Saturday, August 20, 2016

“အရင်အစိုးရ ခွင့်ပြုထားတာတွေကို အာဃာတနဲ့လုပ်တာဆိုရင် ဘယ်လိုအာဃာတလဲ သက်သေပြရမယ် …”

“အရင်အစိုးရ ခွင့်ပြုထားတာတွေကို အာဃာတနဲ့လုပ်တာဆိုရင် ဘယ်လိုအာဃာတလဲ သက်သေပြရမယ် …”
ရန်ကုန်မြို့တ်ာအင်္ဂါရပ်နှင့်အညီ အဆောက်အဦများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီဝင် ဦးရဲမင်းဦးနှင့် တွေ့ဆုံခြင်း
 
20 August 2016
 

------ ------ ------ ------ ------
အစိုးရသစ်လက်ထက် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများအား စိစစ်ကြပ်မတ်မှုများ လုပ်ကိုင်လာကြပြီး ယင်းကဲ့သို့ စိစစ်ကြပ်မတ်မှုကြောင့် ဆောက်လုပ်ရေး လောကတခုလုံး လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည်အထိ အခြေအနေရောက်နေကြောင်း ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ရှိနေခြင်းအပေါ် ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အဦများ ဆောက်လုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး-ဆရာတို့ ကော်မတီဖြစ်ပေါ်လာပုံလေးကစပြီး ပြောပြပေးပါ။
ဖြေ-ပြီးခဲ့တဲ့ အစိုးရလွှတ်တော်မှာ ရန်ကုန်မြို့မှာရှိတဲ့ အထပ်မြင့် အဆောက်အဦတွေ စည်းနဲ့ကမ်းနဲ့ စိစစ်သင့်တယ် ဆိုတဲ့အကြောင်း အဆိုတင်ဖူးတာရှိတယ်။ အဆိုက အောင်မြင်ခဲ့တယ်။ လွှတ်တော်အသစ်နဲ့ အစိုးရ အဟောင်းက ပြောဆိုခဲ့ကြတာဆိုတော့ ပြီးခဲ့တဲ့ အစိုးရက အာဏာလွှဲပြောင်းရေးကိစ္စတွေ ဆောင်ရွက်နေရတဲ့ အတွက် ဒီကိစ္စကို မဆောင်ရွက်နိုင်ခဲ့နိုင်ဘူး။ ဒီဘက် အစိုးရတက်လာတော့ ဒါကို မဖြစ်မနေဆောင်ရွက်ဖို့ ဖြစ်တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုင်ပင်လိုက်ပြီးတော့ ရန်ကုန်တိုင်း အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေပြီး ရန်ကုန်မှာရှိတဲ့ အထပ်မြင့် အဆောက်အဦတွေထဲက မူအားဖြင့်ခွင့်ပြုလိုက်တဲ့ အဆောက်အဦများကိုစိစစ်ရန်ဆိုပြီး လက်ရှိဆောက် လုပ်နေတာတွေကို ယာယီရပ်ဆိုင်းဖို့ သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်။ ဒါက ဖြစ်သွားတဲ့ အကြောင်းရင်းနဲ့ အခြေအနေပေါ့။ အဲဒီလိုဖြစ်သွားတော့ စည်ပင်သာယာရေးကော်မတီမှာ ခွင့်ပြုချက်တင် ထားတဲ့ အဆောက်အဦတွေ အကုန်လုံးကို ရန်ကုန်တိုင်းအစိုးရက စိစစ်ဖို့ အဖွဲ့တဖွဲ့စပြီးဖွဲ့တယ်။ ပညာရှင်တွေစခေါ် ပြီး ဒီအဆောက်အအုံတွေစစ်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့တင် မလုံလောက်တော့ဘူး။ ကော်မတီတရပ် ဖွဲ့စည်းဖို့လိုတယ်။ စောစောက စစ်ဆေးမှုတွေလုပ်လာရင်း ဒီဟာကို ဖွဲ့လိုက်တယ်။
မေး-အဲဒီလိုမျိုးဖွဲ့ပြီး စစ်လိုက်တော့ တွေ့ရှိချက်တွေက ဘာတွေ ဖြစ်လာလဲ။
ဖြေ-ကျွန်တော်တို့စစ်တဲ့အချိန်မှာ အခြေခံရမယ့် မူပေးထားတယ်။ ပထမမူက စည်ပင်သာယာရဲ့ သတ်မှတ်ချက်စည်းကမ်းပေါ့။ အဲဒါကို စည်ပင်သာယာ အဆောက်အအုံဌာနက သဘောထားမှတ်ချက် ယူတယ်။ နောက်တခုက စည်ပင်လမ်းတံတားဌာနက သဘောထားမှတ်ချက်ယူရတယ်။ အဲဒါ အဓိကယူပြီး သူတို့ရဲ့အမြင်နဲ့ ဘာတွေပြုပြင်ဖို့လိုမလဲ စည်းကမ်းနဲ့ကိုက်ညီတာတွေ တင်ပြတယ်။ ကားပါကင် မလုံလောက်ပါ ဆိုပြီး စည်ပင်လမ်းတံတားဌာနက ပေးရတယ်။ ဒီ Report ကို ကော်မတီက စိစစ်ပေးရတာပေါ့။ အဲဒီမှာ အထပ်မြင့် ၁၂ လုံးကိစ္စ တွေ့ရတယ်။ ဒီ ၁၂ လုံးကို မြေပြင်မှာစစ်ဖို့ကော်မတီက အဖွဲ့တွေ ထပ်ဖွဲ့လိုက်တယ်။ စည်ပင်က တာဝန်ရှိသူတွေ တိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်ပါတယ်။ နောက် နယ်မြေခံ တာဝန်ရှိသူပါတယ်။ ဗိသုကာပညာရှင်အသင်း ပါမယ်။ အင်ဂျင်နီယာအသင်းကပါမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှတ်ပေးတဲ့ ပညာရှင်ပါမယ်၊ ဒီလူတွေနဲ့စစ်ပြီးတော့မှ အသေးစိတ် Report ကို ဒီလူတွေအားလုံးက သီးခြားစီတက်တယ်၊ သီးခြား Report ကို ထိုင်ပြီး ကော်မတီကရရှိလာတဲ့အပြင်ကို ဆွေးနွေးတယ်။ ဒါတွေကို အစိုးရအဖွဲ့ကို ပြန်တင်ပြတာပေါ့။ အစိုးရအဖွဲ့က ဒါကိုဆွေးနွေးပြီး ဆုံးဖြတ်ချက်အတည်ကို စည်ပင်သာယာကိုအကြောင်းကြားတယ်။ စည်ပင်သာယာကနေ ၁၂ ဦးကို တဦးချင်းစီ စာပို့ပြီး ဘယ်အလုံးက ဘယ်အခြေအနေရှိတယ်ဆိုပြီး ညွှန်ကြားတယ် ဒီပုံစံနဲ့ပဲသွားတာ။
မေး-ဆရာတို့ကော်မတီကလုပ်ဆောင်ခဲ့တဲ့ အချက်တွေက အရင်အစိုးရခွင့်ပြုထားတာတွေကို အာဃာတနဲ့လုပ်တယ်ဆိုပြီး ဒေါ်သက်သက်ခိုင်ကတောင် ဝေဖန်ခဲ့တယ်၊ ဒီအပေါ်မှာ ဘာများပြောချင်လဲ။
ဖြေ-ပထမအချက်က ကျွန်တော်တို့ကို ပြောတာမဟုတ်ဘူး။ ရန်ကုန်တိုင်း အစိုးရကိုပြောတာ။ ကျွန်တော်တို့က ဒေါ်သက်သက်ခိုင်ပြောတဲ့အပေါ် ဘာမှတ်ချက်မှ မပေးဘူး။ ဒုတိယအချက်က အာဃာတနဲ့လုပ်တယ်လို့ ပြောခဲ့ရင် ဘယ်ကိစ္စကို အာဃာတထားတာလဲဆိုတာ သက်သေပြဖို့ လိုတယ်။ ဒေါ်သက်သက်ခိုင်က ဘာပဲပြောပြောပြော ပြည်ထောင်စုအဆင့်က လွှတ်တော်ကိုယ်စားလှယ်ကိုး။ အာဃာတနဲ့ လုပ်တယ်ဆိုရင် ဘယ်ကိစ္စတွေ ဘယ်ကိစ္စတွေက အာဃာတလို့ ယူဆတယ်ဆိုတာ သူ့အနေနဲ့သက်သေရှိရမယ်။ အဲဒါဆို ပိုကောင်းတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှတ်ချက်မှ မပေးချင်ဘူး။ ကျွန်တော်တို့ကိုပြောတာလည်း မဟုတ်ဘူး။ စကားလုံးကတော့ အဲဒီလိုလေး သက်သေလေးရှိကြရင် ပိုကောင်းတာပေါ့။ ကော်မတီကစစ်တဲ့အချိန်မှာ ဘယ်ပုဂ္ဂိုလ် ဘယ်ကုမ္ပဏီရယ်လို့မကြည့်ဘူး။
မေး-ဆရာတို့က ဒီလွှတ်တော်မှာ တင်သွင်းခဲ့တဲ့အဆိုကြောင့်သာ ဒီလိုစစ်ဆေးခဲ့ရတယ်။ ဒီတော့ စစ်ဆေးတဲ့အခါမှာလည်း လိုအပ်ချက်တွေအားနည်းချက်တွေ တွေ့ခဲ့တယ်။ မစစ်ဆေးလိုက်ရဘဲ အားနည်းချက်တွေရှိနေတဲ့ဟာတွေအတွက် ဘယ်သူတွေဘယ်လောက် နစ်နာခဲ့လဲ ဆရာ့အမြင်ကို သုံးသပ်ပေးပါ။
ဖြေ-အခုစစ်တဲ့ဟာတွေ ကားပါကင်မလုံလောက်ဘူးဆိုတာ စည်ပင်သာယာက တင်ပြတာပေါ့။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း ကားပါကင်လုံလောက်ပါတယ်။ ပြောခဲ့တာလည်း အဲဒီ ဒီစည်ပင်သာယာက လူတွေပဲ။ ကျွန်တော်တို့ကတော့ နောက်ကြောင်းပြန်တာ မဟုတ်တဲ့အတွက် အရင်တုန်းက ဘယ်သူက ပါကင်ညီညွတ်ခဲ့ပါလဲ၊ သဘောထား မှတ်ချက်ပေးလဲဆိုတာ ပြန်အရေးမယူဘူး။ မေးလည်း မမေးတော့ဘူး။ ဒီကိစ္စပြီးပြီ။ ကျွန်တော်တို့စစ်တဲ့အချိန်မှာ စည်ပင်သာယာ လက်ရှိလူတွေကပဲ မှန်မှန်ကန်ကန် သူတို့သွားစစ်ပြီး သူတို့မလုံလောက်ပါဘူး။ တင်ပြချက်ကိုပဲ ကျွန်တော်တို့က အတည်ယူတာပေါ့။ ကားပါကင် မလုံလောက်ဘူး ဆိုရင် ဒီတိုက်မှာနေတဲ့သူတွေ နစ်နာမယ်။ ဒုတိယနစ်နာမှာက မလုံလောက်တဲ့ကားက လမ်းမပေါ်တက်ရပ်မယ်။ အဲဒီရပ်ကွက်မှာနေတဲ့သူတွေ နစ်နာမယ်။ လမ်းအသုံးပြုသူတွေ နစ်နာမယ်။ အဲဒီအထဲကစပြီး တဖြည်းဖြည်း ဘေးအားလုံးကို ပြန့်သွားမယ်။ နောက်တခုက ကားပါကင် လုံလောက်တယ် ထား။ ကားအ၀င်အထွက်လမ်း လုံလောက်အောင် ပေးမထားဘူး။ ဥပမာ ဒီအဆောက်အဦက ကားအစီးရေ ၄၀၀ ရှိတယ်။ ရုံးဆင်းချိန် တက်ချိန်လေးမှာ ကားအကုန်မဟုတ်ဘဲ အစီး ၂၀၀ အတွက် ကားတစီးဝင်တာ ထွက်တာအတွက် တမိနစ်တော့ ကြာမယ်။ ကားအစီး ၂၀၀ အတွက်ဆို မိနစ်၂၀၀ ဒီကားတန်းကြီးရပ်နေတာ လမ်းမပေါ်မှာလည်း အနှောင့်အယှက်ဖြစ်မယ်။ ဒါမျိုးတွေ တွက်ရတာပေါ့။ နောက်တနည်းကတော့ လူဦးရေ သိပ်သည်းဆများတာပေါ့။ လူများတဲ့အခါ ဘာဖြစ်လဲဆိုတော့ နဂိုရည်ရွယ်ထားတဲ့ လူအရေအတွက်များရင် လူမှုပြဿနာတွေ ပိုများမယ်။ သူတို့ရဲ့အမှိုက်စွန့်ထုတ်တာတွေ မိလ္လာတွေ၊ လူမှုရေးပြဿနာတွေ၊ သဘာဝဘေးအန္တရာယ်ကြုံခဲ့ရင် ဒါတွေကျွန်တော်တို့ တွက်ရတယ်။ တွက်တော့ နိုင်ငံတကာမှာ ဆောက်လုပ် ရေးဝန်ကြီးဌာနဘက်က ရည်ညွှန်းပေးတာက လူဦးရေသိပ်သည်းဆ ၁ ဧက ၅၀၀ အောက်ပဲ သတ်မှတ်စေ ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ခုစစ်တဲ့အချိန် ၁ ဧက ၅၀၀ နဲ့သာ စစ်ချလိုက်ရင် ဒီတိုက်တွေအကုန်လုံး တလုံးမှဆက်ဆောက်ခွင့်ရတော့မှာ မဟုတ်ဘူး။ အခုစစ်တယ်ဆိုတာလည်း အစိုးရအဖွဲ့ကို တင်ပြရတာပေါ့။ ဒီဟာကတော့ ပြီးခဲ့တဲ့အစိုးရကလည်း ပါမစ်ပေးခဲ့ပြီး ဖြစ်နေတယ်။ ဒီတခေါက်စစ်ဆေးတဲ့ အဆောက်အဦတွေက လက်လွန်ပြီးသားဖြစ်နေတယ်။ လုပ်ငန်းရှင်လည်း အရမ်းမနစ်နာ စည်းမျဉ်းစည်းကမ်းနဲ့လည်း ကိုက်ညီအောင် ၁၀၀၀ ထိပေးပါဆိုတော့ ၁၀၀၀ ထိပေးတယ်။ ၁၀၀၀ ကျော်တာတွေကို ၁၀၀၀ အောက်လျှော့ခိုင်းတယ်။ အများကြီးလိုက် လျောခဲ့တာ။ မလိုက်လျောလို့လည်း မရဘူး။ သူက ဆောက်ပြီးနေပြီ။ လူဦးရေ သိပ်သည်းဆ ၅၀၀ နဲ့သာတိုက်ချရင် အဲဒီအဆောက်အဦတွေ အကုန်လုံး ရပ်သွားမယ်။ ဒါပေမဲ့ စည်ပင်သာယာက နောက်နောင် လူဦးရေသိပ်သည်းဆ ၅၀၀ နဲ့ပဲ ဖြတ်ချရမယ်။ ဒီစည်းကမ်း နောက်ပိုင်း လျှော့မှာမဟုတ်တော့ဘူး။
မေး-အနာဂတ်အတွက် အကျိုးရှိမယ့်ရလဒ်ကိုစပြီး အကောင်အထည်ဖော်နိုင်တာလို့ ပြောလို့ရတာပေါ့နော်။
ဖြေ-နောင်တက်လာမယ့်ပြဿနာတွေ အားလုံးကို ကြိုရှင်းရတာပေါ့။ အခုကတည်းက ကြိုမလုပ်ခဲ့ရင် နောက်ပြီးကြရင် ပိုဆိုးမှာပေါ့။
မေး-ဒီလို အရင်ကတည်းကရှိတဲ့ဟာတွေ အခုမှ စိစစ်တယ်ဆိုတော့ မစိစစ်ခင်ကဟာတွေအတွက်ဆို ရန်ကုန်က ဘယ်လောက်အန္တရာယ်ကြီးမလဲ။
ဖြေ-အရမ်းကို အန္တရာယ်ရှိတာပေါ့။ ရန်ကုန်မြို့က ငလျင်ကြီးကြီးလှုပ်ရင် အင်မတန်အန္တရာယ်ကြီးတဲ့ မြို့ကြီးထဲမှာပါတယ်။ အထပ်မြင့် အဆောက်အဦမှ မဟုတ်ဘူး။ အထပ်နိမ့်အဆောက်အဦဆောက်တဲ့ အချိန်မှာ စည်းကမ်းနဲ့ ဘယ်လောက်ကိုက်ညီလဲ ဘယ်သူမှ မသိခဲ့ဘူး။ ဒီအဆောက်အဦတွေအားလုံး အင်မတန်အန္တရာယ်များတယ်။ ဘာမှမတတ်နိုင်တော့ဘူး။ ကျွန်တော်တို့က အထပ်မြင့် အဆောက်အဦတွေဖြစ်တဲ့အတွက် ပိုဂရုစိုက်ရတယ်။
မေး-နောက်တခုက ဆရာတို့ စိစစ်လိုက်လို့ ဆောက်လုပ်ရေးလောကကြီးတခုလုံး ရပ်ဆိုင်းရနီးပါး အခြေအနေဆိုးသွားတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေတယ်။ ဒီအပေါ်မှာ ဘာများပြောချင်လဲ။
ဖြေ-အခုစစ်တဲ့အချိန်မှာ အချို့အဆောက်အဦတွေ လုံးဝလွတ်တဲ့ဟာ ရှိတယ်။ အဆောက်အဦ တခုမှာပေါ့။ လမ်းမကြီးဘေး မဟုတ်ဘူး။ လမ်းသွယ်ထဲမှာပေါ့။ ဒါပေမဲ့ သူ့အဆောက်အဦကို ဘေးမှာပတ်ပတ်လည် ပေ၂၀ ချန်ထားတယ်။ အဲလိုအဆောက်အဦကျ တော်တော်များများစိတ်ချရတယ်။ ဒါမျိုး လွတ်တယ်။ ပြောချင်တာက တချို့ကစည်းကမ်းထက်ကို ပိုပိုသာသာချန်ပြီးတော့ လုံခြုံရေးကို ပိုဂရုစိုက်သူရှိတယ်။ အဲလို မဟုတ်တဲ့ မြေကြီးကလည်း ဈေးကြီးတော့ အပြည့်ယူတဲ့အခါ ဒီလိုငြိကြတယ်။
မေး-ဝေဖန်သူတွေက အစိုးရသစ်လက်ထက်တက်လာမှ ဆောက်လုပ်ရေးလုပ်ငန်းတွေ တုံ့ဆိုင်းကုန်တာတို့ ဆောက်လုပ်ရေးလုပ်သားတွေ အဆင်မပြေဘူးဆိုတာ ဝေဖန်သူတွေပြောသလို ဆရာတို့နဲ့ သက်ဆိုင်သလား။
ဖြေ-ဆောက်လုပ်ရေးလုပ်ငန်းတွေ ပျက်နေတာ အခုမှ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက အခုဒီဟာဖြစ်တဲ့အချိန်မှာ ၁၂ လုံးအရပ် ခံရရင် ၁၂ လုံးထိခိုက်မယ်ပေါ့၊ လွတ်သွားတဲ့အလုံးတွေက ဆက်လုပ်ခွင့် ရတာပဲ၊ အလုပ်သမားရဲ့သဘောကတော့ ခေါ်တဲ့ဆီသွားမှာပဲ၊ ဒီအလုံး ရပ်ပေမယ့် ဟိုဘက်အလုံးကခေါ်ရင် ဟိုဘက်သွားမှာပဲ၊ အလုပ်သမားမှာ အများကြီးချက်ချင်းကြီး သက်ရောက်သွားတာမရှိဘူး။ သက်ရောက်မှုရှိမယ်၊ သို့သော် ချက်ချင်းကြီး ၀ုန်းဆိုပြီး ထိခိုက်သွားတာမရှိဘူး၊ အခုပြော နေတာ ၉ ထပ်နဲ့အထက်ပဲရှိသေးတာ၊ ၉ ထပ်အောက်တွေ ဘာမှမပြော သေးဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်တွေရှိနေတာ၊ တကယ်သာအလုပ်မရှိဘူးဆိုရင် အလုပ်သမားအားလုံး အလုပ် တကယ်ရပ်သွားရင် လမ်းပေါ်အကုန်တက်လာမှာပေါ့၊ ဆောက်လုပ်ရေးတွေ မကောင်းတာ အခုမှမဟုတ်ဘူး။ ကျွန်တော်တို့ စစ်လိုက်တော့ ဘာမှမလုပ်တဲ့ဟာတွေ အများကြီးပဲ၊ ဒါတွေလည်း အများကြီးတွေ့ရတယ်။ ထိခိုက်မှုရှိရင်ရှိမယ်။ ဒါပေမဲ့ လုပ်ငန်းပျက်လောက်အောင် ထိခိုက်တာမရှိပါဘူး။
မေး-ပြီးခဲ့တဲ့ ၂ နှစ်ကဆိုတော့ ဘာကြောင့်လို့ ထင်သလဲဗျ။
ဖြေ-ကျွန်တော်တို့ အိမ်ခြံမြေဆောက်လုပ်ရေးလောကရဲ့ ဈေးကွက်ရဲ့ ၀ယ်လိုအားက အမှန်မဟုတ်ခဲ့တာပေါ့၊ အိုးပိုင်အိမ်ပိုင် မရှိတဲ့သူတွေက နိုင်ငံထဲမှာ အများကြီးပဲ၊ ဒါပေမဲ့ ဒီလူတွေရဲ့ ၀င်ငွေအနေအထားက အိုးပိုင်အိမ်ပိုင်ဝယ်နိုင်တဲ့ အနေအထား ရောက်မလာခဲ့ဘူး။ ရောက်မလာတော့ အိမ်ဘယ် လောက်ဆောက်ဆောက်ဝယ်နိုင်တဲ့ အနေအထားရောက် မလာဘူး။ အဲဒီအချိန်မှာပဲ ငွေရှိတဲ့ လူတန်းစားတချို့က ငွေပေါတဲ့လူတန်းစားက အိမ်တွေခြံတွေ အများကြီးဝယ်ကြတယ်။ ကွန်ဒိုတွေမှာ အသိသာ ဆုံးပဲ အဲဒီလူတွေရဲ့ စီးပွားရေးအပြောင်းအလဲက အ၀ယ်ကိုရပ်လိုက်တဲ့အချိန်မှာ ၀ယ်လိုအားမရှိတော့ ကျသွားတယ်။ တကယ်ဝယ်လိုအားရှိတဲ့သူတွေက ၀ယ်နိုင်တဲ့ဟာ ခုထိမရှိသေးပါဘူး။ ဒီလူတွေ ပိုက်ဆံရှိလာမှ ဒီတိုက်ခန်းတွေ ရောင်းရမယ်။ အခုဟာက ဒီလူတွေဆောက်တာနဲ့ ဒီလူတွေဝယ်တဲ့ဟာ စီးပွားဖြစ်ဆောက်ပြီး စီးပွားဖြစ်အရောင်းအ၀ယ်ပြနေကြတာ တကယ်ဟုတ်ချင်မှဟုတ်မယ်။ အဲဒီမှာ အိမ်ခြံမြေဈေးကွက်က အမြင့်ဆုံးရောက်သွားတယ်။ အခြေခံလူတန်းစားရဲ့ ၀ယ်နိုင်တဲ့ ဈေးမဟုတ်တော့ ၀ယ်လိုအားက မမျှဘူး။ ဒီတော့ တဖြည်းဖြည်းနှေးနှေးလာတာပေါ့။ ဖန်တီးထားတဲ့ ၀ယ်လိုအားဖြစ်နေတာကိုး။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ကိုခက် တွေ့ဆုံမေးမြန်းသည်။)

No comments: