Friday, August 19, 2016

ကျွန်ုပ်တို့အားလုံး ‘ဒဂုန်တာရာ’ မှ ဆင်းသက်သည်

Image may contain: 1 person
 
ကျွန်ုပ်တို့အားလုံး ‘ဒဂုန်တာရာ’ မှ ဆင်းသက်သည်
|| ငြိမ်းချမ်းအေး ||
၁၉ သြဂုတ်လ ၂၀၁၆

“ကျွန်တော်တို့အားလုံးသည် ကုတ်အင်္ကျီမှ ဆင်းသက်လာကြခြင်း ဖြစ်သည်” လို့ ရုရှား စာရေးဆရာ ဒေါ့စတ...ာယက်စကီး (၁၈၂၁ ဖွား - ၁၈၈၁ ဆုံး) က ဆိုခဲ့ဖူးတယ်။ ယူကရိန်းနွယ်ဖွား ရုရှား စာရေးဆရာ ဂိုဂိုးလ် (၁၈၀၉ ဖွား - ၁၈၅၂ ဆုံး) ရဲ့ “ကုတ်အင်္ကျီ” က ဥရောပနဲ့ရုရှားရဲ့ ခေတ်ပေါ်ဝတ္ထုတို၊ ရှည် အပေါ် လွှမ်းမိုးမှုသဘောကို ရည်ညွန်းပြောဆိုခဲ့တာပါ။
မြန်မာ့ခေတ်ပေါ် ကဗျာအတွက်လည်း “ကျွန်တော်တို့အားလုံးသည် ‘တဟီတီ’ မှ ဆင်းသက် လာကြခြင်း ဖြစ်သည်” လို့ ဆိုနိုင်မယ် ထင်တယ်။ “ကျွန်တော်တို့ အားလုံးသည် ‘တစ္ဆေ’ မှ ဆင်းသက် လာကြခြင်း ဖြစ်သည်” လို့လည်း ဆိုနိုင်မယ် ထင်တယ်။ ဒဂုန်တာရာ (၁၉၁၉ ဖွား - ၂၀၁၃ ဆုံး) ရဲ့ "တဟီတီ သွားရအောင်" နဲ့ ကြည်အေး (၁၉၂၉ ဖွား) ရဲ့ “တစ္ဆေ” ဟာ ဒုတိယကမ္ဘာ စစ်ပြီးခေတ် ၁၉၄၇ မှာ တပြိုင်နက်တည်းလိုလို ထွက်ခဲ့တယ်။ မြန်မာ့ခေတ်ပေါ် ကဗျာကိုလည်း အကြီးအကျယ် လွှမ်းမိုးခဲ့တယ်။ "တဟီတီသွားရအောင်" ရဲ့ ဂယက်က ကြီးခဲ့တယ်။
ဒဂုန်တာရာ အလွန် အချိန်အခါမှာ သူ့ရဲ့ ရုပ်ပုံလွှာ မျက်နှာစာများနဲ့ ဂုဏ်ကျေးဇူးတွေကို ပြန်အောက်မေ့ သုံးသပ်မိတယ်။ ကျွန်တော့်လို ကလောင်ပါမွှားအနေနဲ့ မအပ်မရာ ဖြစ်နေပေမယ့် စာပေ၊ နိုင်ငံရေး စိတ်ထက်သန်သူ လူငယ်တစ်ယောက်ရဲ့ သမိုင်းထဲမှာ လေ့လာမြင်ရတဲ့ ဒဂုန်တာရာ ပုံရိပ်လို့ ဆိုနိုင်ပါမယ်။
ဆရာကြီး ဒဂုန်တာရာဟာ ဆိုခဲ့သလို ကဗျာအရာမှာ လွှမ်းမိုးမှုရှိ ဦးဆောင်သူ ဖြစ်ခဲ့ရုံမက စကားပြေမှာပါ ကိုလိုနီခေတ်နှောင်း ခေတ်စမ်းအပြီး နောက်ပိုင်း တစ်ခေတ်ဆန်းစေခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ ခေတ်ပေါ်စကားပြေ ဝတ္ထု အဖွဲ့အနွဲ့ ကို “မေ” အရေးအသားက ပြောင်းလဲစေခဲ့တယ်။ နောက်တစ်ချက်က စာပေ အကြောင်းအရာ အမျိုးအစား Category အသစ်အဖြစ် ခေတ်ပြိုင် အခြား ပုဂ္ဂိုလ်များ အကြောင်းဖွဲ့ “ရုပ်ပုံလွှာ” အဖွဲ့အနွဲ့ပုံစံကိုလည်း ဆရာကြီးပဲ စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒဂုန်တာရာဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာပေ အမျိုးအစားကိုလည်း ကနဦးအစောပိုင်းအနေနဲ့ လူငယ်၊ လူရွယ် ဘဝမှာပဲ စတင် ရေးသားခဲ့ပါတယ်။ “ဒဂုန်တာရာ၏ ဒဂုန်တာရာ” ဟာ နောက်ပိုင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့ဂန္ထဝင် အတ္ထုပ္ပတ္တိစာပေ စာရင်းဝင် ဆရာကြီး ရွှေဥဒေါင်း (၁၈၈၉ ဖွား - ၁၉၇၃ ဆုံး) ရဲ့ “ဘဝတသက်တာ အတွေးအခေါ် မှတ်တမ်း” ကိုယ်ရေး အတ္ထုပ္ပတ္တိလိုပဲ မြန်မာ့ စာပေသမိုင်းမှာ အထင်ကရ မှတ်တိုင်တခု စိုက်နိုင်ခဲ့တယ်။ ဆရာသော်တာဆွေ (၁၉၁၉ ဖွား - ၁၉၉၅ ဆုံး) ကတော့ “အိမ်ထောင်ဖြင့် မကျဖူး၊ လူ့ရေး၊ လူ့ရာ၊ လူ့အကြောင်း ကောင်းကောင်း မသိသေးဘဲနဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိများ ရေးနေရသေးတယ် ဆိုပြီး သူ့စာတွေထဲမှာ ထည့် နောက်လေ့ရှိတယ်။ ဒါပေမဲ့ တကယ်တော့ “ဒဂုန်တာရာ၏ ဒဂုန်တာရာ” ဟာ စာပေ စံနှုန်း ရေချိန်ပြည့်လှတယ်၊ လေ့လာထိုက်တယ် အားလုံးက လက်ခံပါတယ်။ ဒါ့အပြင် ဒဂုန်တာရာရဲ့ ခရီးသွားစာပေ အရေးအသားတွေကလည်း ထူးခြားမှု ရှိလှပါတယ်။ ဥပမာ - ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ။
ဆရာကြီး ဒဂုန်တာရာရဲ့ စာပေသမိုင်းဆိုရင် ဝေဖန်ရေးသမား ဘဝကိုလည်း ချန်ခဲ့လို့မရပါ။ ဒီအကြောင်းမဆိုခင် ဒဂုန်တာရာဟာ ငြိမ်းချမ်းရေးသမားကြီးဆိုတော့ ဆိတ်ဆိတ်နေတတ်တဲ့ လူအေးကြီး ဖြစ်မှာပဲလို့ လူငယ်တချို့ ထင်မှတ်မှားနိုင်တယ်။ တကယ်တော့ ဆရာကြီးဟာ ငြိမ်းချမ်းရေး တရား လက်ကိုင်ထားသလောက် အယူအဆရေးရာ ခိုင်မာသူ၊ ပြင်းထန်သူ၊ ရပ်တည်ချက်မြဲသူ တယောက်ပါ။ တပါတည်း စာပေ အယူအဆ၊ ဝေဖန်ရေးမှာလည်း သူရပ်တည်တဲ့ ဘက်ကနေပြီး အသံကျယ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ မြောက်မြားလှတဲ့ စာပေ ဝေဖန်ရေး ဆောင်းပါးတွေက အယူအဆရေးရာ ပြင်းထန်၊ ခိုင်မာမှုကို ဖော်ပြနေတယ်။ ဒီလို အသံထွက်၊ အသံကျယ်၊ မာမာထန်ထန် ရပ်တည်မှု သဘောတွေကြောင်း စစ်ပြီး၊ လွတ်လပ်ရေးခေတ် စာရေးဆရာ အသင်း အစည်းအဝေး၊ ပွဲတွေမှာ ဒဂုန်တာရာကို မိတ်ဆွေကြီး ဗန်းမော်တင်အောင် က “ခင်ဗျား မပြောနဲ့၊ လူမုန်းတယ်၊ ကျနော် ရှေ့ထွက် ပြောပါမယ်” ဆိုပြီးတော့ အမြဲ တားခဲ့ရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။
ဆရာကြီး ဒဂုန်တာရာကို လူ့သွင်ပြင် သဏ္ဌာန်ကြည့်ပြီး သူ့ရဲ့ ဝေဖန်ရေး၊ စာပေ သဘောတရားတွေလည်း ခပ်ပျော့ပျော့ပဲ ထင်ရင်မှားပါမယ်။ အင်မတန် စာပေရေးရာ၊ အယူအဆရေးရာ လက်သံပြောင်၊ အသံစူး သူ ဖြစ်ခဲ့ပါတယ်။ စစ်ပြီးခေတ် စာပေသစ်ခေတ်မှာ အကြောင်းအရာ အသစ်၊ စကားလုံး အသစ် ဝိဝါဒ ကွဲပြားစရာ၊ အယူအဆ ကွဲပြားစရာတွေ ခေတ်ပြိုင်တွေကြားမှာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ခေတ်ပေါ် ကဗျာ၊ ကာရန်မဲ့ ကဗျာ၊ မော်ဒန်ကဗျာ စတဲ့ နာမည်အမျိုးမျိုးတပ်တဲ့ ခေတ်တွေမှာလည်း ဒဂုန်တာရာနဲ့ “ကတ္တီပါလမ်းခွဲ” လုပ်ကြဖို့ လိုတယ်ဆိုတဲ့ အယူအဆ တွေ ရှိခဲ့ဖူးတယ်။ မည်သို့ဆိုစေ ဒီလို ဝိဝါဒ ကွဲပြားစေဖို့ ဖြစ်ရခြင်း၊ နောက်ပိုင်းမှာ တော်လှန်ဖို့ လိုခြင်း၊ စိန်ခေါ်ဖို့လိုခြင်း၊ လမ်းခွဲဖို့လိုခြင်း စတဲ့ သဘော၊ လမ်းစဉ်၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာခဲ့ရခြင်း ကိုက ဒဂုန်တာရာရဲ့ စာပေသြဇာကို ပြသခြင်းလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒဂုန်တာရာဟာ ဘယ်တုန်းကမှ တပည့်မမွေး၊ ဂိုဏ်းမထောင်၊ လူမစုဖူးခဲ့ပါဘူး။ သူ့ကိုသာ စာပေလောက နောက်မြီးဆွဲတချို့က ဆရာမွေးဖို့ ကြံစည်တာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ဒဂုန်တာရာဟာ ထောင်ချောက်တွေထဲ ဘယ်တုန်းကမှ မကျခဲ့ပါဘူး။
ဆောင်းပါးအစမှာ ဆိုခဲ့တဲ့ “တဟီတီ” ကို အဓိပ္ပာယ် ဖွင့်ရင် စိတ်ခံစားမှု အသာပေး၊ စိတ်ကူးယဉ်ဝါဒ လက်တွေ့ဘဝက ထွက်ပြေးခြင်း လို့ ဆိုကြပါမယ်။ အပြင်က ကဗျာစာဆို “ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဆိုတဲ့ နိုင်ငံရေးဝါဒ လက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးဝါဒီ ဒဂုန်တာရာကိုလည်း စိတ်ကူးယဉ်ဝါဒီ Utopia နဲ့ နေထိုင်အသက်ရှင် ဘဝကို ဖြတ်သန်းသွားသူလို့ လူတွေ သုံးသပ်ချင်ကြပါမယ်။ ဝါဒရေးရာ တံဆိပ်ကပ်မှုတွေ အတွက် အငြင်းမပွားလိုပါဘူး။ ဒါပေမဲ့ ဆရာတာရာဟာ တကယ့် လက်တွေ့လည်း အလုပ်လုပ်ခဲ့သူ ဖြစ်တယ် ဆိုတာတော့ ပြန်လည်ထောက်ပြချင်ပါတယ်။ နောက်တချက်ထည့် စဉ်းစားသုံးသပ်ရမှာက လူသားသမိုင်းမှာ စိတ်ကူးယဉ် တတ်သူတွေကြောင့်သာ အကြီးအကျယ် သမိုင်းဝင် ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ခဲ့ဆိုတာပါပဲ။
ဒဂုန်တာရာရဲ့ စိတ်ကူးမယဉ်၊ လက်တွေ့အလုပ်ပါမှု ကို ရှေးဦး အဖြစ်အပျက် တခုနဲ့ ဥပမာ ပြုရရင် တပ်မတော် တည်ထောင်သူ ဖခင် တဦး ကနဦး ဖြစ်ဖို့က ဒဂုန်တာရာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ အတွက် ရှေးကနဦး ခရီးထွက်ခဲ့သူ၊ ကြံစည်ခဲ့သူ၊ ကြိုးစားခဲ့သူ နှစ်ဦးဟာ သခင်ဗဟိန်း (၁၉၁၇ ဖွား - ၁၉၄၆ ဆုံး) နဲ့ ဒဂုန်တာရာတို့ ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံကြီး အပြီး ဥက္ကဋ္ဌ မော် (၁၈၉၃ ဖွား - ၁၉၇၆ ဆုံး) ရဲ့ တရုတ် ကွန်မြူနစ်ပါတီဆီက နိုင်ငံခြား အကူအညီယူဖို့ ဆိုတာ တကယ်တော့ လက်နက်အကူအညီသာ ဖြစ်ပါတယ်။ လက်နက် အကူအညီဆိုတာလည်း ကိုယ်ပိုင် လက်နက်ကိုင် ခေတ်သစ်ဗမာ့တပ်မတော် စဖွဲ့ဖို့ စိတ်ကူးသဘော အစပါပဲ။
ဒဂုန်တာရာဟာ နိုင်ငံရေးသမား ပီပီပြင်ပြင် နာမည်မခံခဲ့ပေမယ့် တက္ကသိုလ်ကျောင်းသား ဘဝတွေမှာ ကတည်းက ကျောင်းသားလှုပ်ရှားမှု၊ လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေး သမိုင်းဝင် ပုဂ္ဂိုလ် (သူငယ်ချင်း၊ မိတ်ဆွေ) တွေ ဘေးက ထဲထဲဝင်ဝင် ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒဂုန်တာရာရဲ့စာပေကိစ္စအပ တိုင်းပြည် အတွက် လက်တွေ့ အလုပ်လုပ်ခဲ့မှုတွေကို လွတ်လပ်ရေး ခေတ်ဦးက စလို့ နောက်ဆုံးသက်ဆုံးတိုင် တစိုက်မတ်မတ်၊ မဆုတ်မနစ် ကြိုးစား တိုက်တွန်း ဖော်ဆောင် ဆော်သြခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေး အလုပ်တွေကလည်း သက်သေပြုခဲ့ပါတယ်။ လေနုအေးလွှမ်း၊ ရှမ်ပိန်ရနံ့ ထုံသင်းတဲ့ စာအဖွဲ့အနွဲ့၊ အပြင်လောကမှာလည်း ဘန်ကောက် လုံချည် တမမ၊ စန္ဒရားလေးနဲ့ သီချင်းလေး တသသ အနုပညာ နေထိုင်မှု သဘောတွေ ရှိပေမယ့် ဆရာကြီး ဒဂုန်တာရာဟာ စိတ်ကူးယဉ်လောကထဲမှာ နေ၊ သာယာပြီး လူထုပကတိဘဝကို ကျောခိုင်းနေသူ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။
လူလေးစားခံရ၊ သြဇာရှိပြီး ရပ်တည်ချက် ခိုင်မာ မှန်ကန်တဲ့ ရှေ့မီ၊ နောက်မီ လူကြီးပိုင်း ရှားလာတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ဒဂုန်တာရာဟာ လူထုဒေါ်အမာ (၁၉၁၅ ဖွား - ၂၀၀၈ ဆုံး)၊ ဒေါက်တာသန်းထွန်း (၁၉၂၃ ဖွား - ၂၀၀၅ ဆုံး) တို့လိုပဲ တိုင်းပြည်ရေးရာတွေကို မှန်မှန်ကန်ကန် အသံထွက် ထောက်ပြ၊ ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။ လူထုဘဝကို စိတ်ကူးမယဉ်၊ မျက်မှန်စိမ်းမတပ်၊ အရှိအတိုင်း မြင်နိုင်၊ စာနာနိုင်ခဲ့ပြီး တသားတည်း ရပ်တည်ပေးခဲ့သူပါ။ ဆရာကြီးရဲ့ တိုင်းပြည်အတွက် ရဲရင့်မှန်ကန်တဲ့ အသံထွက်ခဲ့မှုတွေကို နောက်ဆုံး ဇရာထောင်း နေဝင်ချိန် ကွယ်လွန်ခါနီးအထိ ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေညာချက်တွေ၊ ငြိမ်းချမ်းရေးပန်ကြားလွှာတွေ၊ စာနယ်ဇင်း ရေဒီယိုတွေ့ဆုံမေးမြန်းချက်တွေက တဆင့် တွေ့နိုင်ခဲ့ပါတယ်။ ဒီလို စာ၊ စကား၊ သဘောထား တွေကြောင့် လူထုမှာ ကျွန်တော်တို့လို လူငယ်တွေမှာ စိတ်ဓာတ် ခွန်အားတွေ၊ ယုံကြည်ချက် ခိုင်မာမှုတွေ တိုးခဲ့ရပါတယ်။ ပြင်ပနဲ့ အဆက်အသွယ် နည်းသွားတဲ့ နောက်ပိုင်းကာလ ဆယ်စုနှစ်တွေမှာ ဆိုခဲ့တဲ့ အသံစူးမြဲ၊ ထွက်မြဲ သဘောတွေကြောင့် ဒဂုန်တာရာရဲ့ တည်ရှိမှုဟာ တိုင်းပြည်အတွက် အင်မတန်အရေးပါခဲ့တယ်။
ဆိုတော့ ဒဂုန်တာရာ ဆုံးပါးသွားခဲ့ခြင်းဟာ အသက်အရွယ် သဘော အရ၊ ဖြေ နိုင်ပါတယ် လို့ ယူဆနိုင်စရာ ရှိပေမယ့် အမှန်တော့ ဘယ်လို မှ ဖြေမရ၊ အစားမထိုးရတဲ့ ဆုံးရှုံးမှုကြီး တခု ဖြစ်ခဲ့ပါတယ်။ ဆရာကြီး ကွယ်လွန်ပြီး နှစ်နှစ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားအရေး၊ လယ်သမား၊ အလုပ်သမားအရေး၊ ပြည်တွင်းစစ် အရေးတွေမှာ ခိုင်မာ မှန်ကန် သြဇာကြီးတဲ့ အသံတွေ ပျောက်ကွယ် တိုးလျ မဲ့ခဲ့တာတွေကို ကြည့်ရင် ဆရာကြီးရဲ့ သြဇာ အသံ ကွက်လပ်ကြီး အစားထိုးမရမှုကို တွက်ကြည့်နိုင်ပါတုယ်။ ဆရာကြီးတာရာလို ပုဂ္ဂိုလ်တယောက် အိပ်ရာထဲလဲလျက် ပြည်သူ့အတွက် စကား တခွန်း မြွက်ကြားခြင်းဟာ အခုခေတ် လူထုခေါင်းဆောင်ဆိုသူများ၊ နိုင်ငံရေးသမား ဆိုသူများ လူထူထူရှေ့ ရောက်ရင် အာပေါက်မတတ် ဟောကြားတော်မူတတ်တဲ့ မိန့်ခွန်း တရာထက် တန်ဖိုးရှိ၊ လူထုကို အားဖြစ်စေ၊ နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်တဲ့ ကျွန်တော်တို့ လူငယ်အများကို တက်ကြွစေ၊ ယုံကြည်မှုကို ခိုင်မာစေပါတယ်။ လက်တွေ့လည်း အကျိုး ကျေးဇူးဖြစ်စေ၊ တွန်းအားဖြစ်စေပါတယ်။
မတရားမှုကို ဆန့်ကျင်မှု၊ တော်လှန်ရေး ယုံကြည်ချက်၊ အာဏာရှင် ဖီဆန်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ စစ်ဝါဒီတိုက်ဖျက်ရေး စိတ်ဓာတ်၊ သဘောတရားတွေကို ဆရာကြီးဟာ “မတ်လ တော်လှန်ရေး” က စလို့ ကဗျာ တမျိုး၊ စာ တဖုံ၊ စကား တလှည့်၊ လက်တွေ့ အလုပ်ပါ မကျန် အမျိုးမျိုးနဲ့ ခေတ်အဆက်ဆက် ရှေ့ဆောင်လမ်းပြခဲ့သူ ရဲရင့် မှန်ကန် ဖြောင့်မတ် မသွေတိမ်း မယိမ်းယိုင် မဖောက်ပြန်ခဲ့တဲ့ တကယ့် ‘တာရာကြယ်နီကြီး’ တစင်းအဖြစ် တော်လှန် မျိုးဆက်ပေါင်းများစွာကို ဦးဆောင်လွှမ်းမိုး စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။
ဆရာကြီးဒဂုန်တာရာဟာ ရန်သူကို ရန်နဲ့မတုံ့ ပြန်သူ၊ အမုန်းမပွားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်သူရှေ့ လက်နက်ချ၊ အညံ့ခံ၊ ဒူးထောက်သူတော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ဇရာထောင်း၊ ကျန်းမာရေး ချို့ယွင်း၊ မျက်စိ အလင်း အာရုံကွယ်နည်းခဲ့ရပေမယ့် တသက်လုံး ဒူးခေါင်းတွေ ချောင် မသွား၊ ပျော့ မသွားခဲ့ပါဘူး။ စကားနဲ့မဟုတ် တကယ် လက်တွေ့ မပျော့ခဲ့သူပါ။ မျက်စိအာရုံနည်းခဲ့ပေမယ့် နိုင်ငံရေး အမြင်အာရုံကတော့ ဘယ်တုန်းကမှ မမှား၊ မနည်း၊ မကွယ်ခဲ့ပါဘူး။ ဇရာသဘောက ဒဂုန်တာရာရဲ့ လူရုပ်ခန္ဓာကိုယ်ကြီးကို ဖိစီးနှိပ်စက် အောင်နိုင်ခဲ့ပေမဲ့ ဆရာကြီးရဲ့ ကြံ့ခိုင်သန်စွမ်းလှတဲ့ စိတ်ဓာတ်ကိုတော့ တသက်လုံး အနိုင်မယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒဂုန်တာရာဟာ သေသည်အထိ စီးပွားကြောင့်၊ လူမှုရေးကြောင့်၊ ခေတ်ကြောင့်၊ စနစ်ကြောင့်၊ အရွယ်ကြောင့် ဘာအကြောင်းကြောင့်နဲ့ မှ စစ်အာဏာရှင် ကိုယ်ကျိုးရှာ အုပ်စိုးသူ လူတစုနဲ့ “ပေါင်းစားသူ” မဖြစ်ခဲ့ပါဘူး။ ပြည်သူ့ကြားမှာသာ မားမားမတ်မတ် တသားတည်း နေသွား၊ သေသွားခဲ့ပါတယ်။
ဆရာကြီးဟာ ပြည်သူ့ရန်သူတွေကို ငြိမ်းချမ်းရေးတရားနဲ့ လက်ကမ်း အမှန်တရားကို လမ်းညွှန် လမ်းဖွင့်ပေးတတ်ပါတယ်။ ဒါပေမဲ့ တခြား တဖက်ကလည်း မူဝါဒ အားဖြင့် ရန်၊ ငါ၊ စည်း ပြတ်ခဲ့ပါတယ်။ ဒါကြောင့် ရပ်တည်ချက်၊ အတွေးအခေါ်၊ ယုံကြည်ချက် ခိုင်မာခဲ့ခြင်းပါ။ ဆရာကြီး ဒဂုန်တာရာတို့ ပေါင်းစားချင်ရင် ခေတ်အဆက်ဆက် အလွယ်ကလေးပါ။ တကူးတက ရှာစရာ မလို။ အိမ်တိုင်ရာရောက်ဆိုတဲ့ အနေအထား၊ အခွင့်အရေးပေး၊ လုပ်ပိုင်ခွင့်ပေးပြီး ပေါင်းစေချင်သူ၊ အသုံးချချင်သူတွေ အပြည့်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဆရာကြီးဟာ ဘယ်တုန်းကမှ ရပ်တည်ချက် မသွေဖည်ခဲ့ပါဘူး။ ဒီလို အတွေးအခေါ်၊ ယုံကြည်ချက်၊ သဘောထား မဖောက်ပြန် ခိုင်မာမှုဟာလည်း ကျွန်တော်တို့မျိုးဆက်သစ်အတွက် အတုယူစရာ အမွေကောင်း ဖြစ်ခဲ့ပါတယ်။
သင်္ခါရ သဘောအရ မရဏသေမင်း က ဆရာကြီးကို အနိုင်ယူသွားခဲ့ရာမှာလည်း ရုပ်သဘောသာ နိုင်သွားခြင်း ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ဆိုခဲ့တဲ့ စိတ်ဓာတ်အမွေ ကတော့ လက်ဆင့်ကမ်းအမွေအနေနဲ့ တိုင်းပြည် မျိုးဆက်သစ်တိုင်းအတွက် အနာဂတ်မှာ ကျန်နေဦးမှာ ဖြစ်ပါတယ်။ စိတ်ဓာတ် ရပ်တည်ချက် ခိုင်မာမှု အမွေကောင်း ဆက်ခံချင်သူ အတုယူတတ်သူများ အတွက်ပါ။ ဆွေးနွေးခဲ့သမျှဟာ ဆရာကြီးဒဂုန်တာရာရဲ့ စာပေ၊ လူမှု၊ နိုင်ငံရေး သြဇာတွေ၊ တန်ဖိုးတွေ ဖြစ်ပါတယ်။
ဒါတွေအပြင် ဆရာကြီးဟာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် အတွင်း ၁၉၉၀ ကျော် ဒီဘက်ခေတ် လူငယ်တွေ အတွက် “သက်ရှိ ရာဇဝင်” သမိုင်းစာအုပ်ကြီးလည်း ဖြစ်ခဲ့တယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးစလို့ ဗမာ့သမိုင်းရဲ့ မှတ်တမ်းဝင် အဖြစ်အပျက်တိုင်း လိုလိုအတွက် မေးစရာ၊ မြန်းစရာ၊ သဘောထား တောင်းခံစရာ စရာ ရှိရင် စာနယ်ဇင်းဟာ ဆရာကြီးဆီပဲ ပြေးရတာ၊ ဆရာကြီး သဘောထားပဲ အလေးထား မေးမြန်းတောင်းခံရတာပါ.
ဆိုတော့ ဗမာပြည်မျိုးဆက်သစ်ဟာ စာပေ၊ လူမှု၊ နိုင်ငံရေး၊ သမိုင်း၊ ရပ်တည်ချက်၊ စိတ်ဓာတ် ရေးရာ အရာရာ မှာ “ဒဂုန်တာရာဆီက ဆင်းသက်လာခဲ့ရတယ်” လို့ ဆိုနိုင်ပါတယ်။ ဒီလို ခံယူရင် မွေးထုတ်ပေးသူ၊ ဆင်းသက်စေသူ ဆရာကြီးဒဂုန်တာရာရဲ့ သေသည် အထိ စွဲမြဲ ခိုင်မာ၊ မဖောက်မပြန် မှန်ကန် ရပ်တည် လာတဲ့ နိုင်ငံရေး၊ စစ်အာဏာရှင်စနစ် တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တည်ဆောက်ရေး စိတ်ဓာတ် ခိုင်မာမှု၊ သဘောထား၊ ရပ်တည်ချက် မှန်ကန်မှုကို အမွေကောင်း အဖြစ် ကျန်ရစ်ခဲ့သူတွေက ထိန်းသိမ်းရပါမယ်။ ဒီလို ထိန်းသိမ်းခြင်းကသာ ဆရာကြီး ရဲ့ ကျေးဇူးကိုသိခြင်း၊ တန်ဖိုးထားခြင်း ဖြစ်ပါတယ်။ ဆရာကြီး ကွယ်လွန်ခြင်း နှစ်ပတ်လည်တွေမှာ စကားလုံးချီးပ၊ မြှောက်စားမှုတွေနဲ့ လွမ်းပြ၊ ငိုပြ နေတာမျိုးတွေနဲ့စာရင် စိတ်ဓာတ်အမွေ၊ ခံယူချက် အမွေ၊ အလုပ်အမွေကို ဆက်ခံခြင်ကသာ ဆရာကြီး ဒဂုန်တာရာ လမ်းစဉ်၊ သြဝါဒ၊ မူဝါဒကို အမှန်တကယ် ယုံကြည်၊ ခံယူကျင့်သုံးခြင်း မည်ပါမယ်။
ဒါကြောင့် ဒဂုန်တာရာရဲ့ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ” တရား ကို လက်ကိုင်ထားပါ။ ငြိမ်းချမ်းရေးဝါဒကို ဦးထိပ်ရွက်ပါ။ တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ကို ဖော်ဆောင်ပါ။ ဒါပေမဲ့ စစ်အာဏာရှင် နောက်မြီးဆွဲ၊ ကိုယ်ကျိုးရှာ၊ ပေါင်းစားသူတော့ မဖြစ်ပါစေနဲ့။ ဒါမှသာ “တာရာ့လမ်းစဉ်” အစစ်အမှန် ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ “ကျွန်တော်တို့အားလုံး ဒဂုန်တာရာက ဆင်းသက်သည်” အမှန်ဆိုနိုင်မယ် ဖြစ်ကြောင်း စာပေ၊ စာနယ်ဇင်း၊ နိုင်ငံရေး ပုဂ္ဂိုလ်အပေါင်းကို လက်တို့ (စာတို့) သတိပေးရင်း ဒီစာစုလေးနဲ့ ဆရာကြီးကို ဂါရဝပြုလိုက်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
ဆရာကြီး ဒဂုန်တာရာ (၁၀ မေ၊ ၁၉၁၉ ဖွား – ၁၉ သြဂုတ်၊ ၂၀၁၃ ဆုံး) ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ)
ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com

သရုပ်ဖော်ပန်းချီ - သန်းဌေးမောင်
The Ladies News

http://www.theladiesnewsjournal.com/…/thu-2016-08-18-1…/3023

No comments: