မဟုတ် နယ်မြေများမှ အတင်းအကြပ်ဖယ်ရှားခံရခြင်း မရှိစေရ။ သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများမှ အချက်အလက်အပြည့်အစုံသိရှိပြီးနောက် လွတ်လပ်စွာကြိုတင် သဘောတူမှုမရှိဘဲနှင့်လည်းကောင်း၊ တရားမျှတ သင့်တော်သည့် အလျော်ပေးရေးသဘောတူညီချက် ရှိမထားဘဲနှင့် လည်းကောင်း၊ ဖြစ်နိုင်သည့်နေရာတိုင်းတွင် ပြန်လာနေထိုင်ခွင့်ပေးမထားဘဲနှင့်လည်းကောင်း နေရာရွှေ့ပြောင်းမှု မဖြစ်စေ ရ။

▪ ပုဒ်မ ၁၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့် ဓလေ့ထုံးစံများ ကျင့်သုံး ခွင့်၊ ပြန်လည်ရှင်သန်စေခွင့်ရှိသည်။ ဤအခွင့်အရေးထဲတွင် ရှေးဟောင်းနှင့် သမိုင်းဝင်နေရာများ၊ ပစ္စည်းများ၊ ဒီဇိုင်း လက်ရာများ၊ ပွဲလမ်းသဘင်များ၊ နည်းပညာများ၊ စက္ခုပသာဒအနုပညာများ၊ သရုပ်ဆောင်အနုပညာများနှင့် စာပေအနု ပညာ စသည့် မိမိတို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ယဉ်ကျေးမှုဖော်ပြချက်များကို ထိန်းသိမ်း ကာကွယ် ဖွံ့ဖြိုးစေခွင့် ပါဝင်သည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုဆိုင်ရာ၊ အသိပညာဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနှင့် နာမ်ပိုင်း ဆိုင်ရာပိုင်ဆိုင်မှုတို့ကို ၎င်းတို့မှ အချက်အလက်အပြည့်အစုံသိရှိပြီးနောက် လွတ်လပ်စွာကြိုတင်သဘောတူချက် မရှိဘဲ သော်လည်းကောင်း၊ ၎င်းတို့၏ ဥပဒေများ၊ ရိုးရာစဉ်လာများနှင့် ဓလေ့ထုံးစံများကို ဖောက်ဖျက်၍သော်လည်းကောင်း ယူငင်သွားခဲ့မှုနှင့်ပတ်သက်ပြီး ဌာနေတိုင်းရင်းသားများနှင့် တွဲဖက်ဖော်ထုတ်ထားသည့် ပြန်လည်အပ်နှံခြင်း အပါအဝင် ထိရောက်သောယန္တရားစနစ်များအားဖြင့် နိုင်ငံအစိုးရတို့က အလျော်ပေးရမည်။

▪  ပုဒ်မ ၁၂
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ နာမ်ပိုင်းနှင့် ဘာသာရေးအစဉ်အလာများ၊ ဓလေ့ထုံးတမ်းများ နှင့် ပွဲလမ်းသဘင်များ ဖော်ထုတ်ခွင့်၊ ကျင့်သုံးခွင့်၊ ဖွံ့ဖြိုးစေခွင့်နှင့် သင်ကြားပို့ချခွင့်ရှိသည်။ မိမိတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုနေရာဌာနများကို ထိန်းသိမ်းခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် တသီးတသန့်လွတ်လပ်စွာသုံးစွဲခွင့်ရှိသည်။ မိမိတို့၏ လူသားရုပ်ကြွင်းများကို ဇာတိမြေပြန်ပို့ခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်ဖော်ထုတ်ထားသော မျှတ ပွင့်လင်း ထိရောက်သည့် ယန္တရားစနစ်များအားဖြင့် နိုင်ငံအစိုးရလက်ဝယ်ရှိ ဌာနေတိုင်းရင်းသား ပွဲလမ်းသဘင်ပစ္စည်းများ နှင့် လူသားရုပ်ကြွင်းများ ကိုင်တွယ်သုံးစွဲနိုင်ရေး နှင့်/သို့မဟုတ် ဇာတိမြေပြန်ပို့နိုင်ရေးကို ဖြစ်မြောက်နိုင်ရန် ကြိုးပမ်းရ မည်။

▪ ပုဒ်မ ၁၃
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏သမိုင်းများ၊ ဘာသာစကားများ၊ ပါးစပ်ရာဇဝင်ထုံးတမ်းစဉ်လာ များ၊ ဒဿနများ၊ စာရေးသားမှုစနစ်များနှင့် စာပေများအား ပြန်လည်ရှင်သန်စေခွင့်၊ အသုံးပြုခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အနာဂတ်မျိုးဆက်များသို့ဖြန့်ချိခွင့် ရှိသည်။ ရပ်ရွာများ၊ နေရာဒေသများနှင့် လူပုဂ္ဂိုလ်များအတွက် မိမိတို့၏ကိုယ်ပိုင် အမည်များကို ဖော်ထုတ်ခွင့် ထိန်းသိမ်းခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် ဤအခွင့်အရေးအား အသေအချာကာကွယ်စောင့်ရှောက်ရန် ထိရောက်သည့်အစီ အမံများ ဆောင်ရွက်ရမည်။ ထို့အပြင် ဌာနေတိုင်းရင်းသားတို့သည် နိုင်ငံရေး၊ ဥပဒေရေးနှင့် အုပ်ချုပ်ရေး ဆောင်ရွက်မှု တို့ကို နားလည်နိုင်ရန်နှင့် နားလည်ခံနိုင်ရန်အတွက်လည်း လိုအပ်သည့်နေရာတိုင်း၌ ဘာသာပြန်မှု ဆောင်ရွက်ပေးခြင်း သို့မဟုတ် အခြားသင့်တော်သည့်နည်းလမ်းများဖြင့် အာမခံရမည်။

▪ ပုဒ်မ ၁၄
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ သင်ကြားရေး သင်ယူရေးဆိုင်ရာ ယဉ်ကျေးမှုနည်းလမ်းများနှင့် ကိုက်ညီလျက် မိမိတို့ဘာသာစကားများဖြင့် ပညာသင်ကြားပေးနေသည့် ပညာရေးစနစ်များ အဆောက်အအုံများကို ထူထောင်ခွင့် ထိန်းချုပ်ခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားတဦးချင်း၊ အထူးသဖြင့် ကလေးသူငယ်များသည် ခွဲခြားဆက်ဆံခံရမှုမရှိဘဲ နိုင်ငံ့ပညာရေး အဆင့်အားလုံး သဏ္ဍာန်အားလုံးကို ခံယူခွင့်ရှိသည်။

၃။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်၍၊ မိမိရပ်ရွာအသိုင်းအဝိုင်းပြင်ပ၌ နေထိုင် နေသူများအပါအဝင် ဌာနေတိုင်းရင်းသားတဦးချင်း၊ အထူးသဖြင့် ကလေးသူငယ်များအတွက် ဖြစ်နိုင်သည့်အချိန်တိုင်းတွင် မိမိကိုယ်ပိုင်ယဉ်ကျေးမှုအောက်မှ မိမိကိုယ်ပိုင်ဘာသာစကားဖြင့်သင်ကြားသည့် ပညာရေးကို ခံယူနိုင်ရန် ထိရောက်သည့် အစီအမံများ လုပ်ဆောင်ရမည်။

▪ ပုဒ်မ ၁၅
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ ယဉ်ကျေးမှုဓလေ့များ၊ ထုံးတမ်းစဉ်လာများ၊ သမိုင်းများနှင့် မျှော်မှန်းချက်များကို ဂုဏ်သိက္ခာရှိစွာနှင့် ထွေပြားစုံလင်စွာ ခံယူခွင့်ရှိပြီး ပညာရေးနှင့် လူထုသတင်းပြန်ကြားရေးပိုင်းတွင် သင့်လျော်စွာထင်ဟပ်စေရမည်။

၂။ နိုင်ငံအစိုးရများသည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကာ အာဃာတတရား တိုက်ဖျက်ရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် လူ့အဖွဲ့အစည်း၏ အခြားအစိတ်အပိုင်း အားလုံးအတွင်း သည်းခံခွင့်လွှတ်မှု နားလည်မှုနှင့် ဆက်ဆံရေးကောင်းများ မြှင့်တင်ရေးအတွက် ထိရောက်သည့်အစီအမံများ လုပ်ဆောင်ရမည်။

▪ ပုဒ်မ ၁၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ကိုယ်ပိုင်ဘာသာစကားများဖြင့် မိမိတို့ကိုယ်ပိုင်မီဒီယာ ထူထောင် ခွင့်၊ ဌာနေတိုင်းရင်းသားမဟုတ်သောမီဒီယာကို ခွဲခြားဆက်ဆံခံရမှုမရှိဘဲ အသုံးပြုခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရပိုင်မီဒီယာများသည် ဌာနေတိုင်းရင်းသားယဉ်ကျေးမှု၏ ထွေပြားစုံလင်မှုကို ထိုက်သင့်သည့် အတိုင်း အသေအချာထင်ဟပ်စေဖို့ နိုင်ငံအစိုးရများက ထိရောက်သည့်အစီအမံများ ဆောင်ရွက်ရမည်။ နိုင်ငံအစိုးရများ သည် လွတ်လပ်စွာဖော်ပြခွင့်ကို မထိခိုက်စေဘဲ ပုဂ္ဂလိကပိုင်မီဒီယာများအနေဖြင့် ဌာနေတိုင်းရင်းသားယဉ်ကျေးမှု၏ ထွေပြားစုံလင်မှုကို အလုံအလောက်ထင်ဟပ်စေရန် အားပေးရမည်။

▪ ပုဒ်မ ၁၇
၁။ ဌာနေတိုင်းရင်းသားတဦးချင်းများနှင့်လူမျိုးများသည် အကျုံးဝင်သည့် နိုင်ငံတကာအလုပ်သမားဥပဒေနှင့် ပြည်တွင်းအလုပ်သမားဥပဒေတို့အောက်၌ သတ်မှတ်ထားသည့်အခွင့်အရေးအားလုံး အပြည့်အဝခံစားခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် ကလေးသူငယ်များ၏ အထူးထိခိုက်လွယ်မှုနှင့် ၎င်းတို့စွမ်းအားမြှင့်နိုင်မည့် ပညာရေး၏အရေးပါမှု တို့ကို ထည့်သွင်းစဉ်းစားကာ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ၍ ဌာနေတိုင်းရင်းသား ကလေးသူငယ်များ စီးပွားရေးအရ ခေါင်းပုံဖြတ်သွေးစုတ်ခံရခြင်းမှလည်းကောင်း၊ အန္တရာယ်ရှိနိုင် သည့် သို့မဟုတ် ကလေး ၏ပညာရေးကို အနှောင့်အယှက်ဖြစ်နိုင်သည့် သို့မဟုတ် ကလေး၏ကျန်းမာရေး၊ ရုပ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ နာမ်ပိုင်း၊ စာရိတ္တပိုင်း၊ လူမှုရေးပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည့် မည်သည့်အလုပ်မဆို လုပ်ကိုင်ခြင်းမှ လည်းကောင်း၊ ကာကွယ်စောင့် ရှောက်နိုင်ရန် အထူးသီးသန့်အစီအမံများ ဆောင်ရွက်ရမည်။

၃။ ဌာနေတိုင်းရင်းသားတဦးချင်းသည် အလုပ်ခွင်အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်အကိုင်ရရှိမှု သို့မဟုတ် လုပ်ခလစာနှင့်ပတ်သက်၍လည်းကောင်း မည်သည့်ခွဲခြားဆက်ဆံမှုကိုမှ မခံရပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၁၈
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အခွင့်အရေးများ ထိခိုက်မည့်အရေးကိစ္စများ၌ ဆုံးဖြတ်ချက်ချရာတွင် မိမိတို့ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့ကိုယ်တိုင်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များမှတဆင့် ပါဝင်ခွင့်ရှိ သည်။ ထိုမျှသာမက မိမိတို့ကိုယ်ပိုင် ဌာနေတိုင်းရင်းသား ဆုံးဖြတ်ချက်ချအဆောက်အအုံများကို ထားရှိထိန်းသိမ်းခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေခွင့်လည်းရှိသည်။

▪ ပုဒ်မ ၁၉
နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများကို ထိခိုက်စေနိုင်သည့် ဥပဒေပြုပိုင်းအစီအမံများ သို့မဟုတ် အုပ်ချုပ်ရေးပိုင်းအစီအမံများ ချမှတ် အကောင်အထည်ဖော်ခြင်းမပြုမီ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင် ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ‚င်းတို့၏ သတင်းအချက်အလက်စုံသိရှိထားပြီးနောက် လွတ်လပ်စွာကြိုတင် သဘောတူချက်ကို ရရှိနိုင်ရန် ယင်းဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂ဝ
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များ သို့မဟုတ် အဆောက်အအုံများကို ထိန်းသိမ်းထားရှိခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေခွင့်ရှိသည်။ မိမိတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိုယ်ပိုင်နည်းလမ်းများကို ခိုင်ခိုင်မာမာ ခံစားခွင့်ရှိသည်။ မိမိတို့၏ ရိုးရာစဉ်လာလှုပ်ရှားမှုများ၊ အခြားစီးပွားရေးလှုပ်ရှားမှုများ အားလုံးကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည်။

၂။ မိမိတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းလမ်းများမှ ဖယ်ရှားခံရသော ဌာနေ တိုင်းရင်းသား လူမျိုးများသည် တရားမျှတ သင့်တော်သည့် အလျော်ပေးမှုကို ရပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၂၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် ပညာရေး၊ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် မွမ်းမံ သင်တန်း၊ အိုးအိမ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် လူမှုလုံခြုံရေးအပါအဝင် မိမိတို့၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ တိုးတက်မြင့်မားအောင် ခွဲခြားဆက်ဆံမှုမခံရစေဘဲ လုပ်ပိုင်ခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် မိမိတို့၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ အသေအချာ အဆက်မပြတ် တိုးတက် မြင့်မားစေနိုင်ရန် ထိရောက်သည့်အစီအမံများနှင့် သင့်လျော်သည့်နေရာတို့တွင် အထူးအစီအမံများ ချမှတ်ရမည်။ ဌာနေ တိုင်းရင်သား သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် မစွမ်းမသန်များ၏ အခွင့်အရေး များနှင့် အထူးလိုအပ်ချက်များကို အထူးအာရုံစိုက်ရမည်။

▪ ပုဒ်မ ၂၂
၁။ ဤကြေညာစာတမ်းကို အကောင်အထည်ဖော်ကျင့်သုံးရာ၌ ဌာနေတိုင်းရင်းသား သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် မစွမ်းမသန်များ၏ အခွင့်အရေးများနှင့် အထူးလိုအပ်ချက်များကို အထူးအာရုံစိုက်ရမည်။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့်တွဲဖက်၍ ဌာနေတိုင်းရင်းသားအမျိုးသမီးများနှင့် ကလေးသူငယ်များအနေဖြင့် အကြမ်းဖက်မှုသဏ္ဍာန်အားလုံးနှင့် ခွဲခြားဆက်ဆံမှုသဏ္ဍာန်အားလုံးမှ အပြည့်အဝကာကွယ် စောင့်ရှောက်ခံနိုင်ရေးနှင့် အာမခံရေးကို သေချာအောင် အစီအမံများချမှတ်ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂၃
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ဖွံ့ဖြိုးတိုးတက်ခွင့်အား ကျင့်သုံးရန်အတွက် ဦးစားပေးအစီအစဉ် များနှင့် မဟာ ဗျူဟာများ သတ်မှတ်ပြဋ္ဌာန်းခွင့်နှင့် ဖော်ထုတ်ဖွံ့ဖြိုးစေခွင့်ရှိသည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားလူမျိုး များသည် မိမိတို့ အပေါ် အကျိုးသက်ရောက်မှုရှိသည့် ကျန်းမာရေး၊ အိုးအိမ်နှင့် အခြားစီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်များ ဖော်ထုတ်ဖွံ့ဖြိုး စေရာ၌လည်းကောင်း၊ သတ်မှတ်ပြဋ္ဌာန်းရာ၌လည်းကောင်း၊ ဖြစ်နိုင်ပါက မိမိတို့ကိုယ်ပိုင်အဆောက်အအုံ ဌာနများမှတဆင့် ယင်းလုပ်ငန်းစဉ်များကို စီမံအုပ်ချုပ်ရာ၌လည်းကောင်း အင်တိုက်အားတိုက် ပါဝင်ပတ်သက်ခွင့်ရှိသည်။

▪ ပုဒ်မ ၂၄
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ အသက်သွေးကြောဖြစ်သည့်ပရဆေးပင်များ၊ တိရစ္ဆာန်များနှင့် သတ္တုများ ထိန်းသိမ်းရေးအပါအဝင် မိမိတို့၏ ရိုးရာစဉ်လာဆေးဝါးများသုံးစွဲခွင့်၊ မိမိတို့၏ကျန်းမာရေးလုပ်ထုံးလုပ်နည်း ကျင့်စဉ်များကို ထိန်းသိမ်းထားခွင့်ရှိသည်။ ဌာနေတိုင်းရင်းသားတဦးချင်းအနေဖြင့်လည်း လူမှုရေးဝန်ဆောင်မှုအားလုံး ကျန်းမာရေးဝန် ဆောင်မှုအားလုံးကို ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ အသုံးပြုခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားတဦးချင်းသည် ဖြစ်နိုင်သမျှအမြင့်ဆုံး ရုပ်ပိုင်း စိတ်ပိုင်းကျန်းမာရေးကို တန်းတူရည်တူ ခံစားခွင့်ရှိသည်။ ဤအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ရန်အတွက် နိုင်ငံအစိုးရများသည် တဖြည်းဖြည်းတိုးတက် ဖြစ်မြောက်ရေးရည်မှန်းချက်ဖြင့် လိုအပ်သည့်ခြေလှမ်းများ လှမ်းရမည်။

▪ ပုဒ်မ ၂၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ရိုးရာစဉ်လာအရ ပိုင်ဆိုင်ထားသည့် သို့မဟုတ် တနည်းနည်းဖြင့် ရယူ အသုံးပြုထားသည့် မြေယာများ၊ နယ်မြေများ၊ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများ၊ အခြားသယံ ဇာတများနှင့် ထူးခြားသည့်နာမ်ပိုင်းဆက်ဆံရေးကို ထိန်းသိမ်းထားရှိခွင့်နှင့် ကြံ့ခိုင်တောင့်တင်းစေခွင့်ရှိသည်။ ဤကိစ္စနှင့် ပတ်သက်၍ အနာဂတ်မျိုးဆက်သစ်များအတွက် မိမိတို့၏တာဝန်ရှိမှုကို ကိုင်စွဲထားခွင့်ရှိသည်။

▪ ပုဒ်မ ၂၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ ရိုးရာစဉ်လာအရ ပိုင်ဆိုင် ရယူ သို့မဟုတ် တနည်းနည်းဖြင့် အသုံးပြု ရရှိထားသည့် မြေယာများ၊ နယ်မြေများ၊ သယံဇာတများကို ပိုင်ဆိုင်သုံးစွဲခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ ရိုးရာစဉ်လာပိုင်ဆိုင်မှု သို့မဟုတ် အခြားရိုးရာစဉ်လာရယူမှု အသုံးပြုမှုအားဖြင့် လည်းကောင်း၊ အခြားတနည်းနည်းနှင့် ရရှိထားခြင်းအားဖြင့်လည်းကောင်း ပိုင်ဆိုင်ထားသည့် မြေယာ များ၊ နယ်မြေများ၊ သယံဇာတများကို ပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်၊ ဖော်ထုတ်ဖွံ့ဖြိုးခွင့်နှင့် ချုပ်ကိုင်ခွင့်ရှိသည်။

၃။ နိုင်ငံအစိုးရများသည် ဤမြေယာများ၊ နယ်မြေများ၊ သယံဇာတများကို ဥပဒေအရ အသိအမှတ်ပြု ကာကွယ် စောင့် ရှောက်ပေးရမည်။ ယင်းသို့အသိအမှတ်ပြုရာတွင် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများ၊ ရိုးရာစဉ်လာများနှင့် မြေပိုင်ဆိုင်မှုစနစ်များအား ထိုက်သင့်စွာလေးစားလျက် ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂၇
နိုင်ငံအစိုးရများသည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်၍၊ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ဥပဒေများ၊ ရိုးရာစဉ်လာများ၊ ဓလေ့ထုံးစံများနှင့် မြေယာပိုင်ဆိုင်မှုစနစ်များကို ထိုက်သင့်စွာ အသိအမှတ်ပြုလျက်၊ အစဉ် အလာအရ ပိုင်ဆိုင်ခဲ့သည့် သို့မဟုတ် တနည်းနည်းဖြင့် ရယူ သို့မဟုတ် အသုံးပြုထားသည့် မြေယာ၊ နယ်မြေ၊ သယံ ဇာတများအပါအ၀င် ၎င်းတို့၏ မြေယာများ၊ နယ်မြေများ၊ သယံဇာတများနှင့်ပတ်သက်သည့် အခွင့်အရေးများကို အသိ အမှတ်ပြုနိုင်ရန်နှင့် အဆုံးအဖြတ်ပေးစီရင်ချက်ချနိုင်ရန် တရားမျှတ လွတ်လပ်၍ ဘက်မလိုက်ဘဲ ပွင့်လင်းပြီး ထင်သာ မြင်သာသည့် ဖြစ်စဉ်တရပ် ထူထောင် အကောင်အထည်ဖော်ရမည်။ ဌာနေတိုင်းရင်းသားလူမျိုးများသည် ဤဖြစ်စဉ်၌ ပါဝင်ဆောင်ရွက် ခွင့်ရှိရမည်။

▪ ပုဒ်မ ၂၈
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ် သည့် ကြိုတင်သဘောတူညီချက်မရှိဘဲ သိမ်းပိုက် ယူငင် ရယူ အသုံးပြု ဖျက်ဆီးခံရသည့်၊ မိမိတို့ အစဉ်အလာအရ ပိုင်ဆိုင်ခဲ့သော သို့မဟုတ် တနည်းနည်းဖြင့် ရယူထား သို့မဟုတ် အသုံးပြုနေသော မြေယာများ၊ နယ်မြေများ၊ သယံဇာတ များအတွက် အလျော်အစားပြန်ရခွင့်ရှိသည်။ အလျော်အစားထဲတွင် ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ဤသို့မဖြစ်နိုင်ပါက သင့်လျော် တရားမျှတသည့် လျော်ကြေးပေးခြင်း ပါဝင်သည်။

၂။ သက်ဆိုင်ရာလူမျိုးများမှ အခြားနည်းတနည်းနည်းကို လွတ်လပ်စွာသဘောတူထားမှု မရှိပါက လျော်ကြေးပေးမှုသည် အရည်အသွေး၊ အရွယ်အစားနှင့် ဥပဒေအဆင့်အတန်းအရ တူညီသော မြေယာများ၊ နယ်မြေများ၊ သယံ ဇာတများ ပုံ သဏ္ဌာန်ဖြင့်သော်လည်းကောင်း၊ ငွေကြေးအရ လျော်ကြေးပေးခြင်းပုံသဏ္ဌာန်ဖြင့်သော်လည်းကောင်း၊ အခြား သင့်လျော် ရာ အလျော်အစားပုံသဏ္ဌာန်ဖြင့်သော်လည်းကောင်း ဖြစ်ရမည်။

▪ ပုဒ်မ ၂၉
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် သဘာဝပတ်ဝန်းကျင်နှင့် မိမိတို့၏မြေယာများ သို့မဟုတ် နယ်မြေများနှင့် သယံဇာတများ၏ ထုတ်လုပ်ရေးစွမ်းရည်ကို ထိန်းသိမ်းခွင့် ကာကွယ်စောင့်ရှောက်ခွင့်ရှိသည်။ ယင်းသို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများအတွက် အထောက်အကူပေးလုပ်ငန်းစဉ်များကို ခွဲခြားဆက်ဆံမှုမရှိဘဲ ထူထောင် အကောင်အထည်ဖော်ရမည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးတို့မှ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ်သည့် ကြိုတင် သဘောတူညီ ချက်မရှိဘဲ ၎င်းလူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများတွင် ဘေးအန္တရာယ်ရှိပစ္စည်းများ သိုလှောင် ခြင်း သို့မဟုတ် စွန့်ပစ်ခြင်း မပြုလုပ်ရန် နိုင်ငံအစိုးရတို့က ထိရောက်သည့် အစီအမံများ အသေအချာ ဆောင်ရွက်ရမည်။

၃။ ယင်းသို့သော ဓာတ်ပစ္စည်းများ၏ ထိခိုက်မှုခံရသည့် ဌာနေတိုင်းရင်းသားလူမျိုးတို့ကျန်းမာရေးကို စောင့် ကြည့်စစ်ဆေး ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ကောင်းမွန်ရေးအတွက် ၎င်းလူမျိုးတို့ ဖော်ထုတ်ဖွံ့ဖြိုးထားကာ အကောင် အထည်ဖော်နေသည့် လုပ်ငန်းစဉ်များ ထိုက်သင့်စွာအကောင်အထည်ဖော်မှုအား သေချာစေရန် နိုင်ငံအစိုးရတို့ က ထိရောက်သည့်အစီအမံများ လိုအပ်သလိုဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၀
၁။ သက်ဆိုင်သည့် အများပြည်သူ့အကျိုးစီးပွားအရ သင့်လျော်ကြောင်း မပြနိုင်ပါက သို့မဟုတ် သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားလူမျိုးတို့နှင့် တနည်းနည်းဖြင့် လွတ်လပ်စွာသဘောတူထားခြင်း သို့မဟုတ် တောင်းခံခြင်းမရှိပါက ဌာနေတိုင်းရင်းသား လူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်ရ။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားတို့၏ မြေယာများ သို့မဟုတ် နယ်မြေများကို စစ်ရေးလှုပ်ရှားမှုများ အတွက် အသုံးမပြုမီ သက်ဆိုင်ရာဌာနေတိုင်းရင်းသားများနှင့် သင့်လျော်သည့်လုပ်ထုံးလုပ်နည်းများအားဖြင့်၊ အထူး သဖြင့် ၎င်းတို့၏ ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ထိထိရောက်ရောက် တိုင်ပင်ညှိနှိုင်းခြင်း ပြုရမည်။

▪ ပုဒ်မ ၃၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာစဉ်လာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြ ချက်များကို ထိန်းသိမ်းခွင့်၊ ထိန်းချုပ်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ဖော်ထုတ်ဖွံ့ဖြိုးခွင့်ရှိသည်။ ထို့အပြင် မိမိတို့၏ လူသားရင်းမြစ်များ၊ မျိုးရိုးဗီဇရင်းမြစ်များ၊ မျိုးစေ့များ၊ ဆေးဝါးများ၊ အပင်နှင့်တိရစ္ဆာန်တို့၏ ဂုဏ်သတ္တိများဆိုင်ရာ အသိပညာ၊ ဒီဇိုင်းလက်ရာများ၊ အားကစားနှင့် ရိုးရာကစားနည်းများ၊ စက္ခုပသာဒအနုပညာများနှင့် သရုပ်ဆောင် အနုပညာများ အပါအ၀င် သိပ္ပံပညာ၊ နည်းပညာနှင့် ယဉ်ကျေးမှုဖော်ပြချက်များကိုလည်း ထိန်းသိမ်း ချုပ်ကိုင် စောင့်ရှောက် ဖွံ့ဖြိုးခွင့်ရှိသည်။ ယင်းသို့သော ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြချက်များ အတွက် အသိဉာဏ် ပညာပစ္စည်းပိုင်ဆိုင်မှုကို ထိန်းသိမ်း ချုပ်ကိုင် စောင့်ရှောက် ဖွံ့ဖြိုးခွင့်လည်းရှိသည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများက ဤအခွင့်အရေးများကျင့်သုံးမှုကို အသိအမှတ်ပြုနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံအစိုးရများက ၎င်းလူမျိုးများနှင့်တွဲဖက်၍ ထိရောက်သောအစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၂
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မြေယာများ သို့မဟုတ် နယ်မြေများနှင့် အခြားသယံဇာတများ ဖွံ့ဖြိုးစေရေး သို့မဟုတ် အသုံးချရေးအတွက် ဦးစားပေးလုပ်ငန်းများ မဟာဗျူဟာများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန်နှင့် ဖော်ထုတ်ဖွံ့ဖြိုးစေရန် အခွင့်အရေးရှိသည်။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများနှင့် အခြားသယံဇာတများအပေါ် အကျိုးသက်ရောက်မှုရှိသည့် မည်သည့်စီမံကိန်းလုပ်ငန်းမဆို၊ အထူးသဖြင့် သတ္တု၊ ရေနှင့် အခြားရင်းမြစ်များ ဖော်ထုတ် ဖွံ့ဖြိုးရေး၊ အသုံးပြုရေး၊ အသုံးချရေးနှင့် ပတ်သက်၍ အတည်မပြုမီ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့က သတင်းအချက် အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ်သည့်သဘောတူညီချက် ရယူနိုင်ရန်အတွက် ၎င်းတို့ကိုယ်ပိုင် ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ယင်းတိုင်းရင်းသားလူမျိုးတို့နှင့် စိတ်ရင်းစေတနာဖြင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်။

၃။ နိုင်ငံအစိုးရများသည် ယင်းသို့သောလုပ်ဆောင်မှုများအားလုံးအတွက် တရားမျှတသည့် အလျော်ပေးမှုများ လုပ်နိုင်ရန် ထိရောက်သည့် ယန္တရားစနစ်များ ထားရှိရမည်။ ဆိုးဝါးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာရိုက်ခတ်မှု၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု သို့မဟုတ် နာမ်ပိုင်းဆိုင်ရာရိုက်ခတ်မှု လျော့ပါးစေရန် သင့်လျော်သည့်အစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၃
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ဓလေ့ထုံးစံများ ရိုးရာစဉ်လာများနှင့်အညီ မိမိတို့၏ ကိုယ်ပိုင်အမှတ်အသား လက္ခဏာ identity သို့မဟုတ် လူမျိုးဖြစ်မှု membership ကို သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့ မိမိတို့နေထိုင်ရာနိုင်ငံများ၏ နိုင်ငံသား citizenship ဖြစ်ခွင့်ကို အဟန့်အတား မဖြစ်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အဆောက်အအုံများ၏ ဖွဲ့စည်းမှုနှင့် အဖွဲ့ဝင်ဖြစ်မှုကို မိမိတို့ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိသည်။

▪ ပုဒ်မ ၃၄
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အဆောက်အအုံဖွဲ့စည်းပုံများ၊ မိမိတို့၏ ထူးခြားသည့် ဓလေ့ထုံးစံများ၊ နာမ်ပိုင်း ယုံကြည်မှုများ၊ ရိုးရာအစဉ်အလာများ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ထုံးများကိုလည်းကောင်း၊ တရားစီရင်ရေးစနစ် သို့မဟုတ် ဓလေ့ထုံးစံများ တည်ရှိနေသည့်နေပါကလည်းကောင်း ယင်းတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့်အညီ မြှင့်တင် ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ထိန်းသိမ်းခွင့် ရှိသည်။

▪ ပုဒ်မ ၃၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့လူမှုအဆောက်အအုံအပေါ် တဦးချင်းမှ တာဝန်ရှိမှုများကို သတ်မှတ်ပြဋ္ဌာန်း ခွင့်ရှိသည်။

ပုဒ်မ ၃၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများ၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်များဖြင့် ပိုင်းခြားခံထားရသည့် လူမျိုးများ သည် နယ်စပ်မျဉ်းတဖက်ရှိ မိမိတို့လူမျိုးအချင်းချင်းနှင့်လည်းကောင်း၊ အခြားလူမျိုးများနှင့်လည်းကောင်း နာမ်ပိုင်း၊ ယဉ်ကျေးမှုပိုင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရည်ရွယ်ချက်များအတွက် လှုပ်ရှားမှုများ အပါအ၀င် အဆက်အသွယ်များ၊ ဆက်စပ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းထားရှိခွင့် ဖော်ထုတ်ဖွံ့ဖြိုးခွင့်ရှိသည်။

၂။ ဤအခွင့်အရေးကို အကောင်အထည်ဖော် ကျင့်သုံးခြင်းနှင့် အာမခံခြင်းကို အဆင်ပြေချောမွေ့စေရန် နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကာ ထိရောက်သည့်အစီအမံများ ဆောင်ရွက်ထား ရှိရမည်။

▪ ပုဒ်မ ၃၇
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံအစိုးရများ၊ ဆက်ခံသူအစိုးရများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ၊ သဘောတူ ညီချက်များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များကို အသိအမှတ်ပြုခွင့်၊ စောင့်ထိန်းလိုက်နာခွင့်၊ ကြပ်မတ်အကောင်အထည်ဖော်ခွင့်ရှိပြီး နိုင်ငံအစိုးရများဘက်မှလည်း ယင်းသို့သော စာချုပ်များ၊ သဘောတူညီချက် များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များကို လေးစားလိုက်နာစေခွင့်ရှိသည်။

၂။ စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များတွင် ပါရှိသည့် ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို ဤကြေညာစာတမ်းကြောင့် လျော့ပါး ပယ်ဖျက်ရာရောက်အောင် အဓိပ္ပာယ်မဖွင့်စေရ။

▪ ပုဒ်မ ၃၈
နိုင်ငံအစိုးရများသည် ဤကြေညာစာတမ်း၏ရည်မှန်းချက်များ ထမြောက်စေနိုင်ရန် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင် ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်၍ ဥပဒေပြုလုပ်ငန်းအစီအမံများအပါအဝင် သင့်လျော်သည့်အစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၉
ဌာနေတိုင်းရင်းသားလူမျိုးများသည် ဤကြေညာစာတမ်းပါအခွင့်အရေးများကို ရရှိခံစားနိုင်ရန် နိုင်ငံအစိုးရများထံမှလည်းကောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတဆင့်လည်းကောင်း ဘဏ္ဍာရေးနှင့် နည်းပညာအထောက်အပံ့ ရယူအသုံးပြုခွင့် ရှိ သည်။

▪ ပုဒ်မ ၄၀
ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံအစိုးရများ သို့မဟုတ် အခြားအစုများနှင့် ပဋိပက္ခများ အငြင်းပွားမှုများ ဖြေရှင်းရန် တရားမျှတသည့်လုပ်ထုံးလုပ်နည်းများအားဖြင့် အမြန်ဆုံး အဆုံးအဖြတ်ရယူပိုင်ခွင့်နှင့် မိမိတို့၏ တဦးချင်းနှင့် စုပေါင်းအခွင့် အရေးများ ချိုးဖောက်ခံရမှုအားလုံးအတွက် ထိရောက်သည့်ဖြေရှင်းချက်များ ရယူပိုင်ခွင့်ရှိသည်။ ယင်းသို့သော ဆုံးဖြတ်ချက် တရပ်သည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများ၊ ရိုးရာစဉ်လာများ၊ စည်းမျဉ်း စည်းကမ်းများနှင့် တရားရေးစနစ်များကိုလည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးများကိုလည်းကောင်း ထိုက်သင့်စွာထည့် သွင်းစဉ်းစားမှုပြု ရမည်။

▪ ပုဒ်မ ၄၁
ကုလသမဂ္ဂစနစ်ကြီး၏ အဖွဲ့အစည်းများနှင့် အထူးပြုအေဂျင်စီများ၊ အခြားအစိုးရစုံ အဖွဲ့အစည်းများသည် ဤ ကြေညာစာ တမ်းပါပြဋ္ဌာန်းချက်များ အပြည့်အဝဖြစ်မြောက်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာကူညီပံ့ပိုးမှုအပါအဝင် နည်းလမ်း များ ဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်။ ဌာနေတိုင်းရင်းသားလူမျိုးတို့အပေါ် သက်ရောက်မှုရှိသည့် အရေးကိစ္စများ တွင် ၎င်းလူမျိုးတို့ အသေအချာပါဝင်ဆောင်ရွက်စေမည့် နည်းလမ်းများ နည်းနာများကို ထူထောင်ရမည်။

▪ ပုဒ်မ ၄၂
ကုလသမဂ္ဂ၊ ဌာနေတိုင်းရင်းသားရေးရာအမြဲတမ်းစုရပ် Permanent Forum on Indigenous Issues အပါအ၀င် ကုလသမဂ္ဂ အဖွဲ့များ၊ နိုင်ငံအဆင့်ဌာနများအပါအ၀င် အထူးပြုအေဂျင်စီများနှင့် နိုင်ငံအစိုးရများသည် ဤကြေညာစာတမ်းပါ ပြဋ္ဌာန်း ချက်များကို လေးစားရေးနှင့် အပြည့်အဝကျင့်သုံးရေးကို အားပေးမြှင့်တင်ရမည်။ ဤကြေညာစာတမ်း၏ ထိရောက်မှု အကျိုးဆက်ကို ဆက်လက်လေ့လာ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၄၃
ဤစာတမ်းတွင် အသိအမှတ်ပြုထားသည့် အခွင့်အရေးများသည် ကမ္ဘာပေါ်မှ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ရှင်သန်ရပ် တည်မှု၊ ဂုဏ်သိက္ခာနှင့် ဘဝသာယာရေးအတွက် အနိမ့်ဆုံးစံနှုန်းများအဖြစ် တည်ရှိသည်။

▪ ပုဒ်မ ၄၄
ဤစာတမ်းတွင် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအားလုံးကို ဌာနေတိုင်းရင်း သားတဦးချင်း အမျိုးသားနှင့်အမျိုးသမီးတို့အတွက် တန်းတူညီမျှမှုကိုအာမခံသည်။

▪ ပုဒ်မ ၄၅
ဤကြေညာစာတမ်းသည် ဌာနေတိုင်းရင်းသားလူမျိုးများ ယခုလက်ရှိရရှိထားသည့်အခွင့်အရေးများ သို့မဟုတ် အနာဂတ် တွင် ရရှိလာနိုင်မည့် အခွင့်အရေးများကို လျော့နည်းသွားစေခြင်း သို့မဟုတ် ဖျက်သိမ်းပစ်ခြင်းအဖြစ် အဓိပ္ပာယ် မသက် ရောက်စေရ။

▪ ပုဒ်မ ၄၆
၁။ ဤကြေညာစာတမ်းသည် နိုင်ငံတခု၊ လူမျိုးတရပ်၊ အုပ်စုတစု သို့မဟုတ် ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂ ပဋိညာဉ်စာ တမ်းကို ဆန့်ကျင်သည့်လှုပ်ရှားမှုတခုခု သို့မဟုတ် လုပ်ရပ်တခုခု ဆောင်ရွက်ရန်သော်လည်းကောင်း၊ အချုပ် အခြာအာ ဏာပိုင် လွတ်လပ်သည့်နိုင်ငံများ၏ နယ်မြေပြည့်စုံခိုင်မြဲမှု သို့မဟုတ် နိုင်ငံရေးညီညွတ်မှုကို လုံးဝ သို့မဟုတ် တစိတ်တပိုင်း ဖြတ်တောက်စိတ်ပိုင်းစေမည့် သို့မဟုတ် ထိခိုက်စေမည့် လုပ်ရပ်တခုခုကို ခွင့်ပြုရာ သို့မဟုတ် အားပေးရာ အဖြစ်သော်လည်း ကောင်း အဓိပ္ပာယ်မကောက်ယူရ။

၂။ လက်ရှိကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများကို ကျင့်သုံးရာတွင် အားလုံး၏လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရမည်။ ဤကြေညာစာတမ်းတွင် ချမှတ်ထားသည့် အခွင့်အရေးများကို ကျင့်သုံးရာတွင် ဥပဒေအရသတ်မှတ်ပြဋ္ဌာန်းထားသည့် အကန့်အသတ်များကိုသာ နိုင်ငံတကာလူ့အခွင့်အရေးတာဝန် ဝတ္တရားများနှင့်အညီ လိုက်နာရမည်။ ယင်းအကန့်အသတ်များသည် ခွဲခြားဆက်ဆံမှုမရှိစေရဘဲ အခြားသူများ၏အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို ထိုက်သင့်စွာအသိအမှတ်ပြုခြင်းနှင့် လေးစားခြင်း အသေအချာဖြစ်စေဖို့ရည်ရွယ်ချက် သက်သက် အတွက်လည်းကောင်း၊ ဒီမိုကရေစီလူ့ဘောင်တရပ်၏ အရေးအကြီးဆုံးလိုအပ်ချက်များအတွက်လည်းကောင်း အကြွင်းမဲ့လို အပ်ချက် ဖြစ်စေရမည်။

၃။ ဤကြေညာစာတမ်းတွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များကို တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး လေးစားမှု၊ တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမခံရမှု၊ တော်တည့်မှန်ကန်သောအစိုးရအုပ်ချုပ်မှုနှင့် စိတ်ကောင်းစေတနာရှိမှု ဟူသောမူများ နှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်။
ဂါမဏိ ဘာသာပြန်သည်
 

No comments: