Wednesday, July 27, 2016

ဦးထင်ကျော် လက်ထက် မြန်မာ အာရှကျားပေါက်ဖြစ်လာမလား

ဦးထင်ကျော် လက်ထက် မြန်မာ အာရှကျားပေါက်ဖြစ်လာမလား

Wednesday, July 27, 2016
 
NLD အစိုးရအသစ်အနေနဲ့ ၂၀၁၃ ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ McKinsey အဖွဲ့ကြီးရဲ့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်ချက် အစီရင်ခံစာကို ဖက်ရှုလေ့လာပြီးပြီလို့ ယူဆပါတယ်။ သမ္မတ ဦးထင်ကျော်အပါအဝင် စီးပွားကူးသန်းကုန်သွယ်ဝန်ကြီး ဌာန တွေကို တာဝန်ယူမယ့် ကက်ဘိနက်ဝန်ကြီးတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တာဝန်ယူမယ့် ဝန်ကြီးဌာနတွေ မဖြစ်မနေ ဖတ်ပြီး ဆင့်ပွား၊ ဆွေးနွေး အဖြေရှာရမယ့် အစီရင်ခံစာတခုပဲဖြစ်ပါတယ်။
အစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ McKinsey Global Institute (MGI) ဟာ ကမ္ဘာတဝန်း တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေး တက်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပုခုံးချင်းယှဉ်ဖို့ ပြည်သူ ပြည်သားတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာဖို့ နောင်ဆယ်နှစ်နဲ့ ဆယ့်ငါးနှစ် အတွင်းမှာ အာရှမှာ ကျားပေါက် တကောင်ဖြစ်လာဖို့ အသေအချာ ရင်းနှီးမြှုပ်နှံ ပြင်ဆင်မှုတွေ ပေါ်လစီဖော်ဆောင်ပြီး ချက်ချင်းလက်ငင်း လုပ်ဆောင်ရမယ်လို့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။
အဓိက ကဏ္ဍ ၇ ခုကို ခွဲပြထားပါတယ်။ အဲဒါတွေကတော့ Manufacturing လို့ခေါ်တဲ့ ကုန်ထုတ်လုပ်ရေး၊ Agriculture ဆိုတဲ့ စိုက်ပျိုးရေး၊ Energy /Mining စွမ်းအင်နဲ့ တွင်းထွက်လုပ်ငန်း၊ Toursim ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ Financial Services ဆိုတဲ့ ငွေကြေးဝန်ဆောင်မှုကဏ္ဍများ ၊ Infrastructure လို့ခေါ်တဲ့ လမ်း တံတား ဆိပ်ကမ်း လေဆိပ်စတဲ့ အခြေခံအဆောက်အဦး ဆောက်လုပ်မှု နဲ့ Telecom ဆိုတဲ့ ဆက်သွယ်ရေးကဏ္ဍတို့ပဲ ဖြစ်ပါတယ်။
NLD အစိုးရဟာ ဘယ်လို စီးပွားရေးပေါ်လစီနဲ့ တိုင်းပြည်ကို စီးပွားရေး ကောင်းလာအောင်လုပ်မလဲဆိုတာကို တိုင်းပြည်ကို အခုအချိန်အထိ အသေးစိတ် ချပြခြင်း မရှိသေးပါဘူး။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေး အခြေခံတဲ့ နိုင်ငံဖြစ်တဲ့ အတွက် Agriculture ကို ဦးစားပေးမယ်လို့ပဲ ယေဘုယျ ပြောထားပါတယ်။
ဒီပေါ်လစီကတော့ အရင်အစိုးရနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် Agriculture တခုတည်း မဟုတ်ဘဲ အခြား ကဏ္ဍတွေကိုလည်း McKinsey ရဲ့ အစီရင်ခံစာအတိုင်း လေ့လာကြည့်မယ်ဆိုရင် တိုင်းပြည်အတွက် ဝင်ငွေအပြင် သန်း ၅၀ သော ပြည်သူ ပြည်သားတွေနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရလာနိုင်ပါတယ်။
အခုကိုပဲ Tourism ခရီးသွားလုပ်ငန်းက ကြီးထွားလာနေပါပြီ။ အသေအချာ ဖော်ဆောင်နိုင်မယ်ဆိုရင် ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်နိုင်တဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေးပေါ်လစီကို ကိုင်မယ့် ခေါင်းဆောင်တွေ ဝန်ကြီးတွေဟာ အားလုံးကို ခြုံငုံသုံးသပ်ပြီး အမြော်အမြင်ရှိတဲ့ လူတွေ ဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် အဲလို အမြင်ရှိတဲ့သူတွေပါတဲ့ အကြံပေးတွေ Team အဖွဲ့အစည်းတွေ လိုပါတယ်။ McKinsey ရဲ့ အဆိုအရဆိုရင် Agriculture တင်မဟုတ်ဘဲ Energy နဲ့ Mining (စွမ်းအင်နဲ့ သဘာဝတွင်းထွက်) ကဏ္ဍကို အသေအချာ စိစစ်ပြီး ပေါ်လစီအသစ်နဲ့ ကိုင်တွယ်မယ်ဆိုရင် တိုင်းပြည်အတွက် ဝင်ငွေကို ကောင်းကောင်းရှာနိုင်မယ်လို့ အစီရင်ခံစာက အကြံပြုထားပါတယ်။
ကျောက်စိမ်း အပါအဝင် ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်သံ ပတ္တမြားတွေထွက်တဲ့ မြန်မာနိုင်ငံဟာ မိမိရဲ့ တွင်းထွက်တွေကို ဒေသတွင်းနဲ့ နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချပြီး တိုင်းပြည်ဝင်ငွေကို ဖူလုံအောင် တဖက်တလမ်းက ရှာပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာဟာ အာရှမှာ ကျောက်စိမ်းအရည်အသွေး အကောင်းဆုံးထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒေါ်လာဘီလီယံနဲ့ ချီတဲ့ ဈေးကွက်ကို ချုပ်ကိုင်ထားသူတွေက ပြည်တွင်း၊ပြည်ပက လက်တဆုပ်စာ လူတစု၊ ခရိုနီတချို့နဲ့ လက်နက်ကိုင် တချို့ပဲ ဖြစ်ပါတယ်။ သူတို့ပဲ အကျိုးအမြတ်ရ ချမ်းသာ ကြွယ်ဝ ကြီးပွားနေတာဖြစ်ပါတယ်။
ဒီဒေါ်လာ ဘီလီယံချီ ဈေးကွက်ကို NLD အစိုးရက တိုင်းပြည်အတွက် တလုံးတခဲတည်း အကျိုးရှိအောင်၊ ဝင်ငွေရအောင် တိုင်းပြည်ရဲ့ တရားဝင် စီးပွားရေးအဖြစ် ဖော်ဆောင်ပေးမယ့် ပေါ်လစီရှိမယ်ဆိုရင် အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ တိုင်းသူပြည်သားတွေ အကျိုးရှိနိုင်တာဖြစ်သလို တိုင်းပြည်ကို အခုလို ပြန်လည်တည်ဆောက်နေရတဲ့ အချိန်မှာ အင်အားရှိတဲ့ တိုင်းပြည်ဝင်ငွေ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ အဓိက ကဏ္ဍကြီး ၇ ခုကို အာရုံထားသင့်တယ်။ မိမိ တိုင်းပြည်ရဲ့ ရှိတဲ့ ခွန်အားနဲ့ အရင်းအမြစ်ကို တကယ်သိရှိ နားလည်သဘောပေါက်ပြီး၊ မှန်ကန်တဲ့ ပေါ်လစီချပြီး၊ လူမှန်နေရာမှန်တွေက ဦးဆောင်သွားမယ်ဆိုရင် မြန်မာဟာ အာရှမှာ နောက်ဆယ်နှစ်အတွင်း ကျားပေါက် တကောင်တော့ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။
Irrawaddy
ကျောက်စိမ်းပြပွဲတပွဲတွင် တွေ့ရသော ကုန်သည်တဦး (ဓာတ်ပုံ – Reuters)

No comments: