Saturday, August 27, 2016

အာဏာရှင်ကြီး ဗိုလ်နေ၀င်း၏ ဇနီးတော်များ ရာဇ၀င် (၁) - သန်းဝင်းလှိုင်

အာဏာရှင်ကြီး ဗိုလ်နေ၀င်း၏ ဇနီးတော်များ ရာဇ၀င် (၁) - သန်းဝင်းလှိုင်
 
27 August 2016
=================
============================================
မြန်မာနိုင်ငံတော်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်း စစ်အာဏာရှင်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး နေ၀င်းသည် သူ့ဘ၀တစ်လျှောက်တွင် တရားဝင် ထိမ်းမြားလက်ထပ်ခဲ့သည့် ဇနီးပေါင်းမှာ ၇ ဦးရှိခဲ့သည်။
ဦးနေ၀င်းကို ၁၉၁၀ပြည့်နှစ် ဇူလိုင်လ ၆ရက် ဗုဒ္ဓဟူးနေ့ ည ၆နာရီတွင် အဖ ဦးဖိုးခ၊ အမိ ဒေါ်မိလေးတို့မှ ပြည်ခရိုင် ပေါင်းတလည်မြို့နယ်၊ ချောင်းကောင်းရွာ၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ခုနှစ်ဦးအနက် သားအကြီးဆုံး ဖြစ်သည်။ သို့သော် ၁၉၁၇ခုနှစ် အောက်တိုဘာလတွင် ဖွားမြင်သော သခင်လှထွန်းနှင့် ၁၉၂၇ခုနှစ် ဧပြီလ ၂၂ရက်တွင် ဖွားမြင်သော ဦးသိန်းညွန့် (ကိုညီလေး)တို့သာ အဖတ်တင်ခဲ့သည်။ ကျန် ညီမနှစ်ယောက်နှင့် ညီနှစ်ယောက်မှာ ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့ကြသည်။ ညီဖြစ်သူ သခင်လှထွန်းမှာ သခင်ဗစိန်၏ သခင်အုပ်စုမှ တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်သည်။ ဦးသိန်းညွန့်မှာ နိုင်ငံရေးလောကနှင့် မပတ်သက်သူဖြစ်သည်။
ဦးနေ၀င်း၏ မိဘများကို စာအုပ်အသီးသီး၌ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဟု ဖော်ပြနေသော်လည်း ဖခင် ဦးဖိုးခမှာ တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်နှင့် ဖူကျန်းပြည်နယ် ဟတ်ကား (Hakka) (စက) လူမျိုး ဖြစ်ပြီး၊ ၀က်ကုန်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ရ မွန်ဦးဖိုးချိုက စာရေးသူအား ပြောပြဖူးသည်။
ဤနေရာ၌ အနည်းငယ် ရှင်းပြလိုပါသည်။ ယေဘုယျအားဖြင့် မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စုသုံးစု ၀င်ရောက်နေထိုင်လာကြသည်။ (၁) ဖူကျန့်ပြည်နယ်မှ ဟုတ်ကင်လူမျိုး (အင်္ကျီလက်ရှည်၊ လက်ရှည်)၊ (၂)ကွမ်တုန်းပြည်နယ်မှ ကွမ်တုန်းလူမျိုး(အင်္ကျီလက်တို၊ လက်တို)နှင့် (၃) ဖူးကျန့်နှင့် ကွမ်တုန်ပြည်နယ်မှ ဟတ်ကားလူမျိုး (စက)တို့ ဖြစ်ကြသည်။ ဦးနေ၀င်း၏ဖခင် ဦးဖိုးခသည် အရှည်လည်း မဟုတ်သလို အတိုလည်း မဟုတ်သည့် လက်စကလူမျိုးဖြစ်သည်။
မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် “ဟုတ်ကင်” နှင့် “ကွမ်တုန်” တို့မှာ ၄၅ ရာခိုင်နှုန်းခန့် ရှိသည်။ “ဟတ်ကား” လူမျိုးများကိုမူ ၄င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့်မှလာသူကို အင်္ကျီရှည် ဟတ်ကားနှင့် ကွမ်တုန်မှလာသူကို အင်္ကျီတို ဟတ်ကားဟု ထပ်မံခွဲခြားထားသည်။ မြန်မာပြည်ရှိ တရုတ်များအနက် ကွမ်တုန် လူမျိုးများသည် အဆင်းရဲဆုံး၊ အစိုးရ၀န်ထမ်းများနှင့် အချိတ်အဆက် ကောင်းသည့် ဟုတ်ကင်များသည် အချမ်းသာဆုံးဟု မြန်မာများ အကြားတွင် ရှေးရိုးစွဲ အမြင်များရှိသည်။
အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့် ဒေသတွင် အခြေချသည့် တရုတ်လူမျိုး အများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုး၊ ပန်းသေးများနှင့် ကိုးကန့်လူမျိုးများသည် အဓိက ဖြစ်သည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာပြည်ရှိ တရုတ်လူမျိုးဦးရေ၏ ၂၁ ရာခိုင်နှုန်းခန့် ရှိသည်။ ကျန်တရုတ်များမှာ တရုတ် မြန်မာကပြားများ ဖြစ်ကြသည်။
ဦးနေ၀င်းသည် တရုတ်သွေးပါသော်လည်း ၄င်းသည် တရုတ်သွေး လုံးဝမပါဟု အခါအခွင့်သင့်တိုင်း ငြင်းချက်ထုတ်လေ့ရှိသည်။ ဒေါက်တာမောင်မောင် ရေးသားခဲ့သော “မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း”စာအုပ် စာမျက်နှာ ၄၃၇ ၌ပင် ဦးနေ၀င်းက
“ဒီတော့ ကျွန်တော်တစ်ခုပဲ ပြောချင်တယ်။ ကြုံတုန်းကို ကျွန်တော့်ဘိုးဘီ၊ ကျွန်တော် မှတ်မိသလောက်ပေါ့။ သုံးဆက်လေးဆက်ရှိအောင် ကျွန်တော်တို့မှာ နိုင်ငံခြားသွေး တစ်သွေးမှ မပါပါဘူး။ ဘာသွေးမှမပါဘူး။ ဟုတ်လား။ အဲဒီတော့ ဒီသွေးပါတယ် မပါဘူးဆိုတာ ဗမာအယူအဆ၊ ဗမာအတွေးအခေါ်။ ဒါကလေး ကျွန်တော် နည်းနည်း ပြောပြချင်တယ်။ ဒီဗမာလည်း နတ်တင်တယ်။ တရုတ်လည်း နတ်တင်တယ်။ ဟုတ်လား အဲဒီတော့ ဗမာတင်တဲ့နတ်နဲ့ တရုတ်တင်တဲ့နတ်ဟာ တူသလားဗျာ။ သူတို့က ကျစ်ဆံနီတို့ ဘာတို့ပေါ့။ ကျွန်တော်သိသလောက် ဒီ့အပြင် ဘာတွေ မသိတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော့် မိဘဘိုးဘွား၊ ဒီတလိုင်းနတ် သူတို့ပြောတာပါပဲ။ ဒါဘယ်လောက်မှန်သလဲတော့ မပြောတတ်ဘူး။ တလိုင်းနတ်ထဲတောင်မှ ခပ်ညံ့ညံ့ပါဗျာ။ ငါးရံ့နဖားကြိုး ထိုးတဲ့နတ်။ အဲဒါ ငါးရံ့နဖားကြိုး ထိုးပြီး တင်ရတယ်။ နတ်တင်တဲ့ အမျိုး ဘယ့်နှယ်လုပ်ပြီး တရုတ်ဖြစ်မလဲဗျ” ဟူ၍ ငြင်းချက်ထုတ်ခဲ့သည်။
ဦးနေ၀င်း တရုတ်မဟုတ်ကြောင်း သိသိချည်းနှင့် ဗြောင်လိမ်ပေးခဲ့သူမှာ ဦးညိုမြဖြစ်သည်။ သူသည် အိုးဝေဂျာနယ် အမှတ် ၁၇ (၁၉၆၉ ဧပြီလ ၁၅ရက်) ထုတ်၌ မောင်သုမန ကလောင်ကွဲဖြင့် “ဗိုလ်ချုပ်ကြီးနေ၀င်း တရုတ်ဆိုသူ အဖေမှာ ထိုးကွင်းကြီးနဲ့ ခေါင်းစဉ်တပ်ရေးသားကာ ဓာတ်ပုံနှင့်တကွ ဖော်ပြ၍ အမှန်တရားကို ဖုံးဖိပေးခဲ့သည်။ ယင်းအတွက် ဦးညိုမြအား ဦးနေ၀င်းက ကျေးဇူးဆပ်သည့် အနေဖြင့် ဆိပ်ကမ်းသာလမ်း (အရှေ့)၌ တိုက်ခန်းတစ်ခန်း ၀ယ်ပေးခဲ့သည်။
အမှန်မှာ ဦးညိုမြ၏ အိုးဝေဂျာနယ်၌ ရိုက်ကူးဖော်ပြခဲ့သော ဦးဖိုးခ ခါးတောင်းကျိုက် ဓာတ်ပုံမှာ ဘာထိုးကွင်းမှ မပါရှိပေ။ ထိုစဉ်က အိုးဝေဂျာနယ်တွင် သတင်းထောက် ၀င်ရောက်လုပ်ကိုင်နေသော စာရေးဆရာကြီး တက္ကသိုလ်စိန်တင်က ဦးညိုမြခိုင်း၍ သူကိုယ်တိုင်ဓာတ်ပုံတွင် မင်ဖြင့် ထိုးကွင်းပုံများ ရေးဆွဲပေးခဲ့ရကြောင်း စာရေးသူအား ပြောပြခဲ့ပါသည်။ မယုံလျှင် ယနေ့တိုင် တက္ကသိုလ်စိန်တင်သည် သက်ရှိထင်ရှား ရှိနေသေး၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ (စကားချပ်)
ပထမဆုံး ဇနီးတော်
ဦးနေ၀င်း၏ ပထမဆုံး အိမ်ထောင်ဖက်မှာ သူ့ထက် အသက်ကြီးသော ဒေါ်သိန်းညွန့်ဖြစ်သည်။ ဒေါ်သိန်းညွန့်ကို သူရန်ကုန်တက္ကသိုလ် ဥပဒေသိပ္ပံ (I.Sc) အထက်တန်းမှ ထွက်ခဲ့ရသည့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်သိန်းညွန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက် ပါခဲ့သူဖြစ်သည်။ ဒေါ်သိန်းညွန့်ခေါ်မေရီနှင့် ၁၉၃၇ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ ကိုသိန်းခေါ် ဦးကျော်သိန်းကို ထွန်းကားခဲ့သည်။ ဦးနေ၀င်းက သူ့သားကြီးကို “တာတီး”ဟု ခေါ်ဝေါ်ခဲ့သည်။
ဦးနေ၀င်း၏ သားကြီး ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏သမီး မကြည်ကြည်အေးနှင့် လက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅နှစ်အရွယ် ၁၉၇၈ခုနှစ် နိုဝင်ဘာလ ၃၀ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ၄င်း၏ ဇနီး ဒေါ်ကြည်ကြည်အေးသည် အသက် ၅၉နှစ်အရွယ် ၁၉၉၇ခုနှစ် စက်တင်ဘာ ၂၁ရက်တွင် ကွယ်လွန်သွားသည်။
ထို့နောက် ဒေါ်သိန်းညွန့်နှင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် အိမ်ထောင်ရေး ပြိုကွဲသွားကာ ဒေါ်တင်တင်နှင့် အိမ်ထောင်သစ်ထူခဲ့ပြန်သည်။
ဒုတိယ ဇနီးတော်
ဦးနေ၀င်းသည် ဒေါ်တင်တင်နှင့် ၁၉၃၇ခုနှစ် ဇူလိုင်လ ၁၈ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ် အောင်ဆန်းလမ်း)ရှိ အိမ်အမှတ် ၁၀၆၌ လက်ထပ်ခဲ့သည်။ ၄င်းတို့ လက်ထပ်မင်္ဂလာ ဧည့်ခံပွဲသို့ ဦးနေ၀င်း၏ ဖခင်ဦးဖိုးခ ကိုယ်တိုင် တက်ရောက်ခဲ့သည်။ သခင်ရူမောင်ခေါ် ဦးနေ၀င်းနှင့် ဒေါ်တင်တင်တို့မှာ ၁၉၃၉ခုနှစ်တွင် သား ငွေစိုးကို ဖွားမြင်ခဲ့သည်။ ထိုစဉ်က ဦးနေ၀င်းသည် ရွှေဂုံတိုင်လမ်းဆုံရှိ စာတိုက်တွင် စာရေးအဖြစ် အမှုထမ်းချိန်ဖြစ်သည်။ ဒေါ်တင်တင်သည်လည်း ယင်းစာတိုက်မှ စာရေးမတစ်ဦး ဖြစ်သည်။ ဦးနေ၀င်းသည် အားလျှင် ယခု မြို့မကျောင်းလမ်း ဘေးရှိ မိုင်ဒါမြင်းပြိုင်ကွင်း၌ မြင်းလောင်းလေ့ရှိသည်။ နောင်တွင်မှ ယင်းမြင်းပြိုင်ကွင်းကို တာမွေမြို့နယ်၊ ကျိုက္ကဆံ မြင်းပြိုင်ကွင်း နေရာသို့ ပြောင်းရွှေ့သွားသည်။
ဦးနေ၀င်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်ဂိုဏ်းမှ တို့ဗမာအစည်းအရုံးဝင် တစ်ဦးဖြစ်သည်။ ဦးလေးဖြစ်သူ သခင်ညီ၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့၏ တိုက်တွန်းမှုကြောင့် ဂျပန်နိုင်ငံသို့ စစ်ပညာ သင်ကြားရန် စေလွှတ်ခဲ့သော ရဲဘော်သုံးကျိပ် စတုတ္ထ အသုတ်၌ ပါဝင်ခဲ့သူဖြစ်သည်။ သူနှင့်အတူ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှ(ဗိုလ်မင်းရောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)၊ သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)တို့ ပါဝင်၍ ကိုရိယုမာ ရူးသင်္ဘောဖြင့် မြန်မာနိုင်ငံမှ ၁၉၄၁ ဇူလိုင်လ ၈ရက်တွင် ထွက်ခွာခဲ့ကြသည်။
ဦးနေ၀င်းသည် ဂျပန်တို့ သိမ်းပိုက်ထားသော ဟိုင်နန်းကျွန်း၌ စစ်ပညာသင်ကြားနေစဉ်က သား မောင်ငွေစိုးသည် နှစ်နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောင်တွင် ယူဘီအေ (U.B.A)ခေါ် ဗမာ့လေကြောင်းလိုင်း၌ ဒါကိုတာ လေယာဉ်မှူး ဖြစ်လာခဲ့သည်။ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်ကို ၁၉၄၉ ဇူလိုင် ၁၇ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ အေးအောင်ဝင်းကို မွေးဖွားစဉ်က ဦးနေ၀င်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ဗမာ့ တပ်မတော်တွင် စစ်ဦးစီးချုပ်၊ စစ်သေနာပတိ ဖြစ်နေပြီဖြစ်သည်။ သူသည် ၁၉၄၉ မတ် ၃တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပါလီမန် အစိုးရခေတ်တွင် မြန်မာနိုင်ငံတွင် ရောင်စုံလက်နက်ကိုင် ပုန်ကန် တက်ကြွမှုများကြောင့် သခင်နု ဦးဆောင်သော ဖဆပလ အစိုးရသည် ရန်ကုန် အစိုးရဟု ခေါ်ရလောက်အောင် အခြေအနေ ဆိုးဝါးလာခဲ့သည်။ ထိုသို့ နိုင်ငံရေး အခြေအနေ ဆိုးဝါးနေသည့်အတွက် ဖဆပလအစိုးရ အဖွဲ့အတွင်းတွင် ၀ါးအစည်းပြေ သကဲ့သို့ ညီညွတ်ရေး ပြိုကွဲကာ ဆိုရှယ်လစ် ၀န်ကြီးများနှင့် ရဲဘော်ဖြူ ၀န်ကြီးများသည် အစိုးရ အဖွဲ့မှ နုတ်ထွက်သွားခဲ့ကြသည်။
ထို့ကြောင့် ၁၉၄၉ ဧပြီလ ၁ရက်နေ့တွင် နိုင်ငံတော် ၀န်ကြီးချုပ် သခင်နုသည် အစိုးရအဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး နေ၀င်းအား တိုင်းပြည် အခြေအနေကို ၀င်ရောက် ထိန်းသိမ်းပေးရန် အတွက် အစိုးရအဖွဲ့သို့ ၀င်ရန် ဖိတ်ခေါ်ခဲ့သည်။
ဤသို့ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး နေ၀င်းသည် ၁၉၄၉ ဧပြီ ၅တွင် မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့၌ ဒုတိယ ၀န်ကြီးချုပ် ကာကွယ်ရေးနှင့် ပြည်ထဲရေး ၀န်ကြီး ဖြစ်လာသည်။ ယင်းနောက် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၉ရက်တွင် အစိုးရအဖွဲ့မှ ပြန်လည် နုတ်ထွက်၍ စစ်တပ်သို့ ပြန်သွားကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ပြန်လည်ရယူခဲ့သည်။
ဗိုလ်ချုပ်ကြီး နေ၀င်းသည် ဒေါ်တင်တင်နှင့် တရားဝင် ကွာရှင်းခြင်း မရှိဘဲ ၁၉၅၂ခုနှစ် မတ်လ ၁၀ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်းခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းရှိ ဆေးကျောင်းအုပ်ကြီး နေအိမ်၌ နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။
သန်းဝင်းလှိုင်

No comments: