Wednesday, August 3, 2016

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို ပြတိုက်ထဲပို့ကြတော့မည်လော

တူမောင်ညို ● “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို ပြတိုက်ထဲပို့ကြတော့မည်လော
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၆

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” နဲ့ပတ်သက်လာရင် သူတို့ကသာလျှင် အဓိကအမွေ ဆိုင်လိုလို၊ ရာသက်ပန် ကန်ထ ရိုက် ယူထားတာလိုလိုပြုမူနေတဲ့ ပုဂ္ဂိုလ်တစုက “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ကို သမိုင်းဝင်ပြတိုက်ဖြစ်ရေးကြိုး ပမ်းနေတယ်ဆိုတဲ့ သတင်းကြားရဖတ်ရပါတယ်။

သမိုင်းသည် သူတို့နှင့် နှစ်ဦးသဘောတူ  တိတ်တဆိတ် နိဂုံးချုပ်သွားခဲ့လေပြီလား။

သို့တည်းမဟုတ် သမိုင်းလှုပ်ရှားမှုနဲ့ သူတို့အကြား သူတို့ကိုယ်တိုင် ခပ်မြန်မြန်ပဲ ပုဒ်မချလိုက် ကြလေရော့သလားမသိပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီး) ကို သမိုင်းဝင်၊ ပြတိုက်ဝင်၊ တရားဝင်ဖြစ်ချင်ကြ တယ်။ ပြတိုက်ဥပဒေနဲ့အညီ “ဥပဒေဘောင်” ထဲ သွတ်သွင်းချင်ကြတယ်ဆိုတဲ့သဘော။

ဒီနေ့လို ဒီမိုကရေစီ ဥမမည် စာမမြောက် ကာလမျိုးမှာ တကယ်တမ်းလုပ်သင့် လုပ်ထိုက်တဲ့ အလုပ်က “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံစိတ်ဓာတ်” ကို ပြည်သူများအကြားနဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များအကြားမှာ ထက်မြက်၊ ရှင်သန်၊ ပွားများနေအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ရမယ့်အစား သူတို့ကလူထုလှုပ်ရှားမှုကြီး၊ သမိုင်းလှုပ်ရှားမှုကြီးကို ပြတိုက် သွင်းရေးအတွက် အလုပ်များနေကြတယ်။

သူတို့ ဘာလို့ ဒီလိုလုပ်ချင်ကြတာပါလိမ့်ဆိုတာကို စူးစမ်းမိသလောက် တင်ပြပါရစေ။

ပထမအချက်က “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးသမိုင်း” နဲ့အတူ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအခန်းကို တွဲဖက်တူယှဉ် အ ထင်အရှားကြော်ငြာနိုင်မှာမို့ ဖြစ်တယ်။

ဒုတိယအချက် ဒီသမိုင်းပြတိုက်တရားဝင်ဖြစ်ပေါ်တည်ရှိရေးနဲ့ ရှေ့မှာ သူတို့ပါဝင်ကပြ လှုပ်ရှားလာမယ့် ပါတီနိုင်ငံရေး/လွှတ်တော်တွင်းနိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆက်စပ်ချိန်စက်ပြီးလုပ်တာလို့ ယူဆပါတယ်။

တတိယအချက်တော့ “ဒီချုပ်ပါတီအစိုးရ” ဖြစ်နေစဉ်ဟာ  ချိန်ခါသင့်ပဲ၊ ခါတော်မီပဲဆိုတဲ့တွက် ချက်မှုလည်း ပါနိုင်ပါတယ်။
စတုတ္တအချက်ကတော့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်” ပြည်သူလူထုနဲ့ မျိုးဆက် သစ်ကျောင်းသားလူငယ်တွေရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ထဲရောက်သွားမှာကို သိပ်စိုးရိမ်ပြီး ပြတိုက်မှန်ခန်းထဲမှာ အစဉ်ထာဝရ လုံလုံခြုံခြုံသိမ်းထား ချင်ဟန် တူပါတယ်။

တကယ်တော့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်” ဆိုတာဟာ ပြတိုက်မှန်ခန်းထဲမှာ သိမ်းထားဖို့မဟုတ်ပါဘူး။

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်” ကို  မျိုးဆက်သစ် ကျောင်းသားလူငယ်တွေထဲ၊ ပြည်သူလူထုတွေထဲရောက်ရှိနေ စေဖို့နေ့စဉ်နဲ့အမျှ ကြိုးပမ်းနေရမှာပါ။ ဒီတာဝန်ဟာ ၁၉၈၈ အရေးတော်ပုံကြီးထဲမှာ မိမိစွမ်းရာကနေ (လက်ခုပ်နဲ့ဖြစ်စေ) ပါဝင်နိုင်သလောက် ပါဝင်ခဲ့ကြတဲ့ “၈၈မျိုးဆက်” များ အားလုံးရဲ့မူလတာဝန် ဖြစ်ပါတယ်။

  ဘာလို့လဲ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ခရီးဆုံးပန်းတိုင် မရောက်သေးလို့ပါပဲ။

ပန်းတိုင်ရောက်အောင် မျိုးဆက်တဆက်ပြီးတဆက် ဆက်လက်ချီတက်နိုင်ဖို့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်” နဲ့ ဆက်လက်သယ်ဆောင်ရမှာမဟုတ်ပါလား။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုသူကတော့  ကျောင်းသားလူငယ်တွေနဲ့တွေ့ဆုံပွဲတခုမှာ  အခုလို သြဝါဒ လက်ချာခြွေပါတယ်။
- “တခုခုဖြစ်ရင်ဆန္ဒပြမယ်ဆိုတဲ့လှုပ်ရှားမှုမျိုးတွေနဲ့ပတ်သတ်ပြီးတော့ အနည်းငယ် ပြောချင်ပါတယ်။ ကျွန်တော်ကိုယ် တိုင်လည်း သပိတ်မှောက်ကျောင်းသားအနေနဲ့ ရန်ကုန်တက္ကသိုလ်ထဲက ထွက်ခဲ့တာဖြစ်ပါတယ်”
- “ကျွန်တော်တို့ရဲ့ပေးဆပ်ခဲ့မှုတွေအတွက် ဒီမျိုးဆက်တွေကိုထပ်ပြီး ဒီလိုပဲအကျဉ်းထောင် ထဲသွားရဦးမယ်လို့ ကျွန်တော်တို့ လမ်းပြနေစရာမလိုတော့ဘူး”
-    “တပါတီအာဏာရှင်စနစ်အောက်မှာလည်း မဟုတ်တော့ဘူး။ စစ်အာဏာရှင်စနစ်အောက်မှာလည်း မဟုတ်တော့ ဘူး” တဲ့။

ကိုဖြိုးမင်းသိန်းသည် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဖြစ်လာခဲ့ပြီ။ အုပ်စိုးသူဖြစ်လာတော့ ထုံးစံအတိုင်း “အုပ်စိုးသူလေ - အုပ်ချုပ်သူအသံ” နဲ့ ကျောသပ်၍ တရားပြခြင်းသာဖြစ်ပါတယ်။

“စစ်အာဏာရှင်စနစ်အောက်မှာလည်း မဟုတ်တော့ဘူး”တဲ့လား။ ဒါ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြတဲ့လမ်းလား၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအတွက် စစ်အာဏာရှင်စနစ် မဟုတ်တော့တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ပြည်သူများအဖို့ကတော့ “ဒီမိုကရေစီအရေခြုံထားတဲ့စစ်အာဏာရှင်စနစ်” ဖြစ်မြဲဖြစ်နေဆဲလို့ ပြောရမှာပါ။  ၂၀၀၈ အခြေခံ ဥပဒေ တည်မြဲနေသမျှကာလပတ်လုံး ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်စနစ်သာဖြစ်မြဲဖြစ်ပါတယ်။

ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်စနစ်ကို မဲဆန္ဒနဲ့ ချော့မော့ပြောင်းလဲယူလို့ ရနိုင်ကောင်းရဲ့ဆိုတဲ့မှိုင်း သူတို့ဖြန့်ဖြူးနေကြပါ ကလား။

“ကိုဝ”  ဆိုတဲ့ဆောင်းပါးရှင်ကတော့ အခုလို ရေးတာဖတ်ရပါတယ်။
- “တပ်မတော်ဖွဲ့စည်းလှုပ်ရှားပုံဆောင်ရွက်စနစ် ထက်အောက် အဆင့်ဆင့်အမိန့်ပေး နာခံရတဲ့စနစ်မျိုးပါ၊ တပ်မတော် ယန္တ ယားမှာ အထက်ကပေးလိုက်တဲ့အမိန့်ကို အောက်အဆင့်က မဖြစ်မနေလိုက်ရပါတယ်” တဲ့။
-  “ကျလာတဲ့ အမိန့်ကို ငြင်းပယ်ဖို့ဆိုတာ တပ်မတော်ယန္တယားမှာ မဖြစ်နိုင်ပါဘူး” တဲ့။
- “မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချခဲ့တဲ့၊ တိုင်းပြည်ကို နှစ်ပေါင်း ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ရဲ့မွေး စားဖခင်လို့ရည်ညွန်းကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကျယ်ချုပ်ချ အရေးယူလိုက်တဲ့အခါမှာ တပ်မတော်အတွင်းမှာ သိသာတဲ့ ဘယ်လိုဂယက်ရိုက်ခတ်မှုမျိုးကိုမှ မတွေ့ခဲ့ရပါဘူး” တဲ့။ (သားမက်နဲ့ မြေးတွေရဲ့ လှုပ်ရှားမှု ကိုတော့ ခွေးလှေးခုန်တာမို့ စာရင်းမသွင်းတာလားမသိ)

ဒီတော့ လူထုအုံကြွမှုတွေကို စစ်တပ်က ပစ်ခတ်ချေမှုန်းတာကို နားလည်ပေးရမယ့်သဘောပဲ။ သည်းခံခွင့်လွှတ်ရမယ့် သ ဘောထင်ပါရဲ့။ တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့လို့ မပြောတာမရေးတာကိုပဲ ကြံဖန်ကျေးဇူးတင်ရအုံးမလိုပါပဲ။

အဆိုပါအာဘော်ဖန်တီးချင်သူပြောချင်တဲ့ အဓိကသဘောထားက စစ်တပ်ဆိုတာ အထက်က အမိန့်ကျလာရင် အလုပ် သမား၊ လယ်သမား၊ ကျောင်းသားကျောင်းသူ၊ ဘုန်းကြီးသံဃာမရွေး ပစ်ရမှာပဲ။ ဒါအထက်အမိန့်ပဲငြင်းပယ်လို့မရဘူး။ “စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့်ပစ်တယ် မိုးပေါ်ထောင်ဖောက်တာမပါဘူး” ဆိုတဲ့ သွားလေသူဗိုလ်နေဝင်းရဲ့ စကားကိုများ ပဲ့ တင်ထပ်လိုက်လေရော့သလား။

ဗိုလ်နေဝင်းလို စစ်အာဏာရှင် ထိပ်သီးကိုဖြုတ်ပစ်တာ “ဘယ်လို ဂယက်ရိုက်ခတ်မှုမျိုးကိုမှ မတွေ့ခဲ့ရပါဘူး” ဆိုပဲ။

ဗိုလ်နေဝင်းကို ဗိုလ်သန်းရွှေက တပ်တွင်းဂယက်မထဘဲ အကျယ်ချုပ်ချနိုင်တာဟာ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” က ဗိုလ်နေဝင်းရဲ့ အစွယ်ရိုက်ချိုးပစ်လိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အဓိကအကြောင်းအချက်ဖြစ်ပါတယ်။
“၁၉၈၈ အရေးတော်ပုံကြီး” သာမရှိရင် ဗိုလ်နေဝင်းကို ဗိုလ်သန်းရွှေ အခုလို ဘယ်ဖြုတ်နိုင်လိမ့်မလဲဆိုတာ လူပြိန်းတောင် စဉ်းစားနိုင်ပါလိမ့်မယ်။ ဗိုလ်နေဝင်းရဲ့“အခန်းကုန်သွားပြီ”ဆိုတာကို အကွက်ချောင်းနေတဲ့ ဗိုလ်သန်းရွှေသိပ်သိမှာပေါ့။ ချိန်ကိုက်အသုံးချသွားနိုင်တာသာဖြစ်ပါတယ်။

 ဗိုလ်နေဝင်းနဲ့ (မဆလ) ပါတီရဲ့အရှုံးက ၁၉၈၈ အရေးတော်ပုံမှာတင် အရှုံးကြီး ရှုံးတာမဟုတ် ပါဘူး။ “၁၉၉၀ ဒီမိုကရေစီ ရွေးကောက်ပွဲ” မှာပါ ခွက်ခွက်လန်အောင် ရှုံးသွားတာပါ။ နှစ်ထပ်ကွမ်း အရှုံးဖြစ်ပါတယ်။ ဗိုလ်နေဝင်း နိုင်ငံရေးဘယ်လိုမှ နာလံမထူတော့ဘူးဆိုတာ နိုင်ငံရေးလေ့လာသူတိုင်း တွက်ချက်မိကြပါတယ်။ စကားအလွန်အကျွံတွေပြောခဲ့တဲ့ ကာချုပ် ဗိုလ်စောမောင်ရဲ့အဖြစ်က ငဝက်ဒဏ်ခံရတဲ့အဖြစ်မျိုး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက စစ်အုပ်စု အတွင်းစည်းထဲမှာ ဒုကာချုပ် လုပ်နေတဲ့ ဗိုလ်သန်းရွှေအတွက် အခွင့်သာချက်တွေဖြစ်နေပါတယ်။ ဒါတွေကို အသုံးချနိုင်လိုက်တော့ စစ်အုပ်စုထဲမှာ  နံပါတ်ဝမ်းကို ဖြိုနိုင်သူဟာ နံပါတ်ဝမ်းဖြစ်လာတာပါပဲ။ ဘာမှမဆန်းကျယ်ပါဘူး။

ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး ဘက်ကလက်ဦးမှုရခဲ့ပြီး ဗိုလ်သန်းရွှေ ရှုံးနိမ့်ခဲ့ရင် ဘယ်လိုမျိုးသုံးသပ်မလဲ မသိပါဘူး။

“ကိုဝ” ဆောင်းပါးထဲကသတိပြုမိတဲ့ နောက်တချက်က “ရှစ်လေးလုံးဒီမိုကရေစီလူထု အရေးတော်ပုံအစပျိုးအားယူပုံ၊ ဒီအ ရေး တော်ပုံကြီးကနေ လက်ဆင့်ကမ်းဖော်ဆောင်ခဲ့တဲ့ ဒီမိုကရေစီရေး အဆင့်ဆင့်ဆောင်ရွက်ခဲ့ပုံတွေနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေက အစိုးရနဲ့တပ်မတော် တာဝန်ရှိအဖွဲ့အစည်းတွေ လက်ထဲမှာပဲရှိတာပါ” တဲ့။

စစ်တပ်မှတ်တမ်းတွေ (ထောက်လှမ်ရေးမှတ်တမ်းတွေ) ထုတ်ပေးခါမှ (ဗကပ) ယူဂျီတွေရဲ့ ချိတ်ဆက်လှုပ်ရှားတွန်းတင်သွား မှုတွေက အဓိကအခန်းကပါနေတယ်ဆိုရင်လည်း အရှိအရှိအတိုင်း သာအသိအမှတ်ပြုကြရမှာပဲထင်ပါရဲ့။

(သတိတော့ထားရမှာပေါ့၊ စစ်တပ်က မလိုရင်မလိုသလို သမိုင်းအချက်အလက်တွေကို မှိန် ဖျော့ ဖျောက်ဖျက်ခဲ့တာတွေလည်း ဒုနဲ့ဒေးမဟုတ်လား၊ သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်ကြီးတွေရဲ့ သမိုင်းကိုတောင် ချမ်းသာပေးတာ မဟုတ်ပါဘူး)

“ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အာဏာရှင်စနစ်” (၂၀၀၈ အခြေခံဥပဒေ)  တည်ရှိနေသမျှ လူထုလှုပ်ရှားမှု အဆက်မပြတ် ပေါ်နေမှာဖြစ်ပါတယ်။ “၂၀၀၈အခြေခံဥပဒေ” နဲ့ မည်သူပင် အုပ်ချုပ် နေပါစေလူထုလှုပ်ရှားမှုတွေဆက်လက်ပေါ်ပေါက်နေမှာဖြစ်ပါတယ်။ အခုလည်းပေါ်နေသည်မဟုတ်ပါလား။ “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ” (rapid response committee) ဆိုတာ ကြိုတင်ဖွဲ့ထားသည်မဟုတ်ပါလား။ ထိုကော်မတီလုပ်ငန်းတွေထဲမှာ “မီဒီယာကို မီဒီယာနဲ့၊ လူထုကို လူထုနဲ့တိုက်မယ်” လို့ပါရှိ ပါတယ် ။

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဆိုတာ အုပ်စိုးသူကို ထိပ်တိုက်ရင်ဆိုင် တဲ့၊ လမ်းမပေါ် ရဲရဲဝံ့ဝံ့ထွက်လာတဲ့ လူထုလှုပ် ရှားမှု ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုကြီးထဲမှာ  ပြတိုက်လုပ်ချင်နေသူတွေလည်း ရှေ့ဆုံးတန်းကပါခဲ့ကြပါတယ်။ သမိုင်းလှုပ်ရှားမှု တိုင်းမှာ သမိုင်းခေတ်အလိုက်၊ မျိုးဆက် အလိုက်ကျောင်းသားလူငယ်တွေဟာ လှုပ်ရှားမှုရဲ့“လှံသွားအခန်း” က ပါခဲ့ကြတာ ချည်းပါပဲ။

ဒီလိုပါဝင်လာဖို့ဘယ်သူကမှဇွတ်အတင်းခိုင်းစေလို့မရနိုင်သလို၊ တားမြစ်ပိတ်ပင်လို့လည်း မရနိုင်ပါဘူး။ ကျောင်းသားလူငယ် ဆိုတာ သူ့သမိုင်းခေတ်တာဝန်ကို သူ့ကိုယ်ပိုင်နိုးကြားမှုနဲ့ ထမ်းရွက်ပြီး သူ့လမ်းကြောင်းကို သူတို့လျှောက်လှမ်းနေကြတာမဟုတ်လား။ “ကျွန်တော်တို့ရဲ့ ပေးဆပ်ခဲ့မှုတွေ” ဆိုတဲ့ စကားလုံးတွေကတော့ ရင်းနှီးမြှုပ်နှံမှုဆန်လွန်းတယ်၊ စီးပွားရေးနံ့နံ လွန်းပါတယ်။

၈၈ မျိုးဆက်ဆိုသူတွေလည်း တချိန်က သူတို့ပခုံးပေါ်ကျရောက်လာတဲ့ သမိုင်းခေတ်တာဝန်ကိုထမ်းခဲ့ကြပြီပဲ။ ဒီလိုထမ်းခဲ့ တာဟာအကျိုးမျှော်ပြီး ထမ်းခဲ့ကြတာမှမဟုတ်တာ။ ကိုယ်ပိုင်အသိစိတ်ဓာတ်၊ ကိုယ်ပိုင်နိုးကြားမှုနဲ့ ထမ်းရွက်ခဲ့ကြတာပဲ မဟုတ်လား။ အဘယ်သူ တဦးတယောက်ရဲ့သွေးထိုးလှုံ့ဆော်မှု ဖြားယောင်းသွေးဆောင်မှုနဲ့မှ မဟုတ်ပါဘူး။

လူထုလှုပ်ရှားမှုတိုင်းမှာ သမိုင်းခေတ်အလိုက်၊ မျိုးဆက်အလိုက်ကျောင်းသားလူငယ်တွေဟာ လှုပ်ရှားမှုရဲ့“လှံသွားအခန်း” က ပါဝင်ခဲ့ကြပေမယ့်၊  သမိုင်းရဲ့အဓိကဇာတ်လိုက်ကတော့ ပြည်သူ လူ ထုကြီးပဲဖြစ်မြဲဖြစ်ပါတယ်။

ပြည်သူလူထုကြီးတရပ်လုံးမပါဝင်ဘဲနဲ့ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းမော်ကွန်းကမ္ဗည်းကို ရေးထိုး နိုင်မှာမဟုတ်ပါဘူး။

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဆိုတာဟာ ၁၉၆၂ - ၁၉၇၄ - ၁၉၇၅-၇၆ - ၁၉၈၇ စတဲ့ လှုပ်ရှားမှုတွေရဲ့အဆက်လည်းဖြစ်ပါတယ်။ ဒီရေမြင့်လည်းဖြစ်ပါတယ်။ “၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကြီး” နောက်မှာလည်း ၁၉၉၆ - ၂၀၀၇ ရွှေဝါ ရောင် တော်လှန်ရေး - လက်ပံတောင်း - ကျောင်းသားသပိတ်ချီတက်မှုကနေ - စစ်ကိုင်းအလုပ်သမားချီတက်မှု စသဖြင့် လူထုလှုပ်ရှားမှုတွေ၊ သမိုင်း လှုပ်ရှားမှုတွေဟာမြစ်မရေလို အဆက်မပြတ်တသွင်သွင် စီးဆင်းနေတာပါ။ စီးဆင်းနေဆဲပါ။ လူထု လှုပ်ရှားမှုသမိုင်းရေစီးကြောင်း ကို တဦးတယောက်စိတ်ဆန္ဒနဲ့ တားမြစ်ပိတ်ပင်လို့မရနိုင်ပါဘူး။
  
“ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုကြေညာစာတမ်း” ထဲမှာတော့ အခုလို ဖော်ပြပါ ရှိခဲ့ဖူးပါတယ်။

 “ဤစိန်ခေါ်မှုများသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဖြေရှင်းနိုင် မည်မဟုတ်၊ လွန်ခဲ့သော ၂၅ နှစ်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တညီတညွတ်တည်းပါဝင် ဆင်နွှဲခဲ့ကြသည့် ရှစ်လေးလုံးဒီမိုကရေစီစိတ်ဓာတ်ဖြင့်သာ ဖြေရှင်းကျော်လွှားနိုင်မည်ဖြစ်သည်။ ဤ သည်မှာနယ်ပယ်အသီးသီး၊ နေရာဒေသအသီးသီးတွင် ပြန့်ကျဲရောက်ရှိနေကြသောဒီမိုကရေစီ အင် အားစုများအားလုံး၏  တူညီသောယုံကြည်ချက်ပင်ဖြစ်သည်” တဲ့။

မှန်ပေစွ။ ကောင်းလေစွ။

ယခုလို “ပြည်တွင်စစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး - ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး”  စတဲ့စိန်ခေါ်မှုကြီး တွေကို ရင်ဆိုင်ရာမှာ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ စိတ်ဓာတ်” ပိုပြီးတောင် လိုအပ်နေပါသေးတယ်။
 

No comments: