Saturday, August 27, 2016

ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး မူဝါဒ ကောင်းမွန်ခြင်း

(သြဂုတ်လ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
 
ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး မူဝါဒ ကောင်းမွန်ခြင်း
 
27 August 2016
 
နိုင်ငံ တစ်နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဆက်နွှယ်နေကြောင်း သုတေသန ပညာရှင်များက သုံးသပ်ထားသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးမှု အသားကျနေသော နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများကို လေ့လာကြည့်ပါက မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး ကဏ္ဍမှာ အရေးပါနေသည်။
မြန်မာနိုင်ငံ အနေဖြင့်လည်း အစိုးရသစ်၏ စီးပွားရေးမူဝါဒ ၁၂ ချက်ကို မကြာသေးမီက တရားဝင် ထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံး ညီတူညီမျှ ဖွံ့ဖြိုးမှု ရရှိရန် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံသည့် စီးပွားရေး မူဝါဒကို အကောင်အထည်ဖော်မည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။ အစိုးရ တစ်ရပ်အတွက် ထိရောက်မှန်ကန်သည့် စီးပွားရေးစီမံမှုမှာ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ ဘဏ္ဍာရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ မူဝါဒများ အပါအ၀င် စီးပွားရေးကဏ္ဍ အရှိန်မြှင့်တင်နိုင်မည့် အစီအမံများ လိုအပ်မည်ဖြစ်သည်။ ငွေကြေးဖောင်းပွမှု ပြဿနာမျိုးကို ထိန်းညှိနိုင်မည့် ငွေကြေးဆိုင်ရာ မူဝါဒမှာလည်း အရေးပါသည့် ကိစ္စရပ်ပင် ဖြစ်နေသည်။ မြန်မာနိုင်ငံ အနေဖြင့် ခေတ်အဆက်ဆက်တွင် စီးပွားရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ စီမံမှု အလွဲများကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ ငွေကြေးဖောင်းပွနှုန်း မြင့်တက်လာခြင်း၊ ပြည်ပချေးငွေ မြင့်တက်လာခြင်းတို့၏ ဖိစီးမှုများက အစိုးရကိုသာမက နိုင်ငံနှင့် လူထုကိုပါ ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့် သာဓကများစွာလည်း ရှိခဲ့ပြီးဖြစ်သည်။
အစိုးရ၏ စီးပွားရေး မူဝါဒမှာ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေး အရင်းအမြစ်များ တိုးတက်ပွား များလာအောင် ဆောင်ရွက်ရန် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်ကိုင်နိုင်ခြေ မရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေးတိုးတက်မှု အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း သိရသည်။ ခေတ်မီဖွံ့ဖြိုးသော စီးပွားရေး ဖြစ်ထွန်းစေနိုင်သည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့် အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ အစီအမံများ လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဟန်ချက်ညီ တိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံကို ဖော်ထုတ်မည်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် မူဝါဒများ သီးခြားရေးဆွဲ ဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရေး တိုးမြှင့်ဆောင်ရွက်ကာ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုစေနိုင်မည့် ငွေရေးကြေးရေး စနစ်ဖြင့် ဘဏ္ဍာရေး တည်ငြိမ်လာရေးအတွက် လုပ်ဆောင်မည်ဟုလည်း စီးပွားရေး မူဝါဒများတွင် ထည့်သွင်းထားသည်။ သဘာဝ ပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းစေရန် လိုက်လျောညီထွေဖြစ်စေမည့် မြို့ပြများ တည်ထောင်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့်ခြင်း၊ အကျိုးသက်ရောက်မှု ရှိပြီး မျှတသော အခွန်စနစ် ထူထောင်ကာ ပြည်သူ့အခွင့်အရေး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်များကို ဥပဒေနှင့်အညီ ကာကွယ်ပေးမည်ဟူသည့် အချက်လည်း ပါဝင်သည်။
ဆင်းရဲမွဲတေမှု ပြဿနာ အပါအ၀င် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေသည့် မြန်မာနိုင်ငံအတွက် နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များနှင့်အတူ ထိရောက်မှန်ကန်သည့် စီးပွားရေး မူဝါဒကောင်းများ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments: