Monday, August 15, 2016

၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန် မျက်နှာစုံညီ အစည်းအဝေး - အပိုင်း (၅)


မောင်မောင်စိုး ● ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန် မျက်နှာစုံညီ အစည်းအဝေး - အပိုင်း (၅)
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၆

● စစ်ဖက်ဆိုင်ရာအခြေခံမူများ
မိုင်ဂျာယာန်ဆွေးနွေးပွဲတတိယရက်တွင် အမျိုးကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာမူဝါဒများနှင့် ဖက်ဒရယ်ပြည်ထောင်စု တပ် မတော် ဖွဲ့စည်းရေးဆိုင်ရာမူဝါဒများကို ဆွေးနွေးကြသည်။ ဤအချက်ကိုဆွေးနွေးခြင်းမှာ SSR ခေါ် လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် ပြင်ဆင်ကြခြင်း ဖြစ်သည်ဟုသုံးသပ်ရသည်။ ထို့ပြင် ဤနေရာတွင်ဆွေးနွေးကြသော မူဝါဒများနှင့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုသည်မှာ ၂၁ ရာစုပင်လုံ ပြီးမြောက်အောင်မြင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တရပ်ပေါ်လာပါက ထားရှိမည့်အခြေအနေများကိုဆွေးနွေးကြခြင်းဖြစ်သည်။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်များစုပေါင်း၍ တပ်ပေါင်းစုတပ်ဖွဲ့ခြင်းကို ရည်ရွယ်ရင်းမဟုတ်ပေ။

၎င်းညီလာခံတွင် တင်ပြဆွေးနွေးသည်မှာ ဖက်ဒရယ်ပြည်ထောင်စုတရပ်တွင် ဖက်ဒရယ်တပ်မတော် တရပ်ရှိရမည်။ အလားတူ ပြည်နယ်များတွင်လည်း ပြည်နယ်တပ်ရှိရမည်ဆိုသည့်ဘက်ကတင်ပြ ဆွေးနွေးကြသည်။

ဤအချက်တွင် ၂၁ ရာစုပင်လုံတွင် မြန်မာစစ်ဖက်ခေါင်းဆောင်များအတွက် လက်ခံရန် ခက်ခဲသည့် ပြဿနာ ဖြစ်သည်။ မြန်မာစစ်ဖက်ခေါင်းဆောင်များရပ်ခံထားသည်မှာ DDR ဟုဆိုသည့်လက်နက်ဖြု တ်သိမ်းရေးဖြစ်သည်။

နိုင်ငံရေးအရ အယူအဆကွဲပြား၍ လက်နက်ကိုင်တိုက်ခိုက်နေကြသူများအတွက် တဖက်နှင့်တဖက် ယုံကြည်မှုတည်ဆောက်ရန်လိုအပ်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့်ရန် လွယ်ကူမည်မဟုတ်ပေ။ လက်ရှိ NCA ထိုးထားသော အဖွဲ့များဖြစ်စေ မထိုးသေးသည့်အဖွဲ့များဖြစ်စေ လက်နက်အလွယ်တကူစွန့်ရန် ခက်ခဲပေသည်။ ဤအချက်နှင့်ပတ်သက်၍ မြန်မာစစ်ဖက်ခေါင်းဆောင် များကလည်း လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် ပြည်သူ့စစ်ဖြစ်စေ နယ်ခြားစောင့်တပ်ဖြစ်စေ ပြောင်းလဲဖွဲ့စည်းပြီး မြန်မာစစ်ဖက်၏ထိန်းချုပ်မှုအောက်တွင်ထားရှိအတွက် ဦးတည်လုပ်ဆောင် ရန် ရည်ရွယ်ထားရှိပေရာ ၂၁ ရာစုပင်လုံအတွက် ခက်ခဲစွာလုပ်ဆောင်ရမည့်အပိုင်း ဖြစ်သည်။

တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိ စစ်အင်အား တစ်သိန်းခန့်ပြဿနာဖြေရှင်းရေးသည် ထိလွယ်ရှ လွယ်သော သတိကြီးစွာထား၍ ဖြေရှင်းရမည့်အပိုင်းဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းနိုင်ပါက ညီလာခံမှ ရလဒ်ကောင်း ထွက်ပေါ်နိုင်မည်မဟုတ်ပေ။

ထိုပြဿနာနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ပြည်နယ်တပ်များအဖြစ် ပြောင်းလဲဖွဲ့စည်းသည့် အဆင့် တရပ် လုပ်ဆောင်ရန်လိုအပ်သည်ဟုယူဆကြသည်။ သို့မှသာ လက်နက်ကိုင်တပ်ပြဿနာကို ချောမောစွာဖြေရှင်းကျော်လွှားနိုင်မည်ဟု ယူဆပါသည်။ ဤအမြင်နှင့် ကွဲလွဲမှုများရှိနိုင်သည်။ မည်သို့ကွဲလွဲသည်ဖြစ်စေ အားလုံးလက်ခံနိုင်သည့်အဖြေတရပ်ရှာနိုင်ရန် လိုအပ်ပါသည်။ သို့မှသာ ၂၁ ရာစုပင်လုံကိုအောင်မြင်စွာ အဆုံးသတ်နိုင်ပေလိမ့်မည်။ မြန်မာစစ်ဖက်က သွားလိုသည့် ပုံစံမှာ လက်နက်ဖြုတ်ရေး သို့မဟုတ် နယ်ခြားစောင့်တပ်/ ပြည်သူ့စစ် ဖွဲ့ရေးဖြစ်သည်။ မြန်မာစစ်ဖက်၏ထိမ်းချုပ်မှု အောက်တွင်ထားရှိရေးဖြစ်သည်။

အဆိုပါ မတူသည့်ပုံစံ ၂ ခုသည့် ၂၁ ရာစုပင်လုံတွင် ဖြေရှင်းရမည့် ပုံစံ ၂ ခုဖြစ်သည်။ နိုင်ငံရေးအရ ဖက်ဒရယ်နှင့် ပတ်သက်၍ ဖြေရှင်းနိုင်သည့်အခြေခံပေါ်မှ ဖြေရှင်းပါက ပိုမိုလွယ်ကူမည်ဟု ယူဆပါသည်။

မြန်မာစစ်ဖက်ကလည်း ဆွေးနွေးပွဲကာလ အပစ်ရပ်ကာလအတွင်းတိုင်းရင်းသားတပ်ဖွဲ့များ အင်အား တိုးချဲ့ တည်ဆောက်လာမည်ကို စိုးရိမ်မကင်းရှိသည်။ တိုင်းရင်းသားတပ်ဖွဲ့များကလည်း မိမိအင်အားနည်းပါးပါက မြန်မာစစ်ဖက်၏ အင်အားသုံးဖြေရှင်းခံရမည်ကို စိုးရိမ် စိတ်ရှိသည်။ နှစ်ဖက်စိုးရိမ်မှုများ သံသယများနေရာတွင်ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက်နည်းလမ်းရှာကြရန် လိုပေသည်။ လက်နက်ကိုင်တပ်ဖွဲ့များပြဿနာဖြေရှင်းရေး SSR သည် ၂၁ ရာစုပင်လုံအဆုံးသတ်လှဖို့ အရေးကြီးဆုံးအပိုင်းဟု ဆိုရပေမည်။

● နိုင်ငံရေးဆွေးနွေးမှုမူဘောင်
မိုင်ဂျာယာန်ညီလာခံစတုတ္ထနေ့ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြဿနာကို ဆွေးနွေးကြသည်။ ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးမည့်နိုင်ငံရေးမူဘောင်နှင့် ပတ်သက်သည်။ NCA သဘောတူညီချက်တွင်ပါရှိသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ရေးဆွဲသဘောတူညီမှုရယူခြင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပခြင်း ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောထားရယူခြင်း ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းတို့ကိုဆောင်ရွက်ရန်သဘောတူကြသည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေး လူမှုရေး စီးပွားရေးလုံခြုံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒကိစ္စရပ်များဟူ၍ ခေါင်းစဉ် ၅ ခုအောက်တွင် ဆွေးနွေးရန်သဘောတူကြသည်။

အဓိက ပြဿနာတခုမှာ ၂၁ ရာစုပင်လုံတွင် NCA စာချုပ်ပါအတိုင်း နိုင်ငံရေးဆွေးနွေးရာတွင် အစိုးရ/ လွှတ်တော်/တပ်တို့ကတပွင့် တိုင်းရင်းသားလက်နက်ကိုင်များကတပွင့် နိုင်ငံရေးပါတီများက တပွင့် ၃ ပွင့်ဆိုင်ဆွေးနွေးရန် သဘောထားပေးဆွေးနွေးကြသည်။ မိမိအမြင်အရ ယခင်သမ္မတဟောင်း ဦးသိန်းစိန် ခေတ်ကာလက အစိုးရ/ လွှတ်တော်/တပ်သည် တသဘောထဲရှိရာ တပွင့်ထဲ အဆင်ပြေမှု ရှိသော်လည်း ယခုအချိန်တွင် အစိုးရ/လွှတ်တော်ကတပွင့်၊ တပ်ကတပွင့်၊ တိုင်းရင်းသား လက်နက်ကိုင်များက တပွင့်၊  နိုင်ငံရေးပါတီများကတပွင့် ၄ ပွင့် ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ရသည်။

၂၁ ရာစုပင်လုံဆွေးနွေးပွဲများတွင် ဆွေးနွေးညှိနှိုင်းရမည့်ကိစ္စရပ်အားလုံးကို လုပ်ငန်းကော်မတီ အဆင့်တွင် အကြေအလည် ဆွေးနွေးအဖြေရှာရန်ကွဲလွဲရှိပါက အတွင်းရေးမှူးအဖွဲ့မှတဆင့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC သို့တင်ပြဆွေးနွေးရန် ၎င်းအဆင့်တွင် မပြီးပြတ်ပါက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM Joint Implentation Coordinatio Meeting သို့တင်ပြ ဆုံးဖြတ်ချက် ရယူရန် ဆွေးနွေးခဲ့ကြသည်။

● ပဉ္စမနေ့
မူလက ၄ ရက်ကျင်းပရန်သတ်မှတ်ထားသည့် ညီလာခံသည် ပြီးပြတ်ခြင်းမရှိ၍ တရက်တိုး၍ ကျင်းပ သည်။ နောက်ဆုံးနေ့တွင် ယခင် ၄ ရက်ကဆွေးနွေးခဲ့သည်များကို အလုပ်အဖွဲ့အသီးသီး ပြန်လည် စီစစ်ပြင်ဆင်ရေးသားခဲ့သော စာတမ်းများကို အတည်ပြုကြရာ အားလုံးကို အတည်ပြု နိုင်ခြင်းမရှိ၍ အလုပ်အဖွဲ့များပြန်လည်ပြင်ဆင်ရေးသားပြီး သြဂုတ်လဆန်းတွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် UNFC မှဖွဲ့စည်းထားသည့် DPN နိုင်ငံရေးဆိုင်ရာတွေ့ဆုံညှိနှိုင်းမှုအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့မှ ဖွဲ့စည်းထားသော CT Coordination Team ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တို့ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးဆုံးဖြတ်ကြရန် ညီလာခံမှ သဘောတူခဲ့ သည်။

၂၁ ရာစုပင်လုံအတွက် တိုင်းရင်းသားများ၏ နိုင်ငံရေးမူဘောင်ဆွေးနွေးခြင်းမပြီးပြတ်သေးသဖြင့် ၂၁ ပင်လုံညီလာခံအား အစိုးရကြေညာထားသည့် ၂၀၁၆ သြဂုတ်လနောက်ဆုံးပတ် အစား စက်တင်ဘာ နောက်ဆုံးပတ်၌ကျင်းပရေး အစိုးရအားတင်ပြသွားရန်ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်သင့်သူအားလုံးပါဝင်ရေးမူကို UNFC ကဆက်လက်စွဲကိုင်မည်ဟုဆိုသည်။

ညီလာခံ၏ကိုယ်စားလှယ်အဖွဲ့မိုင်ဂျာယာန်ညီလာခံအခြေအနေဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ UNFC ၏နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုဆိုင်ရာကိုယ်စားလည်အဖွဲ့ခေါင်းဆောင် SSPP မှ စဝ်စိုင်းထူးအဖွဲ့အားအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် စေလွှတ်ခဲ့သည်။

၂၀၁၆ သြဂုတ်လ ၅ ရက်နေ့က စဝ်စိုင်းထူးနှင့်အဖွဲ့သည် ရန်ကုန်မြို့တွင် အစိုးရငြိမ်းချမ်းရေးကော်မရှင် မှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မိုင်ဂျာယာန်ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ဘုံသဘောတူညီ ချက်များ တိုင်းရင်းသားများ၏လိုလားချက်များ အစိုးရ၏ ၂၁ ရာစုပင်လုံတွင် ပူးပေါင်းပါဝင်မှုအလားအလာများ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ၏ NCA လက်မှတ်ထိုးရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အသေးစိတ်သတင်း ထုတ်ပြန်ခြင်းမရှိပါ။ သို့သော် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဦးတည်မည်ဆိုပါက ၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်မည်ဟု SSPP ခေါင်းဆောင်တဦးလည်းဖြစ် DPN ခေါင်းဆောင်တဦးလည်းဖြစ်သူ စဝ်စိုင်းထူးက ဆိုပါသည်။ ထို့ပြင် ယခုတွေ့ဆုံမှုအားလည်း အကောင်းဖက်ကရှု မြင်ကြောင်း စဝ်စိုင်းထူးကဆိုပါသည်။

● ညီလာခံအခြေအနေ
ညီလာခံအတွင်းတက်ရောက်ကြသည့် ကိုယ်စားလှယ်အားလုံးလိုလိုသည် မိမိတို့အမြင်များကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခဲ့ကြသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလည်များအနေနှင့် မိမိတိုင်းရင်းသားဘာသာစကားနှင့်ဆွေးနွေးရသည်မဟုတ်ဘဲ ဗမာစကားနှင့် ဆွေးနွေးရသည်ဖြစ်ရာ အခက်အခဲအနည်းငယ်ရှိသည်ကို တွေ့ရသည်။ အချို့တိုင်းရင်းသားခေါင်းဆောင်များသည် ဗမာ စကားကို ကျွမ်းကျင်လိမ္မာပါးနပ်စွာပြောဆိုနိုင်ကြသော်လည်း အချို့က ဗမာစကားကို မကျွမ်းကျင် ကြချေ။ ထို့ပြင် စကားလုံးတလုံးကို အဓိပ္ပာယ်ကောက်ယူရာတွင်ပင် နားလည်မှု မတူသည့် အခက်အခဲ ရှိသည်ကိုတွေ့ရသည်။ လော်ခီးလာညီလာခံတွင် ပါဝင်ဖူးသူတဦး၏အဆိုအရ လော်ခီးလာ ညီလာခံတွင် ဝေါဟာရတလုံးကို ၃ ရက်ခန့်အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်ဟုဆိုပါသည်။ သို့သော် လိုင်ဇာ လော်ခီးလာ မိုင်ဂျာယာန်ညီလာခံများဆက်တိုက်လုပ်လာခြင်းကြောင့် ထိတွေ့မှုများလာပြီး တိုင်းရင်းသားအချင်းချင်းကြား ဆွေးနွေးပြောဆိုရမှုများ ပိုမိုလွယ်ကူလာသည်ဟုဆိုကြသည်။

ညီလာခံ၏အိမ်ရှင်ဖြစ်သော KIO/KIA အနေနှင့် ညီလာခံတက်ရောက်သူများသွားလာရေး နေထိုင် ရေး စားသောက်ရေးအားလုံးကို လိုလေးသေးမရှိအောင်ဆောင်ရွက်ပြီး ညီလာခံနှင့် အားထည့်ခဲ့ သကဲ့သို့ မျှော်လင့်ချက်လည်းထားရှိခဲ့သည်။ ညီလာခံဧည့်ခံကြိုဆိုရေးအတွက် မြစ်ကြီးနား ဗန်းမော်မူစယ် ကွတ်ခိုင်လားရှိုးတို့မှ ရှမ်းနှင့်ကချင် မြို့မိမြို့ဖများ၊ လူငယ်များ၊ တက်တက်ကြွကြွ လာရောက် ဝိုင်းဝန်းခဲ့ကြပြီး သူတို့၏ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ထုတ်ဖော်ပြသခဲ့ကြသည်။

● မိုင်ဂျာယာန်မှ ၂၁ ရာစုပင်လုံ
လိုင်ဇာ လော်ခီးလာ မိုင်ဂျာယာန်မှသည် ၂၁ ရာစုပင်လုံသို့ သယ်ဆောင်ဆွေးနွေးကြရမည့် အဓိက ပြသနာ ၂ ရပ်မှာ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေါ်အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ထူ ထောင်ရေးပြဿနာအင်အား တစ်သိန်းဝန်းကျင်ခန့်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပြဿနာဖြစ်သည်။

၁၉၄၇ ခုနှစ် ကထဲက မြန်မာပြည်ကို ဖက်ဒရယ်တိုင်းပြည်ထူထောင်ကြမည်ဟု ဆိုခဲ့သော်လည်း ဖက်ဒရယ်နှင့်ပတ်သက်၍ အားလုံးလက်ခံနိုင်သည့် အဖြေမရခဲ့ပေ။ ၁၉၆၂ ခုနှစ် စစ်ဖက်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်မတော့ ဖက်ဒရယ်လည်းဝေး ဒီမိုကရေစီလည်းဝေးကာ တိုင်းပြည်လည်း ချောက်ထဲမှ ပြန်မတက်နိုင်ခဲ့ပေ။ ယခုကာလ ဒီမိုကရေစီနှင့် ဖက်ဒရယ်တို့လွန့်လူးရှင်သန်ခွင့် ရ၍ တိုင်းပြည်အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည့်အချိန်ဟုဆိုရမည်။

ယခု တိုင်းရင်းသားများကလည်း ဖက်ဒရယ်ဟုဆိုသည်။ NLD အရပ်သားအစိုးရသစ်ကလည်း ဖက်ဒရယ်ဟု ဆိုသည်။ မြန်မာစစ်ဖက်ကလည်း ဖက်ဒရယ်ဟု ဆိုသည်။ နိုင်ငံရေးပါတီများကလည်း ဖက်ဒရယ်ဟု ဆိုကြသည်။ သို့သော် ဖက်ဒရယ်နှင့်ပတ်သက်၍ တဦးနှင့်တဦး အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းမတူကြပေ။ ထို့ပြင် ၂၀၀၈ အခြေခံဥပဒေသည်ပင် ဖက်ဒရယ်ကိုညွှန်းသည်ဟုဆိုသူက ဆိုကြသေးသည်။ ၂၀၀၈ အခြေခံဥပဒေကိုပြင်မှ ဖက်ဒရယ်ရနိုင်မည် သို့မဟုတ် အခြေခံဥပဒေကို အသစ်ရေးဆွဲမှ ဖက်ဒရယ်ရမည်ဟုရပ်ခံသူကရပ်ခံကြသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များမှ ဟိုဟိုဒီဒီ ဖက်ဒရယ်ပုံစံများက မြန်မာပြည်နှင့်သင့်တော်သည်ဟုဆိုသူကဆိုကြသည်။

မြန်မာပြည်အတွက် တကယ်လိုအပ်နေသည်ကတော့ အားလုံးလက်ခံနိုင်သည့် မြန်မာပြည်အခြေ အနေနှင့်ကိုက်ညီသည့် ဖက်ဒရယ်ပုံစံတရပ် ဖြစ်ပေသည်။ မတူသောအမြင်များကို ပွင့်လင်းစွာ ထုတ်ဖော်ဆွေးနွေးပြီး စားပွဲဝိုင်းပေါ်တွင် အဖြေရှာကြဖို့က ဦးစွာလိုအပ်သည့်အချက်ဖြစ်သည်။ နှစ်၇၀ နီးပါးလက်နက်ကိုင်တိုက်လာခဲ့ကြသည့်အညှိုးအတေး အာဃာတ အမုန်းတရား နားကျည်းချက် များစွာကြားမှ ယုံကြည်မှုတည်ဆောက်ရမည့်ဖြစ်စဉ် လွယ်ကူလှမည်မဟုတ်သကဲ့သို့အချိန်တို အတွင်း ဖြေရှင်းနိုင်မည်တော့မဟုတ်ပေ။

သို့သော် အကောင်းဖက်က ကြည့်မြင်ရမည့်အချက်များရှိသည်ဟုဆိုရမည်။ ပထမအချက်မှာ တိုင်းရင်းသား အင်အားစုများမှခွဲထွက်ရေးကို ပယ်ချထားခြင်း ဖြစ်သည်။ မိုင်ဂျာယာန်ညီလာခံတွင် UNFC အဖွဲ့ဝင်မဟုတ်သောတိုင်းရင်းသားပါတီငယ်တခုမှ ခွဲထွက်နိုင်ခွင့်ကို အစပြုဆွေးနွေးရန် စတင်ခဲ့သေးသော်လည်းUNFC အဖွဲ့ဝင်ဖြစ်သည့် KNPP မှ ခေါင်ဆောင် ခူဦးရယ်က ခွဲထွက်ရေးသည်UNFC ၏မူမဟုတ် UNFC ၏ မူသည် ဖက်ဒရယ်ပြည်ထောင်စုမူသာဖြစ်သည်ဟုဆို၍ ခွဲထွက်ရေးနှင့် ပတ်သက်၍ UNFC ၏သဘောထားကို ရှင်းရှင်းလင်လင်းဆိုခဲ့သည်။ သို့ဖြစ်ရာ ဖက်ဒရယ်ပြည်ထောင် စုသို့ ဦးတည်ထားသည်က အားလုံးအတွက် ဘုံရည်မှန်းချက်တခုဖြစ်နေသည်က အားသာချက် တခု ဖြစ်သည်။

တချို့က မိုင်ဂျာယာန်ညီလာခံတွင် ဖက်ဒရယ်ပုံစံများနှင့်ပတ်သက်၍ တင်ပြခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းရှိကြသည်။ မဖြစ်နိုင်ဟု ကောက်ချက်ချသူအချို့လည်း ရှိသည်။ တကယ်တော့ အယူအဆကွဲလွဲသည်မှာ ပြဿနာမဟုတ်ချေ။ အယူအဆကွဲလွဲနေကြ၍ လက်နက်ကိုင်တိုက်ခိုက် နေကြခြင်း ဖြစ်သည်။ ထိုသို့ လက်နက်ကိုင်တိုက်ခိုက်နေခြင်းကိုရပ်တန့်၍ စားပွဲဝိုင်းပေါ်အဖြေရှာ ရေးသည် အားသာချက်တခုဖြစ်သည်ကို ဆုပ်ကိုင်ရန်လိုသည်။

အနှစ် ၇၀ နီးပါးလက်နက်ကိုင်တိုက်၍ ဖြေရှင်းမရသည့်ပြဿနာကို စားပွဲဝိုင်းတွင် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းခြင်းသည် အားသာချက်တခုဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားပြဿနာဖြေရှင်းရာတွင် ၈ ပြည်နယ်သည်၎င်း၊ ၁၂ ပြည်နယ်သည်၎င်း၊ တိုင်းနှင့် ပြည်နယ် ၁၄ ခုသည်၎င်း၊ အဓိကပြဿနာ မဟုတ်ပေ။ ပြဿနာ၏ဇစ်မြစ်မှာ တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပေရာ ပြဿနာ၏ဇစ်မြစ်ကို ဆုပ်ကိုင်ဖြေရှင်းရန်အတွက်အခွင့်အလမ်းရှိနေခြင်းသည် အားသာချက်တခုဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းရန် ကြိုးစားနေကြရာတွင် SSR ခေါ် လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုနှင့် DDR ခေါ် လက်နက်ဖြုတ်သိမ်းရေးတို့ကြား ကွဲလွဲမှု ရှိနေသေးသော်လည်း သီရိလင်္ကာကဲ့သို့ သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးသည်၎င်း၊ ဗီယက်နမ် ကဲ့သို့ အစိုးရအပြုတ်တိုက်ရေးသည်၎င်း၊ အနှစ် ၇၀ အတွင်း အလုပ်မဖြစ်ခဲ့သည့် မြန်မာပြည်အတွက် သင့်တော်သည့် လမ်းကြောင်းတခုပေါ်လာရန် အခွင့်အလမ်းရှိနေသည်က အားသာချက်တခုပင် ဖြစ်သည်ဟု ဆိုရပါမည်။

အဆိုးဖက်ကိုလည်း ပြောင်းလဲနိုင်ပါသည်။ သို့သော် လက်ရှိအားသာချက်များကို ဆုပ်ကိုင်၍ အကောင်းဘက်ကိုလည်း ရွေ့လျားနိုင်ပါသည်ဟုသုံးသပ်ရပေသည်။
ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)

 http://blog.moemaka.com/2016/08/blog-post_474.html

No comments: