Friday, August 12, 2016

ပေးဆပ်ခဲ့သူများ၏ အောက်မေ့ဖွယ် အတ္ထုပ္ပတ္တိ (သာသနာရေး)

ပေးဆပ်ခဲ့သူများ၏ အောက်မေ့ဖွယ် အတ္ထုပ္ပတ္တိ (သာသနာရေး) - ဇော်သက်ထွေး
 

==============================================================
နှစ်တွေကတော့ ကြာခဲ့ပါပြီ။ အတိအကျ ပြောရလျှင် ၂၆နှစ် ရှိခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ၂၆နှစ်က အာဏာရှင် စစ်အစိုးရ၏ သာရေး၊ နာရေးများအား ကြွရောက်တော် မမူပဲ ပတ္တာနိက္ကုဇ္ဇနကံ ဆောင်ရန် ဆုံးဖြတ်တော်မူခဲ့ကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ် တစ်ချို့ကို အစိုးရက စိတ်ဆိုးဒေါသ ထွက်တော်မူသဖြင့် သင်္ဃန်းချွတ်ကာ ထောင်သွင်း အကျဉ်းကျထားခဲ့သည်။ ထိုသို့ အကျဉ်းချထားခြင်း ခံခဲ့ရသည့် သာသနာ့ အာဇာနည်များထဲတွင် ဉာဏ်ပညာ အကြီးမြတ်ဆုံး ဖြစ်သည့် ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်သော ဆရာတော်ကြီး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဦးသုမင်္ဂလာ လင်္ကာရနှင့် ကျောင်းထိုင် ဆရာတော်ကြီးများ တိုက်အုပ်ကိုယ်တော်ကြီးများ၊ စာချကိုယ်တော်များ၊ ဦးဇင်းများ၊ ကိုရင်များအထိ ပါဝင်ခဲ့သည်။
အားလုံးကို အင်းစိန်ထောင်ထဲသို့ အရပ်ဝတ်ဖြင့် ပို့ဆောင်ရာတွင် ထောင်အတွင်းရှိ သေဒဏ်မှ လွတ်လာသော တန်းစီး ကိုမြခေါင်မှ “အခုကျလာတဲ့ အထဲမှာ ပဌမကျော် ဦးစန္ဒောဘာသဆိုတာ ပါတယ်။ ပဌမကျော် မမြင်ဖူးလို့ တွေ့ဖူးချင်လို့ မတ်တပ်ရပ်ပြပါ” ဆိုပြီး လေသံခပ်မာမာဖြင့် မေးမြန်းခြင်း ခံရသည်။ ထိုအချိန်တွင် ဦးစန္ဒောဘာသက မတ်တပ်ရပ်ပြလိုက်ရာ တန်းစီးက ရယ်လိုက်ပြီး “ပဌမကျော်ဆိုလို့ ဖြူဖြူနုနု ထင်ပါတယ်။ ကျုပ်တို့ ထောင်ကျ ဓားမြ၊ လူဆိုးတွေထက် ရုပ်ကြမ်းပါလား”လို့ ထောင်ကျ လူပုံအလည်ကြားမှာ အရွှန်းဖောက်ခြင်း ခံခဲ့ရသည်။
၁၉၉၀ ပတ္တာနိက္ကုဇ္ဇနကံ ဆောင်ကြသော ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ နေရာအနှံ့အပြားမှ ထောင်ကျခံရသော သာသနာ့ အာဇာနည် စုစုပေါင်းမှာ ၁၅၀ခန့် ရှိနိုင်ပြီး လက်ရှိ ကောက်ယူထားသော စာရင်း အတိအကျမှာ ၈၂ပါး ရှိသည်။ ထိုသံဃာတော်များကို ကံဆောင်ပြုရန် ဦးဆောင် ဆရာတော်ကြီး ကိုးပါးအား ထောင်ဒဏ် ၁၀နှစ်စီ စစ်ခုံရုံးမှ ချမှတ်ခဲ့သည်။
ယင်းတို့မှာ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာ ဘိဝံသ၊ ရွှေဘုန်းပွင့် ကျောင်းတိုက် ဆရာတော် ဦးသြဘာသ၊ ရန်ကင်း မဟာဗောဓိ ဆရာတော် ဦးပဏ္ဍိတာဘိဝံသ၊ မစိုးရိမ် ဆရာတော် ဦးတေဇ၀ဏ္ဏ၊ မေဒိနီ ဆရာတော် ဦးဂမ်္ဘီရဗုဒ္ဓိ (ပျံလွန်)၊ မိချောင်းကန် ဆရာတော် ဒေါက်တာ အရှင်အင်္ဂီသ (ပါဋိကာရီ ပရိယတ်္တိ စာသင်တိုက်) တို့လည်း ပါဝင်ခဲ့သည်။ နိုင်ငံရေးအရ တခြားထင်ရှားသော ဆရာတော်ကြီးများမှာ မန္တလေးမှ ဂဠုန်နီ ဆရာတော်၊ မဂ္ဂင် ဆရာတော်ကြီး ဦးဝါသ၀ပဏ္ဍိတ (ပျံလွန်)၊ မိုးပြာဆရာတော် ဦးဉာဏတို့လည်း ထောင်တွင်း ကျရောက်ခဲ့သည်။ ထောင်တွင်း ရောက်ခဲ့သော ဆရာတော်၊ သံဃာတော်များသည် သင်္ဃန်း အဓမ္မချွတ်ခြင်း ခံခဲ့ရသော်လည်း ၀ိနည်းသိက္ခာအတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြသည်။ သံဃာတော်များအား အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း ထောင်တွင်းရှိ နိုင်ငံရေးသမားများက သံဃာတော်များကို အလုပ်မလုပ်စေဘဲ အစားဝင်ရောက် လုပ်ကိုင်ပေးခဲ့သည်။ ထို့အပြင် ထောင်ထဲ၌ ဆရာတော်များ ဆွမ်းကွမ်း အဆင်ပြေစေရေး အတွက်လည်း ၀တ်ဖြည့်ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသို့ နိုင်ငံရေးသမားများ၊ ကျောင်းသားများက ထောင်ကျ သံဃာတော်များကို အကာအကွယ် ပေးနေခြင်းအား အစိုးရနှင့် ထောင်အာဏာပိုင်များက သဘောမကျသော်လည်း ဘာသာရေး အဓိကရုဏ်း ဖြစ်လာမည်စိုး၍ မသိကျိုးကျွံ ပြုနေခဲ့သည်။ ထောင်ထဲတွင် ကျောင်းသားများ၏ တောင်ယာခင်းများမှ ရရှိသော ဟင်းသီးဟင်းရွက်များကို ခိုး၍ ချက်ပြုတ်ပြီး သံဃာတော်များအား ဆွမ်းကပ်ခဲ့ကြသည်။ ၀ါတွင်းကာလအတွင်း ထောင်တွင်း ရောက်နေသည့် ဆရာတော်များ မညိုးငယ်စေရန် အတွက် မိမိတို့ တက်အားသရွေ့ လှူဖွယ်ဝတ္ထု ပစ္စည်းများ ထည့်ဝင်ပြီး ၀ါဆိုသင်္ကန်း ကပ်လှူသည့် ပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ဤသို့ဖြင့် အာဏာရှင် စနစ်ကို တော်လှန်ရန် ရဟန်း၊ ပြည်သူ၊ ကျောင်းသား လက်တွဲမြဲမြံခဲ့ကြသည်။ ထိုအခြေအနေကို မမြင်တွေ့လိုသည့် ထောင်အာဏာပိုင်များက ညီညွတ်မှုကို ဖြိုခွဲရန် နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများကို နိုင်ငံအနှံ့အပြားရှိ ထောင်အသီးသီးသို့ လူစုခွဲ ပို့လိုက်ပြန်သည်။ မြန်မာပြည်မြောက်ပိုင်း ပူတာအိုထောင်မှ မြန်မာပြည်တောင်ပိုင်း ကော့သောင်းထောင်အထိ ထောင်ပေါင်း ၄၄ထောင်သို့ နိုင်ငံရေး အကျဉ်းသားများ လူခွဲရောက်ရှိသွားခဲ့ကြသည်။ သို့သော် နိုင်ငံရေး အကျဉ်းသား အားလုံး၏ ကြံ့ကြံ့ခံ ရပ်တည်ခြင်းကို မည်သူမှ မဖြိုခွဲနိုင်ကြပေ။
ပြင်းထန်းရက်စက် ကြမ်းကြုတ်သည့် ထောင်တွင်းကာလကို ဖြတ်သန်းရင်း တစ်ချို့ရဟန်း၊ သံဃာများမှာ ပျံလွန်တော်မူသွားခဲ့ကြသည်။ နှစ်အတန်ကြာသောအခါ ကံဆောင်ခဲ့ကြသော သံဃာတော် တစ်ချို့ကို အရင်ဆုံး ပြန်လည်လွတ်ပေးခဲ့သည်။ ခေါင်းမာသည်ဟု ယူဆသော သံဃာတော်များကို ထောင်ထဲ၌ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
ယနေ့တွင် ဇာတ်ပေါင်းခန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၆နှစ်ကြာသောအခါ တစ်ပါတီ အာဏာရှင် စနစ်လည်း ကျဆုံးသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော ပြုပြင်ပြောင်းလဲရေး သမားများကလည်း တိုင်းပြည်ကို ဦးဆောင်ခွင့် ရရှိနေပြီ။ ထိုအခြေအနေ၌ ၇.၈.၂၀၁၆ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများက နိုင်ငံရေး အကျဉ်းသား ရဟန်း၊ သံဃာတော် ဆရာတော်များကို သိက္ခာထပ်၍ ၀ါဆိုသင်္ကန်းကပ်သည့် ဘာသာရေး အခမ်းအနားတစ်ခုကို ရန်ကင်းမြို့နယ် မဟာဗောဓိ ကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆရာနှင့် ဒကာများ ပြန်ဆုံကြပြီ။ အားလုံး ၀မ်းနည်းဝမ်းသာ ဖြစ်ကြရသည်။ ၀မ်းသာရသည်မှာ ပေးဆပ်ခဲ့ရသည့်အတွက် ရလဒ်တစ်ခု ထွက်ခဲ့ခြင်းဖြစ်ပြီး ၀မ်းနည်းရခြင်းမှာ နိုင်ငံသစ်အတွက် ကြိုးပမ်းခဲ့သူ တစ်ချို့ ကြွေလွင့် ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။
ထိုသူများအနက် ပျံလွန်တော်မူသွားသော မေဒိနီ ဆရာတော် ဘဒ္ဒန္တဉာဏ၀ံသ ဦးဂမ်္ဘီရဗုဒ္ဓိ ဆိုလျှင် ထောင်မှ လွတ်သည့်အခါ သူ၏ကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခွင့် မရတော့ပေ။ ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံအကြီးအကဲမှ ဆရာတော် အနေဖြင့် နိုင်ငံရေးနှင့်ဖြစ်စေ၊ ပါတီများနှင့်ဖြစ်စေ ကင်းကင်းရှင်းရှင်း နေမည်ဟု ကတိပေးပါက ကျောင်းတိုက်ကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်းသော်လည်း ကျောင်းတိုက် မရရင်နေ ကတိမပေးနိုင်ဟု ငြင်းပယ်လိုက်သည်။ ဆရာတော်က “အဲဒီအခွင့်အရေးတွေအစား ဗိုလ်ချုပ်ရဲ့ သမီးဆီက မုန့်ပုံး တစ်ပုံး လာလှူတာကိုပဲ ပိုတန်ဖိုးထားတယ်”ဟု ထိုစဉ်အခါက အမိန့်ရှိခဲ့ပါသည်။ မေဒိနီ ဆရာတော်ကြီးသည် လူ့ဘ၀၏ ကံတရားအတိုင်း ကျောင်းတိုက်ကို စွန့်လွတ်ကာ တောအရပ်တွင် နိုင်ငံရေး အကျဉ်းသား ပျံလွန်တော်မူ သွားရှာသည်။ ထိုအရာများသည် သာသနာရေးတွင် ပေးဆပ်ခဲ့သူများ၏ အောက်မေ့ဖွယ် အတ္ထုပ္ပတ္တိဖြစ်သည်။
ဇော်သက်ထွေး

No comments: