Tuesday, August 23, 2016

ရေစကြို ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဘဂျမ်း

ဆရာတင်မိုးနဲ့ မောင်စွမ်းရည်၊ ၂၀၀၆၊ မိုးမခစခန်းတနေရာ


မောင်စွမ်းရည် ● ရေစကြို ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဘဂျမ်း
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆



ကိုဘဂျမ်းဟာ လူပုံကအေးပေမယ့် ရင်တွင်းမအေးရှာပါ။ အထက်တန်းကျောင်းကိုဆက်တက်ချင်နေလိုက်ပုံက ထွန့်ထွန့်လူးလို့။ တနေ့တော့ အိမ်ကနေ တောင်သာကို ထွက်ပြေးပြီး ကျောင်းဆက်နေဖို့ နည်းလမ်း ရှာခဲ့ဖူး တယ်။ မန္တလေးကိုထွက်ပြေးပြီးတော့လည်း လမ်းစရှာခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ပါဘူး။ သူ့အိမ်ကလိုက်ခေါ်လို့ တကြောင်း၊ ကျောင်းနေဖို့လမ်းစ ရှာမရတာကြောင့်တကြောင်း၊ ကန်မြဲကိုပဲ ပြန်ရောက်လာခဲ့ရပါတယ်။ ဒါပေမဲ့ တနေ့မှ စိတ်ထဲက ရပ်နားမနေဘဲ ခေတ်ပညာဆက်သင်ရေးကိုပဲ အားထုတ်နေရင်း နောက်ဆုံးအကြံတခုကို အကောင်အထည်ဖော်ကြည့်ချင်လို့ အိမ်ကတဖန် ထွက်ပြေးခဲ့ပြန်ပါတယ်။

ပထမတော့မြင်းခြံကိုပြေးပါတယ်။ မြင်းခြံကမှ ဧရာဝတီ သဲသောင်ပြင်ကြီးတို့ သူတို့ရွာကအလာမှာ ဆင်တဲဝ သဲချောင်းပြင်ကြီးကို ဖြတ်သန်းသလို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။ ဧရာဝတီဆိပ်ကမ်းကနေ ပခုက္ကူသွားတဲ့ မော်တော်ကိုစီးပြီး ခရီးဆက်ခဲ့ပါတယ်။

ကိုဘဂျမ်းက ရွာကကျောင်းမှာ အင်္ဂလိပ်စာအခြေခံမရခဲ့ပါ။ ဒါကြောင့် ပခုက္ကူ ဦးခင်မောင်ကြီးကျူရှင် ကျောင်းမှာ တက်လိုက်ရပါသေးတယ်။ ပြီးမှ ရေစကြိုရှိ သူ့မိဘရဲ့ဆွေးမျိုးတွေအိမ်မှာနေပြီး ရေစကြိုအစိုးရအထက်တန်း ကျောင်းကို ၁၉၅၃-၁၉၅၇ ခုနှစ်အထိ တက်ခဲ့ပါတယ်။ ၁၉၅၃ မှာ ကျွန်တော်က မြင်းခြံအစိုးရအထက် တန်းကျောင်း (ဂါးဗားမင်းကျောင်း) က သတ္တမတန်းအောင်ပြီး မန္တလေးမြို့အစိုးရအမှတ် ၁ အထက်တန်း ကျောင်းမှာတွဲဖက်ဖွင့်လှစ်ထားတဲ့ `အကြိုဆေးသင်တန်း’ ကို တက်ဖို့အရွေးခဲ့ရပါတယ်။ သူ ရေစကြိုရောက်တာနဲ့ ကျွန်တော်မန္တလေးရောက်တာ အချိန်တူလောက်ပဲ ဖြစ်ပါတယ်။ သူရေစကြိုမှာကျောင်းတက်နေဆဲကာလမှာ ရေစကြို အမှတ်(၁) အစိုးရအထက်တန်းကျောင်း ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်နဲ့ ပေါင်းသင်းမိခဲ့ပါ တယ်။ ရေစကြိုဆိုတာ အလံနီကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးစိုက်ရာမြို့ဖြစ်ခဲ့လို့ အလံနီပါတီဝင်တွေ များပြား ပါတယ်။ ကိုကျော်က အလံနီကျောင်းသားပါ။ အမတ်ရွေးကောက်ပွဲမှာအရွေးခံရလို့ `ကျောင်းသား အမတ်မောင်ကျော်`ဆိုပြီးတော့ ဟိုး လေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။ အမတ်မောင်ကျော်နဲ့ပေါင်းပြီးကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေကို ကိုဘဂျမ်းက အကုန်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ရေစကြိုကျောင်းသားသမဂ္ဂ ဉာဏဗလမှူးတာဝန် ယူရသတဲ့။

နံရံကပ်စာစောင်ဆိုတာ သူမကြားဖူးဘူး။ ဒါပေမဲ့ သူ့ဘာသာစိတ်ကူးပြီး နံရံကပ်သတင်းစာရယ်လို့ ကျောင်းနံရံမှာ ရေးပြီးကပ်တယ်။ နံရံကပ်စာစောင်ဆိုပြီး ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးတွေရေးပြီး ကပ်တယ်။ ကျောင်းမဂ္ဂဇင်းလည်း ထုတ်ဝေလို့ မြင်းခြံကျောင်းသားသမဂ္ဂကျောင်းသားတွေဆီ ရောက်လာတာကို ကျွန်တော်မြင် ဖူးလိုက်တယ်။ ကျောင်းသားအမတ်ကိုကျော်ကို အမှီပြုပြီး စာစောင်တွေကို ထုတ်ခဲ့တာလို့ ပြောဖူးပါတယ်။ ကိုကျော်ကတော့စာပေသမားမဟုတ်ဘူး။ သူ့မိဘတွေက ဧရာဝတီမြစ်ထဲပြေးတဲ့ မော်တော်တွေ ဘာတွေ ပိုင်တာဆိုတော့ ငွေကြေးချောင်လည်တယ်။

မြို့ပေါ်ဖြန့်ဝေတဲ့ `ရေစကြိုသတင်းစာ`တောင်ထုတ်ခဲ့ဖူးတယ်လို့ ပြောတာကို ကျွန်တော် ဇဝေဇ၀ါပဲ မှတ်မိပါတယ်။ ရေစကြိုကလောင်ရှင်အသင်းကိုလည်း တည်ထောင်ခဲ့ပါသတဲ့။ မောင်ဘဂျမ်းက အတွင်းရေးမှူး တာဝန်ယူပါသတဲ့။

နံရံကပ်စာစောင်ထုတ်ဝေတဲ့ကိစ္စအတွက် သူ့ကိုကျောင်းအုပ်ဆရာကြီးက ခေါ်တွေ့ဖူးသတဲ့။ ရုံးလုလင် က လာခေါ်တာ။ ဆရာကြီးက မင်းကိုခေါ်ခိုင်းတာ ဆိုတော့ ထူပူသွားသတဲ့။ `ဘာကိစ္စခေါ်တာလဲ`ဆိုတော့`မ ပြောတတ်ဘူး`လို့ဖြေသတဲ့။ ဒါနဲ့ ဆရာကြီးရဲ့ရုံးခန်းကို လိုက်သွားတယ်။ ဖိနပ်တောင် မပါဘူး။ ဆရာကြီးက `မောင်ဘဂျမ်းဆိုတာ မင်းလား`လို့မေးလိုက်တာနဲ့ တုန်သွားသတဲ့။

ဆရာကြီးရှေ့မှာ ဘယ်လိုနေရထိုင်ရမှန်းလည်း မသိဘူး။ ဒါနဲ့လက်ပိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တော့၊ ဆရာကြီးကလည်း အံ့အားသင့်သွားပုံပဲ။ `ဟေ့ ဟေ့၊ မောင်ဘဂျမ်း၊ ထ ထ`ဆိုတော့ ထလိုက်တယ်။ `ကုလားထိုင်ပေါ်ထိုင်ပါကွဲ့`ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြောပါတယ်။

ကိုဘဂျမ်းအပြောအရသူဟာ`ကုလားထိုင်`ဆိုတာ ကြားသာ ကြားဖူးတာ၊ သူတို့ရွာမှာလည်း မရှိဘူး။ လူရှေ့သူရှေ့ ကုလားထိုင်ကြီးနဲ့ ထိုင်ရမှာကို မ၀ံ့မရဲဖြစ်နေတယ်။ ဆရာကြီးကလည်း သူတပည့် ယောင်ချာချာဖြစ်နေတာကို ရယ်လည်း ရယ်ချင်ပုံရတယ်။ ကရုဏာသက်ပုံလည်း ရတယ်။

`မောင်ဘဂျမ်း၊ မင့်ကို ဆရာကြီး ဘာမှမလုပ်ပါဘူး၊ မေးချင်တာလေး ရှိလို့ပါ` လို့ချော့ချော့မော့မော့အသံ နဲ့ပြောမှ သူ့စိတ်ထဲမှာ နည်းနည်းသက်သာရာ ရသွားသတဲ့။

`ငါတို့ကျောင်းမှာ ကျောင်းနံရံကပ်စာစောင်လုပ်တာ မင်းလား`လို့မေးသတဲ့။ `ဟုတ်ကဲ့ခင်ဗျလို့ ဖြေ လိုက်တယ်။ `မောင်ဘဂျမ်း ခုလိုနံရံကပ်စာစောင်ထုတ်ဖို့ ဘယ်သူ့ဆီ ခွင့်တောင်းသလဲ၊ အတန်းပိုင်ဆရာဆီ ခွင့် တောင်းသလား။ ဘယ်သူနဲ့ တိုင်ပင်သလဲ။ မင်းကို ဘယ်သူက လုပ်ခိုင်းတာလဲ`လို့ ဆရာကြီးက ဆက်မေးသတဲ့။

`ဘယ်သူ့ကိုမှခွင့်မတောင်းမိဘူး။ ဘယ်သူကမှ ခိုင်းတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ကူးနဲ့ ဒီလိုလုပ် ကောင်းသလားလို့ လုပ်လိုက်မိတာပါ`လို့ဖြေသတဲ့။

`ကျောင်းမှာလုပ်ချင်တာရှိရင် ဘာမဆို ဆရာကြီးဆီ ခွင့်တောင်းရတယ်ကွဲ့၊ သိလား။ ကျောင်းသားသမဂ္ဂ မောင်ကျော်တို့နဲ့ တိုင်ပင်ရတယ်။ မင့်ဘာသာ မလုပ်နဲ့၊ ခု လုပ်တာကောင်းပါတယ်။ ဆက်လုပ်ပါ။ နံရံကပ်စာစောင် ထုတ်တဲ့ကျောင်းသားမောင်ဘဂျမ်းဆိုတာ ဘယ်သူလဲလို့ သိချင်လို့ခေါ်တာပါ။ ကဲ…ကဲ သွားတော့သွားတော့`ဆို ပြီး ဆရာကြီးက ပြန်လွှတ်လိုက်ပါတယ်။

`အဲဒီတော့မှ ကျုပ်လည်း ပြေးထွက်လာခဲ့တယ်။ ရင်ထဲမှာလည်း ပေါ့ ရွှင်မြူးသွားပါတယ်။ အတန်းပိုင်ဆရာနဲ့ ကျောင်းသားတွေကလည်း ဆရာကြီးက ကျုပ်ကို ဘယ်လိုအရေးယူလိုက်သလဲ ဆိုတာ ၀ိုင်းမေးကြတယ်။ ကျုပ်လည်း ရုတ်တရက် ဘာတောင်ပြန်ဖြေရမှန်း မသိတော့ဘူး။ အတော်ကြာမှ`နံရံကပ်စာစောင် ဆက်ထုတ်ဖို့ပြောတာပါလို့` ရှင်းပြရပါတယ်။ ကျုပ်လည်း ဆရာကြီး ခွင့်ပြုပြီဆိုတော့ အားတက်ပြီး ဆက်ကြဲတော့တာပဲ။ ကျောင်းမဂ္ဂဇင်းအထိ ပုံနှိပ် ထုတ်ဝေပစ်လိုက်တော့တာပါပဲ` တဲ့။

ကျောင်းမှာရော၊ ရပ်ထဲရွာထဲမှာရော မောင်ဘဂျမ်းကို ဆရာကြီး ခေါ်တွေ့တယ်ဆိုတာ သတင်း ၁ ပုဒ်ဖြစ်သွားပြီး မောင်ဘဂျမ်းလည်း နာမည်ကြီး သွားတော့တာပေါ့။

ကျုပ်က စာကျက်စရာလည်း သိပ်မလိုတော့ လုပ်ချင်ရာလုပ်ထာ၊ ဘုန်းကြီးကျောင်းကလာတာဆိုတော့ လူကျောင်းမှာ ကျက်စရာစာဆိုတာ ကျုပ်အဖို့ အပျော့ပေါ့။ နံရံကပ်စာစောင်၊ နံရံကပ်သတင်းစာ၊ ပုံနှိပ်ကျောင်းမဂ္ဂဇင်းတွေအပြင် ကျုပ်က ကျောင်းကပွဲတွေ၊ ပြဇာတ်တွေပါလုပ်တာ။ ကျုပ်ကိုယ်တိုင်လည်း စင်ပေါ်တက်ပြီး သရုပ်ဆောင်တာတဲ့။ သူစင်ပေါ်မှာ သရုပ်ဆောင်တဲ့ဓာတ်ပုံတပုံကို ပြဖူးပါတယ်။

သူ အဲဒီလိုရေစကြိုကျောင်းမှာလုပ်ခဲ့ပုံတွေကိုပြောပြနေတဲ့အချိန်တခုမှာ ကျွန်တော်တို့စကားဝိုင်းထဲမှာ အမျိုးသမီးတဦး ပါပါတယ်။ သူက ဘေးကပဲ ထောက်ပေးစရာရှိတာ ၀င်ထောက်ပါတယ်။ အဲဒီအမျိုးသမီးက ရေစကြိုမှာ သူနဲ့ကျောင်းနေဖက်ပါ။ သူနဲ့အိမ်ထောင်ကျတဲ့ ကိုတင်အောင်ဆိုတာကလည်း စာပေ၀ါသနာရှင်ပါ။ ကိုဘဂျမ်း ရဲ့`လွယ်အိတ်`တလုံးပါပဲ။ မန္တလေးတက္ကသိုလ်မှာ ကိုဘဂျမ်းသွားလိုရာစက်ဘီးနင်းပို့တာ၊ ကိုဘဂျမ်း ရေမိုးချိုးဖို့၊ အ၀တ်အစားလဲဖို့လုပ်ပေးတာ၊ အမြဲစိတ်ရှည်လက်ရှည် တာဝန်ယူပါတယ်။

အဲဒီကိုတင်အောင်ဆိုတာ မျက်မှန်အထူကြီးနဲ့ပါ။ ကိုဘဂျမ်းနဲ့အတူ ရေစကြိုက ၁၀ တန်းတက်လာသူ အစု ထဲမှာ ပါတယ်။ မန္တလေးမိရထားဌာနရဲ့ငွေစာရင်းရုံးမှာ ကျွန်တော်ယောက်ဖ ငွေစာရင်းဆရာအရာရှိက ကိုတင် အောင်ကို ကျွန်တော့်သူငယ်ချင်းဆိုပြီး အလုပ်ခန့်ပေးထားတာ။ အငြိမ်းစားယူတဲ့အထိ အလုပ်လုပ်သွားပါတယ်။ မန္တလေးအရှေ့ပြင်မှာမြေတကွက်ဝယ်ပြီး အကြီးအကျယ် ကြက်မွေးပါတယ်။ သူ့ဇနီးကလည်း တက်တက် ကြွကြွကူ ညီတယ်။ ယောက်ျားတယောက်လို ပြောဆို ပြုမူတတ်ပါတယ်။ ကျွန်တော်တို့ကို ကိုဘဂျမ်းက ရေစကြိုကျောင်းသားဘ၀တွေ ပြောပြတော့ `ဒီမှာ ကိုဘဂျမ်း အကုန်ပြောနော်၊ ချန်မထားနဲ့။ ခင်ဗျား တွေ့သမျှမိန်းကလေးတွေကို ရည်းစားစာပေးတာတွေလည်း ထည့်ပြော`တဲ့။ ကိုဘဂျမ်းနဲ့ကိုတင်အောင်တို့ တဟားဟားရယ်ကြပါတယ်။ သူ့အမည်က မမြမြပါ။ ရေစကြိုသတင်းထောင် မမြမြတဲ့။

`ကိုဘဂျမ်းက ခင်ဗျားကိုရော ရည်စားစာမပေးဘူးလား`လို့မေးတော့ ကိုဘဂျမ်းက`အမယ်လေးမလုပ်ပါနဲ့ သူတို့က အော်ကြီးဟစ်ကျယ်နဲ့ ပြောချင်တာပြောတာ။ ယောက်ျားကြီးလိုနေတာ။ သူ့ကို`သတင်းထောက်မ`ဆို ပြီး တမြို့လုံးက ကြောက်ရတာ။ သူ့ရှေ့မဟုတ်တာလုပ်မိရင် သတင်းစာထဲ ပါမှာကြောက်ကြလို့`ဆိုပြီး ၀င်ပြောပါတယ်။ အဲဒါက မန္တလေးမှာကျောင်းတက်နေတဲ့ကာလက ပြောတာပါ။ တခါတော့ ကျွန်တော်တို့ ရန်ကုန်ကနေ စာပေဟောပြောပွဲခရီးထွက်ရင်း မန္တလေးဟော်တယ်တခုမှာတည်းခိုပြီး နန်းရှေ့ရပ်ထဲက ကိုတင်အောင်တို့ ကြက်ခြံကိုတကူးတကနဲ့ သွားလည်ပါတယ်။ ကိုဘဂျမ်းရောက်လျှင်ရောက်ချင်း`ကဲ…ကိုတင်အောင် နဂါးဆေးလိပ်ကလေး တထုပ်လောက် သွားဝယ်ပေးပါဦး` လို့ပြောလိုက်ပါတယ်။ ဒီအခါမှာကိုတင်အောင်က ဘယ်လိုစိတ်ကူး ပေါက်သွားတယ် မသိပါဘူး။

`ဒီမှာဘဂျမ်း။ ငါအရင်တုန်းက မင်းကို ပါရမီရှင်တယောက်အနေနဲ့ ပါရမီဖြည့်တဲ့အနေနဲ့ မင်းရဲ့ဝေယျာဝစ္စ လုပ်ပေးခဲ့တာ။ ခုမင်းလူလားမြောက်ပြီ။ မင်းငါ့ကိုလာပြီး အရင်လိုမခိုင်းနဲ့`လို့ မျက်နှာမာနဲ့ ပြောပါတယ်။

ကိုဘဂျမ်းကလည်း `ကိုတင်အောင်ရယ်၊ သူငယ်ချင်းဆီကို အလည်လာတာပါ။ တမင်သက်သက် တကူးတက မေးမြန်းစုံစမ်းပြီး မရောက်ရောက်အောင် ကားငှား၊ ခက်ခက်ခဲခဲ လာလည်တာပါ။ ကိုဝင်းဖေ(မောင်စွမ်းရည်) ကလည်း တွေ့ချင်တယ်ဆိုလို့ လာတာပါ။ ခင်ဗျားမကျေနပ်ရင် ပြန်ပါမယ်`ဆိုပြီး ထပြန်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အငှားကားနဲ့ပြန်လာခဲ့ပါတယ်။

ဟော်တယ်ကိုပြန်ရောက်လို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတုန်း ကိုတင်အောင် အမောတကော လိုက်လာပါတယ်။ `ကိုဘဂျမ်း ကျွန်တော်ပြောမိပြောရာ ပြောလိုက်မိတာတွေ စိတ်မကောင်းပါဘူး။ တောင်းပန်ပါတယ်။ အရင်လို ဘဂျမ်းရဲ့ သူငယ်ချင်း တင်အောင်ပါပဲ`လို့ပြောပြီး မျက်ရည်လည်ရွဲနဲ့ ပြန်သွားပါတယ်။ ကိုဘဂျမ်းကလည်း `ကိုတင်အောင်၊ ကျုပ်ဘယ်လိုမှ သဘောမထားဘူး၊ စိတ်လည်း မဆိုးဘူး၊ စိတ်လည်း မပြောင်းပါဘူး`လို့ နှစ်သိမ့်လိုက်ပါတယ်။ ကျွန်တော်လည်း ဘေးကကြည့်ပြီး အံ့သြနေရပါတယ်။

အဲဒီကိုတင်အောင်ဆိုတာ ရေစကြိုကျောင်းသားတွေထဲမှာ ကိုဘဂျမ်းနဲ့ အခင်ဆုံးသူငယ်ချင်းပါ။ ကိုဘဂျမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ရင်းနှီးတဲ့သူငယ်ချင်း ဖြစ်သွားခဲ့ပါတယ်။ သူကလည်း စာပေ၀ါသနာပါသူဖြစ်လို့ ပါ။ ကျွန်တော် အတွင်းရေးမှူးအဖြစ်ထုတ်ဝေခဲ့တဲ့ မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ သူ့ကဗျာကို ကျွန်တော် ထည့်ပေးခဲ့ဖူးတယ်။ ငွေတာရီ၊ ရှုမ၀မဂ္ဂဇင်းတွေကိုလည်း သူပို့ခဲ့ဖူးတယ် ထင်ပါတယ်။ သူ့ကလောင်အမည်ကို တော့ မမှတ်မိတော့ဘူး။ `လှတိုး`လို့ ထင်ပါတယ်။ သူက လူရိုးကြီးပါ။ ကိုဘဂျမ်းတယောက် စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆုတွေရပြီး ဘ၀င်မြင့်နေတယ်။ မြန်မာစာစီစာကုံးစာအုပ်တွေရေးပြီးတော့လည်း ၀င်ငွေကောင်းနေတယ်။ မြန်မာစာကျူရှင်တွေ ပေးရလို့လည်း စီးပွားဖြစ်နေတယ်။ သူ့ဇနီးကလည်း မူကြိုကျောင်းဖွင့်ထားတာ အောင်မြင်နေလို့ ကျိကျိတက်ချမ်းသာနေတယ် လို့ သတင်းကြီးနေတာကို ကိုဘဂျမ်းကိုယ်တိုင် မသိရှာပါ။ တကယ်တော့ မိသားစုအကြီးကြီးနဲ့ ရန်ကုန်မှာနေရတာ သူငယ်ချင်းဂုဏ်ထူးသိန်းနိုင်လို သန်းကြွယ်သူဌေးမဟုတ်၊ ကုဋေကြွယ်ငြားသူဌေးသားလည်း မဟုတ်ရှာပါ။ ဘ၀င်မြင့်နေတယ်လို့ သတင်းထွက်ဖူးတာကတော့ အမှန်ပါ။

သူရန်ကုန်ရောက်နေတဲ့အချိန်မှာ ရန်ကုန်ကကဗျာဆရာ ထီလာစစ်သူ(ဗိုလ်ကြီးစိုးညွန့်)က နန်းတွင်းမှာ ရောက်နေတယ်။ သူရောက်စက တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ သုံးယောက်ကိုဖိတ်ကြားပြီး မန္တလေး နန်းမြို့တွင်းကမြက်ခင်းပြင်ပေါ် မန်းကျည်ပင်ရိပ်မှာ ဘီယာသေတ္တာလိုက်ချပြီးတော့ ဧည့်ခံဖူးတယ်။ နောက်တော့ ကြည်အောင်ကလည်း အဖမ်းခံရ၊ တင်မိုးကလည်း ရန်ကုန်ကျူရှင်လောကကို ခြေလှမ်းဖို့ (မောင်းသိန်းနိုင်)နဲ့ သွားရတော့ ကျွန်တော်တယောက်တည်း ယောင်လည်လည်ကျန်နေတယ်။

ကျွန်တော်က နန်းရှေ့ရှိ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးရုံး အပေါ်ထပ်မှာနေတဲ့ ဦးလေးဦးအောင်သိန်းအိမ်ကို သွားနေရင်း စာမေးပွဲဖြေနေတဲ့ ကာလတခုမှာ ထီလာစစ်သူ အိမ်အလည်လာ တော့`တင်မိုးဘ၀င်မြင့်နေ တယ်`လို့ ကြားရကြောင်း ပြောဖူးပါတယ်။ ဒါနဲ့ကျွန်တော်လည်း ကဗျာတပုဒ်ကောက်ရေးလိုက်တယ်။

`အတက်စောသော မီးပုံးပျံ`ဆိုတဲ့ကဗျာပါ။ ဘ၀မှာငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရပြီး စိတ်ကြီးဝင် မနေသင့်ဘူး။ တနေ့`မှိုင်း`ကုန်ရင် ပြုတ်ကျတတ်တယ်လို့ သတိပေးကဗျာပါ။ ဒီကဗျာသူ့ကို ရည်ရွယ်မှန်းသိပေမယ့် မသိယောင်ဆောင်နေခဲ့ပါတယ်။ ကျွန်တော်လည်း ဒီကဗျာကို အမှတ်မထင်ရေးခဲ့ပေမယ့် တင်မိုးဘ၀င်မြင့်တယ် ဆိုတဲ့ အမူအရာမျိုးကို မတွေ့ခဲ့ဖူးပါဘူး။ အလွန်နိမ့်နိမ့်ချချ နေထိုင်ပြောဆိုလေ့ရှိပါတယ်။

သူ့ကိုအချစ်ဆုံး၊ ဂရုစိုက်ဆုံးနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ ဆရာကထိက ဦးမောင်မောင်တင်ကတောင် တခါက အဲဒီလို စွပ်စွဲဖူးလို့၊ ကိုဘဂျမ်း ကပျာကရာ သွားတောင်းပန်ပြီး ပုဆိုးတထည်နဲ့ ကန်တော့ဖူးပါတယ်။ အဲသလိုအပြောခံရ တာကိုတော့ သူမခံချင်ပါဘူး။ ဒေါပွတတ်ပါတယ်။

ရေစကြိုကျောင်းက ကိုဘဂျမ်းရဲ့သူငယ်ချင်းတွေအကြောင်း စပ်မိစပ်ရာရေးရာက ကျောင်းသားအမတ် ကိုကျော်ရဲ့အကြောင်းကနေ ဘေးထွက်သွားခဲ့ပါတယ်။ ခုဆက်ပါအုံးမယ်။ ရန်ကုန်မှာ ကျွန်တော်တို့၊ ကိုဘဂျမ်း တို့ရောက်နေကြပြီဆိုတော့ ၁၉၈၀ ကျော် ၉၀ လောက်ရှိမယ်ထင်ပါတယ်။ ကိုဘဂျမ်းက ကိုကျော်တို့နဲ့တွေ့ရ အောင်လိုက်ခဲ့ပါလို့ခေါ်လို့ ရန်ကုန်မြန်မာ့ဂုဏ်ရည်လမ်းထဲရှိ နှစ်ထပ်တိုက်ကြီး အကြီးကြီးတခုဆီကို ရောက်သွား ပါတယ်။ ကိုကျော်နဲ့ကျွန်တော်လည်း အဲဒီတခါပဲ ဆုံဖူးပါတယ်။ ကျွန်တော်တို့ရွာကလည်း မြင်းခြံခရိုင်ထဲက အလံနီ ရွာတရွာပါ။ ရေစကြို- ပခုက္ကူဘက်က အလံနီတွေ မြင်းခြံဘက်ကို ကူးလာတော့ ခရိုင်ကော်မတီ ရဲနီ ဖိုးကိုလေးဆိုသူ ဦးဆောင်လာပါတယ်။ အလံနီတပ်မှာ ကျွန်တော့်ဦးလေး စစ်တွေနော်မံကျောင်းဆင်း ကျောင်းဆရာ ဦးစိန်ထွန်းက ကြံကြံဖန်ဖန်ဆေးမှူး ဖြစ်နေလေရဲ့။ ကိုဘဂျမ်းတို့ရွာသား ရဲနီကိုတင်ဝင်းခေါ် ကိုဘိုသိုးလည်း ပါလေရဲ့။ ကျွန်တော်တို့အဲဒီအကြောင်းတွေ စပ်မိစပ်ရာပြောမိကြတာကို မှတ်မိပါတယ်။

တိုက်အပေါ်ထပ်မှာ ရေစကြိုသူ အမျိုးသမီးဧည့်သည် တယောက်အနားယူဖို့ လာလည်တယ်။ တော် ကြာရင် ဆင်းလာမယ်လို့ အမတ်ကိုကျော်က ပြောပါတယ်။ ဟုတ်ကဲ့ … ပြောရင်းဆိုရင်း ဆင်းလားတဲ့ ရေစကြိုသူ ဆိုတာက ပြုံးပြုံးကြီး ... သိဟောင်းကျွမ်းဟောင်းလိုပါပဲ ၊ ဆင်းလာလိုက်တာ။

အလို … ကျွန်တော်တို့မန္တလေးက အငြိမ့်မင်းသမီး နာမည်ကျော် `နွဲ့နွဲ့စမ်း`ပါကလား။ ဟုတ်တာပေါ့။ သူက ရေစကြိုသူပါ။ ရေစကြိုနားက လင်းကတော် ရွာသူဆို ထင်ပါရဲ့။ ရုပ်ရှင်မင်းသမီး နာမည်ကျော်ဖြစ်နေပါပြီ။ ကိုဘဂျမ်းက သူ့ဇနီးမမြင့်မြင့်စန်းဆုံးပြီးစအခါ ထင်ပါတယ်။ ကိုကျော်က …

`လာလာ၊ ဟောဒီမှာ ရေစကြိုသား လူပျိုကြီးအသစ်စက်စက် ရောက်နေတယ်။ နင်ကလည်း အပျိုကြီး အသစ်စက်စက်ဆိုတော့ နင်နဲ့ပေးစားရမယ်`လို့ မနွဲ့နွဲ့စမ်းကို လှမ်းပြောလိုက်ပါ။

ကိုဘဂျမ်းက မန္တလေးတက္ကသိုလ်မှာ အသင်းတသင်းကိစ္စတွေ ဆောင်ရွက်တာ များပါတယ်။ အငြိမ့်ငှားရင်း အမာစိန်နဲ့ နွဲ့နွဲ့စမ်းကိုပဲ ငှားလေ့ရှိပါတယ်။ ကလောင်ရှင်အသင်းရဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲတွေမှာဆို နွဲ့နွဲ့စမ်း တို့ချည်းပေါ့။ နွဲ့နွဲ့စမ်းက ကိုဘဂျမ်းထိုင်နေတဲ့နောက်ကရပ်ပြီး ကိုဘဂျမ်းရဲ့ပခုံးကို တချက် နှစ်ချက်နှိပ် ရင်း နှုတ်ဆက်စကားပြောပါတယ်။

`ကျွန်မက ရေစကြိုသားဆိုလို့ ဘယ်သူများလည်း အောက်မေ့တယ်။ ကိုဘဂျမ်းကြီးကိုး။ ကိုဘဂျမ်းရေ ကျွန်မကကဗျာဆရာ ဘိုင်ကောင်တွေကို မလိုချင်ဘူး။ အနည်းဆုံး ရေစကြိုသား ထန်းလျက်ပွဲစားလို ချမ်းသာ တာမှ လိုချင်တာ`လို့ပြောပြီး စကားဝိုင်းမှာ ၀င်ထိုင်လိုက်ပါတယ်။

နောက်ဆက်ပြီး ရပ်ကြောင်း၊ ရွာကြောင်း စပ်မိ စပ်ရာတွေပြောပြီး ကျွန်တော်တို့ လူစုခွဲခဲ့ကြပါတယ်။ ရေစကြိုသူ၊ ရေစကြိုသားအကြောင်း ပြောကြစတမ်းဆိုရင်ဖြင့် မန္တလေးအငြိမ့်သမီးတဖြစ်လဲ ရုပ်ရှင်မင်းသမီးအကျော်အမော် ဒေါ်နွဲ့နွဲ့စမ်းအကြောင်းမပါရင် ဘယ်မှာပြီးနိုင်ပါ့မလဲ။ သမိုင်းဝင် အနုပညာတဦးပေပ။
 

No comments: