Monday, July 25, 2016

မင်းကိုနိုင် ● အရိုးနှင့် ငါး၊ အမှားနှင့် လူ

မင်းကိုနိုင် ● အရိုးနှင့် ငါး၊ အမှားနှင့် လူ
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၆
 
ကိုမင်းကိုနိုင် လူမှုကွန်ရက်ပေါ်မှ ပြန်လည်ကူးယူပါသည်။

“ပုထုဇဉ်ပဲကွာ အမှားတော့ ဘယ်ကင်းပါ့မလဲ”
“လူဆိုတာ မှားတတ်တဲ့ အမျိုးလေ”
“မှားပါစေ၊ လူပဲ အမှားကိုပြင်မှ” စသဖြင့် နေ့စဉ် ကြားကြပါလိမ့်မည်။
“အမှားဟာ ဘာနဲ့ တူသလဲ” လူမမာ ဓာတ်စာအဖြစ် ငါးရိုးထွင်ရင်း ကျွန်တော် စဉ်းစားမိပါသည်။

အမှားဆိုတာ လူ့ဘ၀အရသာဆိုတဲ့ ငါးအသားတွေနဲ့ တွဲကပ်နေတဲ့ အရိုးပဲ ဟူ၍။ မှန်တာပေါ့၊ အရိုးမပါဘဲ ငါး မဖြစ်သလို အမှားမရှိဘဲ လူမဖြစ်နိုင်။ ငါးမှန်ရင် အရိုးနည်းတာနဲ့ များတာပဲ ကွာသလို လူတွေဟာလည်း အမှားနည်းတာနဲ့ များတာပဲ ကွာကြတယ်။ ငါးမှာ အရိုးနည်းရင် စားကောင်းသလို လူမှာလည်း အမှားနည်းရင် ပေါင်းသင်းဖို့ အကောင်းဆုံးပေါ့ဟု ကိုယ့် ဘာသာ ထောက်ခံမိပါသည်။ ယေဘုယျတော့ အရိုးနည်းတဲ့ ငါး၊ အမှားနည်းတဲ့လူ ဆိုတာတွေကို လူကြိုက်များ ကြသည်ဟု ကျွန်တော် မှတ်ချက်ချမိသည်။ ပြီးမှ ဒုတိယအတွေးက ကန့်ကွက်သည်။ သေချာရဲ့လား၊ အရိုးနည်း အမှားနည်းတာ ကြိုက်ပေမယ့် တကယ်တမ်း အရသာထူးတဲ့ ငါးသလောက်လို ငါးမျိုးကျတော့ကော ၀ယ်ကြ စားကြ အားပေးကြတာပဲ မဟုတ်လားဟု သတိပြုမိသည်။ အရိုးများတာလောက်တော့ ပေါင်းစားလိုက်တာပေါ့ဟုပင် နည်းလမ်းသစ်တွေ ရခဲ့ကြသေး။

ငါးသလောက်နှင့်တူသော လူအချို့ကို လူတွေ ဘယ်လိုသဘောထားပါလိမ့်။ ဒီနေရာမှာ ငါးမှာတော့ အသားအရသာ၊ လူမှာ တော့ အကျိုးစီးပွားဟု ကျွန်တော် ဆင်ခြင်မိပါသည်။ စိတ်ထဲကလည်း ၀န်ခံချင်သည်။ လူ့အဖွဲ့အစည်းထဲမှာ လူတစ်ဦး အမှားများစွာ လုပ်မိပြီဆိုပါတော့၊ သူ့ထံတွင် ထိုအမှားများနှင့်တွဲလျက် ကျွန်တော်တို့အတွက် ကိုယ်ကျိုးစီးပွားတွေက ဆူ ဆူဖြိုးဖြိုးရှိနေသည်ဆိုတာ သိနေသည်ဆိုပါတော့၊ ငါးသလောက်ကို ကျွန်တော်တို့ ဈေးကြီးပေး ၀ယ်စားချင်ကြသလို ငါး သလောက်နှင့်တူသည့်လူကိုလည်း ပေါင်းသင်း ဆက်ဆံမိတတ်ကြပါသည်။

ကိုယ်ကြိုက်ရာ ကိုယ်ရွေးကြသည့် အခွင့်အရေးတော့ ရှိသည်။ တစ်ခုပဲ သတိပြုစေချင်သည်။ ငါးသလောက်တွင် က၀က် ကင်း ငါးသလောက်က အကောင်းဆုံးဟု နာမည်ကြီးသည်။ “၀ယ်တုန်းက က၀က်ကင်း ဟင်းချက်တော့မှ ငါးသလောက် ယောက်ဖ” ဖြစ်နေတာမျိုးလည်း ရှိတတ်သည်။

အမှားနည်းတဲ့ လူကို လူကြိုက်များတာကော တကယ်ဟုတ်ရဲ့လား။ ဒါကတော့ အရိုးနည်းတဲ့ ငါးတွေကို လူတွေ ဘယ်လို သဘောထားလဲ ကြည့်လိုက်ရုံသာ။ ငါးပုတ်သင်လိုငါးမျိုး ကြည့်ပြန်တော့ အလယ်ရိုး “ကျောရိုး” ပဲ ရှိပြီး အသားပေါပေမယ့် သူ့အရသာ မဖွယ်မရာမို့ အိမ်ရှင်မများ၊ စားဖိုမှူးများအတွက် ဘယ်တော့မှ ဦးစားပေးမခံရပါ။ မတတ်သာသည့်အဆုံး “ရွေး စရာ မရှိသည့် အဆုံး” ၀ယ်ကြရတာပဲ များပါသည်။

“အရိုး အနည်းအများက အဓိကလား၊
အသား အရသာက ပဓာနလား၊
အမှား အနည်းအများက အဓိကလား၊
အကျိုး စီးပွားက ပဓာနလား”

ကျွန်တော် ခေါင်းရှုပ်လာပါသည်။ အကျိုးစီးပွားဆိုရာမှာတော့ အရည်အချင်းတစ်မျိုးမျိုးကို ဆိုလိုသည်ပေါ့။ အမှားနည်းရေးကို ကြွေးကြော်နေရင်းက အမှားများပြီး အရသာကောင်းသည့်ဘက် ကျွန်တော်တို့လက်တွေက အလိုလို ရွေးရန် ရောက်နေ ပါလား။

သို့နှင့် ကျွန်တော်သည် လူတွေကိုကြည့်တိုင်း လူစားသည့်ငါးတွေထဲက ဘယ်ငါးနှင့်တူပါလိမ့်ဟု စိတ်ထဲ တစ်ကိုယ်ရေ ကြိတ်တွေးနေပါသည်။ ဒီလူကတော့ ငါးခူနဲ့တူတယ်၊ အရိုးလည်းမများ၊ အသားလည်း ချိုတယ်။ ဟိုတစ်ယောက်ဟာဖြင့် ငါးပဲဖြူလိုပဲ အရိုးကလည်းများ၊ ဒီတိုင်းလည်းမကောင်း၊ ပင်စိမ်းနိုင်နိုင်နဲ့ အိုးကပ်ချက်လိုက်မှဖြစ်မှာ စသဖြင့် တွေးမိပြန်သည်။

ဈေးကြီးလည်းပေးရ ရှားပါးပြီး ခွန်အား လည်းဖြစ် အရသာလည်း ထူးကဲကောင်းမွန်သည့် ဆယ်လမွန်ငါးလို လူစားမျိုး အတွက်တော့ အငြင်းပွားဖွယ် ရှိမည် မထင်ပါ။ ကမ္ဘာကျော် အာဏာရှင်တစ်ဦး ပွဲတော်တည်တိုင်း မပါမဖြစ်သည့် ကာဘီယံ ငါးဥမှာ ဈေးအမြင့်ဆုံး စားဖွယ်အဖြစ် ထင်ရှားပါသည်။ အာနိသင်ကို အတိအကျမသိသော်လည်း လူတိုင်း လက်လှမ်း မမီ သည့် ငါးတစ်မျိုး၊ တစ်နည်းဆိုရလျှင် အများစုအတွက် တန်ဖိုး ဘာလဲဟု မေးရမည့် အမျိုးအစားဟု ထင်ပါသည်။

ဝေလငါးလို လူစားမျိုးလည်း ရှိသေးသည်။ နော်ဝေးနှင့် ဂျပန် အပါအ၀င် အချို့လူမျိုး များသာ သူ့အသားကို စားတတ်သည်။ မစားတတ်သော ကမ်းရိုးတန်းတစ်ခုမှာ သူ့ကို အသေရခဲ့ကြဖူးသည်။ ဘာလုပ်ရမှန်း မသိခဲ့ကြ။

စားဖို့အပြင် ပိုသိသူတို့ကတော့ ငါးကြီး အန်ဖတ်ဟုခေါ်သော ထိုငါးမှထွက်သည့် အဖိုးတန် ရတနာကို တန်ဖိုးကြီး ကမ္ဘာကျော် အကောင်းစား ရေမွှေးဖော်ရာတွင် အသုံးပြု ရကောင်းမှန်း သိခဲ့ကြပါသည်။ (တကယ်တော့ ထိုအရာမှာ အန်ဖတ် မဟုတ်ပါ) ဝေလငါးလို အကောင်လည်းကြီး အသုံးချ တန်ဖိုးလည်း မြင့်သော ငါး (သို့မဟုတ်) ဝေလငါးလို လူစားများ အတွက် အသုံးချ ခံ အန္တရာယ်များပုံကိုလည်း သတိပြုမိပါသည်။ အကောင်လည်းကြီး တန်ဖိုးလည်း များရင်တော့ သတိသာ ထားပေတော့။

ခြွင်းချက်တော့ ရှိသေးသည်။ ငါးမန်း ဆိုပါတော့ အရိုးနှင့် ဖွဲ့စည်းထားသည့် ငါးမန်းတောင်က လူတွေအတွက် မက်မော စရာအတိ။ ပင်လယ်ကူး ငါးဖမ်းသင်္ဘောများတွင် ငါးမန်းကို မိပါက ဆူးတောင်ကိုသာ ခုတ်ယူပြီး သွေးစိမ်းရှင်ရှင်ဖြင့် ပင် လယ်ထဲ ပြန်ပစ်ချ ခံရမြဲ ဖြစ်သည်။ ငါးမန်းမှာ သူ့ဆူးတောင် ရိုးကပင် သူ့ဘ၀ကို ပျက်စေခဲ့ပါပြီ။ ငါးမန်း၏ ဆူးတောင်များကြားမှ ထွက်သည့် အချိုဓာတ်ကို လူတွေက ငါးမန်းတောင် ဟင်းချိုအဖြစ်သောက်ရန် တောင်ပံကို ခုတ်ဖြတ် ရက်စက် ၀ံ့ကြသလို လူတစ်ယောက် (အထူးသဖြင့် ထက်မြက်ထူးချွန်သူ ထင်ရှားသူ တစ်ယောက်) ၏အမှား တစ်စုံတစ်ရာအပေါ် ငါးမန်းတောင်လို မညှာမတာ ခုတ်ယူရန် လူလူချင်း ချောင်းမြောင်းနေသူတွေလည်း ရှိသေးသည်ဟု ကျွန်တော် ခံစားရပါသည်။

ခုတော့ လူတွေကို တွေ့တိုင်း ဘယ်ငါးနဲ့တူသလဲဟု တိုက်ဆိုင်ကြည့်ရင်း ဟိုလူကတော့ ငါးပူတင်းနှင့်တူတယ်၊ ဟိုဒင်းက တော့ ငါးရံ့ခေါင်းတိုလိုပဲ သုံးစားမရ စသဖြင့် ကောက်ချက်ချရင်း ကိုယ့်ကိုယ်ကိုယ် ဘာငါးနှင့်တူသတုံး ဟု ပြန်ကြည့်မိပါသည်။
ငါးဖောင်ရိုးတစ်ကောင်ကို ကျွန်တော် မြင်ရပါသည်ခင်ဗျာ။
#‎မင်းကိုနိုင်‬
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၈ ဆောင်းပါး

No comments: