Wednesday, August 17, 2016

တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ၂၁ ပင်လုံဖြစ်သင့်ဟု တိုင်းရင်းသားလူငယ် မဟာမိတ်အဖွဲ့ပြော

တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ၂၁ ပင်လုံဖြစ်သင့်ဟု တိုင်းရင်းသားလူငယ် မဟာမိတ်အဖွဲ့ပြော
 
17 August 2016
------ ----- -------
သြဂုတ်လကုန်ပိုင်းတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံသည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် မဟာမိတ်အဖွဲ့ကဆိုသည်။
...
၂၁-ရာစုပင်လုံညီလာခံသည် နိုင်ငံရေးပြဿနာများ အဖြေရှာမည့် ဆွေးနွေးပွဲဖြစ်သည့်အတွက် တိုင်းရင်းသား ဒေသအတွင်း တပ်မတော်မှ ထိုးစစ်စင်မှု ရပ်တန့်သင်ေ့ကြာင်း ယနေ့ထုတ်ပြန်သော တိုင်းရင်းသားလူငယ် မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
ပအိုဝ့်တိုင်းရင်းသား လူငယ် ကိုယ်စားလှယ်တစ်ဦးဖြစ်သည် ခွန်ဦးက “ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာလို့ ပြောလိုက်ရင် အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေး အခြေခံဥပဒေဖြစ်ပါတယ်။ အဲ့ဒီနှစ်ခုအပေါ်မှာ အခြေခံပြီးဖြစ်လာတဲ့ ကိစ္စရပ်တွေတို့ကြောင့် ကျွန်တော်တို့ ဒီနေ့အထိဒီအချိန်အထိ ပြဿနာပေါင်းစုံ ဖြစ်လာဖြစ်တယ်”ဟု ပြောသည်။
ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှာ ဇူလိုင်လကုန်ပိုင်းက ပင်လုံတွင် ကျင်းပခဲ့သည့် လူငယ်ပင်လုံညီလာခံမှ ဆွေးနွေးမှုများအပေါ် ကြေညာချက်ထုတ်ပြန် သတင်းစာရှင်းလင်းခြင်းဖြစ်သည်။
လူငယ်ညီလာခံ(ပင်လုံ)တွင် အကြံပေးသူ အဖြစ်ပါဝင်သည့် ဦးမရန်ဂျော်ဂွန်းက ညီလာခံတွင် တိုင်းရင်းသားလူငယ်များမှ တင်သွင်းလာသည့် စာတမ်းများဖတ်သည့်အခါ တိုင်းရင်းသားလူငယ်များ ခံစားနေရမူကို ဖတ်ရသည့်အခါ စိတ်မကောင်း အလွန်ဖြစ်ကြောင်း ယင်းအတွက် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက တိုင်းရင်းသားများ တန်းတူရေးကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆိုသည်။
ယင်းက“တိုင်းရင်းသားလူမျိုး တစ်မျိုးလို့ ပြောရင် သူတို့မှာရှိရမယ့် ဂုဏ်အင်္ဂါရပ်တွေရှိတယ်။ ဒီဂုဏ်အင်္ဂါရပ်တွေကို ပုံဖော်လာနိုင်ဖို့ အတားအဆီးတွေ အများကြီးက ဒီတိုင်းပြည်မှာရှိနေတယ်။ စနစ်ကြောင့်ဖြစ်နေတဲ့ ကိစ္စရပ်တွေဖြစ်နေတယ်။ ဒီစနစ်ကြောင့်ဖြစ်လာတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဒီတိုင်းရင်းသား လူငယ်တွေက ဒီစနစ်ကြောင့်ဖြစ်တာတွေကို တိုက်ဖျက်ပြီးတော့ ဘယ်လိုပုံဖော်ရမလဲဆိုတာ ဒီညီလာခံက စတာဖြစ်ပါတယ်။ လူငယ်တွေတင်လာတဲ့ စာတမ်းတွေကို ဖတ်ရတဲ့အခါ တကယ်ခံစားရတယ်။ ဖယ်ဒရယ်တွေလို ပြောရင် ဒီအင်္ဂါရပ်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်”ဟု ပြောသည်။
တိုင်းရင်းသားလူငယ်များအနေဖြင့် ပင်လုံမြေတွင်ဇူလိုင်(၂၇)ရက်မှ သြဂုတ်(၁)ရက်အထိ (၆)ရက်တာ ညီလာခံကျင်းပခဲ့ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ၊ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ၊ ပြန်လည်နေရာချထားရေး- IDPs/Refugees၊ ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမူကော်မတီ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရင်းနှီးမြုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေး ကော်မတီ နှင့် တိုင်းရင်းသားရေးရာ ကော်မတီ တို့ဖွဲ့စည်းထားကြောင်း သိရသည်။
The Ladies News

No comments: