Wednesday, July 27, 2016

စစ် က ဘဝတွေကို အမှောင်ထဲ တွန်းပို့ထားတယ်

စစ် က ဘဝတွေကို အမှောင်ထဲ တွန်းပို့ထားတယ်
***************************************************
ချစ်မင်းထွန်း
 
Wednesday, July 27, 2016
 
ကရင်အင်္ကျီဝတ်စုံအနီရောင်ကိုဝတ်ဆင်ထားပြီး မျက်နှာတွင် ပါးရည်များတွန့်နေသည့် အမျိုးသားကြီးတစ်ဦးက ထိုင်ခုံပေါ်တွင် လျော့ရဲရဲထိုင်ကာ မေးသမျှကို ခပ်ပြုံးပြုံးသာ ဖြေဆိုနေလေသည်။
အသက် ၈ဝ ကျော်နေပြီဖြစ်သည့် အဘိုးနာမည်မှာ ဦးဖိုးပြာ ဖြစ်ပြီး ရိုးသားသည့်အပြုံးများ မျက်နှာတွင်အပြည့်ရှိသည့် အဘိုးအို တစ်ဦးဖြစ်သည်။ သူ့ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော် မြို့သစ်တွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ အဆိုပါမြို့သစ်သည် နေရပ် စွန့်ခွာထွက်ပြေးသူများအပါအဝင် ရွှေ့ပြောင်းလုပ်သားများနေထိုင် သည့်နေရာဖြစ်သည်။
သူနဲ့စတွေ့စဉ်မှာပင် ယခင်ကရွာသူကြီးဖြစ်ခဲ့ပုံအပါအဝင် သူ့ ဘဝအကြောင်းကို ခပ်ရိုးရိုးပဲပြောသည်။ ''အဘိုးက ကရင်လူမျိုး။ ဖလူးကြီးကျေးရွာမှာမွေးပြီး အသက် ၃ဝ လောက်ကျတော့ အိမ် ထောင်ကျတယ်။ အဲဒီနောက်တော့ ကလေးနှစ်ယောက်ထွန်းကား လာတယ်။ သားတစ်ယောက် သမီးတစ်ယောက်ပေါ့။ အခု ဒီကိုပြောင်း လာတာ လပိုင်းပဲရှိသေးတယ်''ဟုဆိုသည်။
အဘိုးက သူ၏ဘဝဖြစ်စဉ်နှင့် သား၊ သမီးများအကြောင်း ယခု အချိန်တွင် မြေးများနှင့်အတူ ဘဝကိုပင်ပင်ပန်းပန်းဖြတ်သန်းနေရ သည့်အခြေအနေတို့ကို ရီဝေနေသောမျက်လုံးအိမ်ထဲက မျက်ရည် စလေးများကို သက်သေတည်၍ ပြန်ပြောင်းဖွင့်ဟခဲ့သည်။
၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းတွင်တော့ သူ့မိသားစုဘဝက မုန် တိုင်းထန်ခဲ့သောကာလများဖြစ်ခဲ့သည်။ ကရင်ပြည်နယ်တွင် ကရင် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွား ခဲ့ကြရာမှ ဦးဖိုးပြာတို့မိသားစုသည် ထိုင်းနိုင်ငံဘက်သို့ စစ်ပြေးဒုက္ခ သည်များအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းနိုင်ငံဒုက္ခသည် စခန်းတွင် နှစ်ပေါင်း ၂ဝ ကျော်ကြာ နေထိုင်ခဲ့ရသည်။
ထို့နောက် အစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ပူးပေါင်း၍ စစ်ဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအစီ အစဉ်ဖြင့် ဆောက်လုပ်နေဆဲ (လူနေထိုင်လျက်ရှိ)ဖြစ်သော ကရင် ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော်မြို့သစ် သို့ ၂ဝ၁၆ ခုနှစ်တွင် ပြောင်းရွှေ့အခြေချနေထိုင်လျက်ရှိသည်။
အဆိုပါမြို့သစ်တွင် အိမ်ခြေ ၄၆၂ လုံး (လက်ရှိတွင်)ရှိပြီး ဦးဖိုးပြာနေထိုင်သည့်ရပ်ကွက်သည် အမှတ်(၂)ရပ်ကွက်ဖြစ်သည်။ သားသမီးများက ပြည်နယ်အတွင်းရှိ အခြားရွာများတွင်နေထိုင်ကြ ပြီး ဦးဖိုးပြာသည် မြေးလေးယောက်ဖြင့် အတူတူ လေးကေ့ကော် တွင်နေထိုင်လျက်ရှိကာ မြေးလေးယောက်စားဝတ်နေရေးအတွက် သူ၏အတတ်ပညာတစ်ခုဖြစ်သော ဗိန္ဒောဆရာအလုပ်ကိုလုပ်ကာ ဖြေရှင်းနေရကြောင်း သူက ဆိုသည်။
''အဘိုးမှာ မြေးလေးယောက်ရှိတယ်။ အကြီးဆုံးယောက်ျားလေး က အခုဆယ်တန်းတက်နေပြီး ကျန်တာကတော့ မြေးမိန်းကလေး တစ်ယောက်နဲ့ မြေးယောက်ျားလေးနှစ်ယောက်မှာ မူလတန်းအရွယ် ပဲရှိသေးတယ်။ အဘိုးပဲ သူတို့ကို ကျပန်းအလုပ်ရှာပြီး စောင့်ရှောက် ပေးတယ်။ စားဝတ်နေရေးကတော့ တော်တော်ကိုခက်ခဲတယ်။ အ လုပ်အကိုင်လဲ ရှားပါးတယ်။ ပြီးတော့ အဘိုးက အသက်လဲကြီးပြီဆို တော့ ပိုဆိုးတာပေါ့''ဟု သူ၏ဘဝအမောကို ပြောသည်။
လေးကေ့ကော်မြို့သစ်သည် အလုပ်အကိုင်ရှားပါးပြီး စားဝတ် နေရေးအတွက် အခက်အခဲများရှိနေသော်လည်း စားဝတ်နေရေး အဆင်ပြေသလို သက်ကြီးရွယ်အိုထောက်ပံ့ကြေးကဲ့သို့သော ပြည့်စုံ သည့် ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွင်နေထိုင်ခဲ့ရခြင်းထက် ကိုယ့်နိုင်ငံ အရိပ်က ပိုမိုစိတ်ချမ်းသာစရာကောင်းပြီး လုံခြုံမှုရှိသည်ကို ခံစားရ သည်ဟု ဦးဖိုးပြာက ဆိုသည်။
အဘိုးဦးဖိုးပြာသည် မြေးလေးယောက်ကို ပညာတတ်များဖြစ် စေချင်ပြီး ကျောင်းဆရာများနှင့် ဆေးကုသပေးသည့်ဆရာဝန်များ အဖြစ်မြင်လိုကြောင်း သူ့တွင်ဖြစ်ပေါ်နေသော စိတ်ဆန္ဒကိုလည်း တုန်တုန်ရီရီလက်ကလေးဖြင့်ပုံဖော်ကာ ပြောပြနေသည်။
တစ်ခါတစ်ရံ အဘိုး၏စစ်ရှောင်ဒုက္ခသည်ဘဝအဖြစ် ထိုင်း နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ဖြစ်စဉ်ကို ပြန်ပြောင်း ပြောပြရန် ဝမ်းနည်းမျက်ရည်များစို့နစ်လာကာ မျိုသိပ်ထားလျက်ရှိသည် ကို တွေ့မြင်ရသည်။
''အဲဒီမှာ အဘိုးတို့ကို သူတို့နိုင်ငံသားအတိုင်းပဲ ဆက်ဆံတယ်။ ဘာမှခွဲခြားတာမရှိဘူး။ အဘိုးဆိုရင် သူတို့ဆီကပေးတဲ့ သက်ကြီး ရွယ်အို ထောက်ပံ့ကြေးလဲရတယ်။ ကျန်းမာရေးအတွက်လဲ စောင့် ရှောက်ပေးတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်နေရတော့ စိတ်ချမ်း သာတယ်''ဟု ဦးဖိုးပြာက သူ၏ရုပ်ဝတ္ထု ပြည့်စုံမှုကိုစွန့်လွှတ်ပြီး စိတ် ချမ်းသာမှုကိုရွေးချယ်ခဲ့ပုံအား နောက်ကြောင်းပြန်ပြောပြသည်။
ယခုလက်ရှိ လေးကေ့ကော်မြို့သစ်တည်ထားသည်မှာ တစ်နှစ် ကျော်ကာလသာရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးမှုများနှင့် ဘဝရပ်တည်မှု အတွက် အခက်အခဲများရှိနေသေးသည်။ မြို့သစ်စီမံကိန်းကို ငါး နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော် လည်း အခြေခံအဆောက်အအုံများမလုံလောက်မှု၊ အလုပ်အကိုင် ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများအားနည်းခြင်း စသည့်အ ခက်အခဲများကိုလည်း ရင်ဆိုင်နေကြရသည်။
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်ကို အစိုးရ နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော်ကာ ကျပ်သိန်း ၅ဝ တန်ဖိုးရှိ တိုက်အိမ်ငယ်လေးများကို တည်ဆောက်ပေးနေပြီး စစ်ရှောင်ဒုက္ခသည်များနှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် နေသောဒုက္ခသည်များကို ပြန်လည်နေရာချထားပေးလျက်ရှိကြောင်း လေးကေ့ကော်မြို့သစ်ဥက္ကဋ္ဌ ဦးဌေးမြင့်အောင်က ဆိုသည်။
အဆိုပါ လေးကေ့ကော်မြို့သစ်၌ လက်ရှိအချိန်တွင် လူဦးရေ ၁၇ဝဝ ဝန်းကျင်နေထိုင်လျက်ရှိပြီး အစိုးရနှင့် (KNU)တို့ ပူးပေါင်း တည်ဆောက်ပေးထားသော အိမ်ခြေ ၂၁၃ လုံးရှိပြီး ထပ်မံ၍တည် ဆောက်ပေးနေခြင်းကြောင့် အိမ်ခြေ ၄၆၂ လုံးအထိရှိလာခဲ့ပြီးဖြစ် ကြောင်း နိပွန်ဖောင်ဒေးရှင်းမှလည်း အိမ်အလုံး ၂ဝဝ ဆောက်လုပ် ပေးနေသည်။
တစ်ဖက်နိုင်ငံတွင်နေရခြင်းက အဆင်ပြေ ပြည့်စုံသော်လည်း အေးချမ်းစွာ၊ လုံခြုံမှုကိုခံစားရသည့် အမိမြေတွင်နေရသည့်ခံစား ချက်ကို ဦးဖိုးပြာက ''ယိုးဒယားမှာ အားလုံးပြည့်စုံပေမယ့် ကိုယ့်နိုင်ငံ မှမဟုတ်တာ စိတ်မချမ်းသာဘူး။ မပျော်ဘူး။ ဒါကြောင့် ဒီကိုပြန် လာပြီးတော့ စစ်ရှောင်တွေအတွက် နေရာပေးတယ်ဆိုလို့ ပြန်လာ နေတာ''ဟုဆိုသည်။
ဦးဖိုးပြာနှင့် သူ၏မြေးလေးယောက်အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လေးကေ့ကော်သည် အနာဂတ်တွင် ရုပ်ပိုင်း ဆိုင်ရာကိုပါ မြှင့်တင်ပေးနိုင်သည့် ကွန်းခိုရာနေရာလေးတစ်ခုဖြစ် လာမည်ဆိုပါက စစ်ကတွန်းပို့၍ အမှောင်ထဲရောက်နေသော သူ တို့ဘဝတွေ လင်းလက်တောက်ပလာမည်မှာ အမှန်ပင်ဖြစ်တော့သည်။

No comments: