Tuesday, August 9, 2016

စီးပွားရေးကောင်းဖို့ ၊ တို့နိုင်ငံတိုးတက်ကောင်းမွန်ဖို့ အခြေခံ

စီးပွားရေးကောင်းဖို့ ၊ တို့နိုင်ငံတိုးတက်ကောင်းမွန်ဖို့ အခြေခံ
 
|| ဒေါက်တာခင်မောင်ညို ||
 
9 August 2016
 
မြန်မာပြည်သူတွေ ၀င်ငွေနည်းတယ်။ တစ်ဖက်ကလည်း အစိုးရသစ်တက်ပြီးနောက်မှာ ငွေကြေးဖောင်းပွမှုဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဆင်းရဲပြီး စီးပွားရေးမတိုးတက်ရင်တော့ နိုင်ငံရေးလည်း မကောင်းလာနိုင်ဘူးလို့ သုံးသပ်သူများက ဆိုတယ်။ စီးပွားရေးတိုးတက်ဖို့အတွက် အကျင့်ပျက်ခြစားမှု ( Corruption ) က အဓိကကျတယ်။ ၈၈ အရေးအခင်းဆိုတာလည်း စီးပွားရေးအခြေခံပြီး ဖြစ်လာတဲ့ သာဓကတွေရှိတယ်။ ဒီအတွက် ဆင်ခြင်ပြီး အဖြေရှာဖို့လိုတယ်။
**** နိုင်ငံရေးနှင့် စီးပွားရေး ****
နိုင်ငံတစ်နိုင်ငံရဲ့ အနေအထားကို နိုင်ငံရေး စီးပွားရေးနဲ့ ပြောဆိုကြပါတယ်။ နိုင်ငံရေးဟာ စီးပွားရေးနဲ့ အပြန်အလှန် အထောက်အကူပြုနေပါတယ်။ နိုင်ငံရေးတိုးတက်ဖို့ အရေးပိုကြီးပါသလား။ စီးပွားရေးတိုးတက်ဖို့ အရေးကြီးပါသလား။ အမှန်တော့ နှစ်ခုလုံးကောင်းဖို့လိုတဲ့အတွက် နှစ်ခုလုံးကို တိုးတက်ဖို့ ကြိုးစားရပါမယ်။ ကျွန်တော်တို့ လူသားတွေရဲ့ အကျင့်တစ်ခုကတော့ အဆင်မပြေတဲ့အခါ အခြေအနေတစ်ခုကို လက်ညှိုးထိုးတတ်တယ်။ တစ်ယောက်ယောက်ရဲ့ အပြစ်ကိုထောက်ပြတယ်။ ဒါဟာလည်း ဖြစ်တတ်ပါတယ်။ ဘာလုပ်လုပ် အပြစ်တွေရှိတာချည်းပါပဲ။ မလုပ်ရင်သာ အပြစ်မဖြစ်ဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘာကိုလိုချင်လဲ။ သာယာတဲ့ ဘ၀ကို တည်ဆောက်ချင်ကြတာလား။ သာယာတဲ့ မြန်မာနိုင်ငံက ပြည်ကြီးသားတွေ ဖြစ်လိုပါသလား။ ကနဦးအနေနဲ့ သုံးသပ်ဖို့ လိုတယ်ထင်ပါတယ်။
**** ဆင်းရဲတွင်း ****
ပထမဦးဆုံး စီးပွားဥစ္စာနဲ့ ပတ်သက်ပြီး ပြောရင်တော့ စိတ်ဝင်စားကြမှာပါပဲ။ ကမ္ဘာကြီးကို စိတ်က ဦးဆောင်တယ်ဆိုပေမဲ့ ရုပ်မရှိရင် ဘာမှအလုပ်မဖြစ်ဘူး။ ဘယ်သူ့ကိုမေးမေး ငွေကြေးချမ်းသာချင်ကြတာပဲ။ လောဘမကြီးပေမယ့် ပိုက်ဆံကို မိမိအတိုင်းအတာအလိုက် လိုချင်ကြတာပါပဲ။
ဒီတော့ “ငွေကြေး” တွေ “ရုပ်ဝတ္ထုပစ္စည်း” တွေဟာ အတော်လေး အရေးပါတာကို တွေ့ရမယ်။ ကမ္ဘာဦးအစ ရေကြည်ရာ မြက်နုရာတွေကို ပြောင်းရွှေ့နေထိုင်လာကြရာမှာ ကျွန်တော်တို့ မြန်မာတွေဟာ ပထ၀ီအနေအထားအရ အတော်လေးကောင်းတဲ့ အရပ်မှာ နေထိုင်ခွင့်ရခဲ့ကြတယ်။
တောတွေတောင်တွေက နယ်နိမိတ်မှာ ကာရံထားတယ်။ တိုင်းပြည်အလယ်မြစ်ကြီးတွေရှိပြီး မြေပြန့်လွင်ပြင်တွေလည်း ရှိတယ်။ ပင်လယ်ကမ်းရိုးတန်းကလည်း ရှည်လျားစွာ တည်ရှိတယ်။ သဘာဝသယံဇာတတွေ ဖြစ်တဲ့ ရေနံ ၊ ကျွန်းသစ်၊ ကျောက်သံပတ္တမြား ၊ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ မြန်မာတွေဟာ ကမ္ဘာ့အလယ် တင့်တယ်စွာ မနေနိုင်ကြဘူး။
ကျွန်တော်တို့လို အနေအထား မကောင်းတဲ့နိုင်ငံတွေဟာ ကျွန်တော်တို့ထက် ချမ်းသာနေကြတယ်။ ကျွန်တော်တို့က ဆင်းရဲတွင်းနက်နေကြတယ်။ ယနေ့ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်နေပါပြီ။ စင်ကာပူက မူလတန်းကျောင်းဆရာ တစ်လ သိန်းသုံးဆယ်ရတယ်။ မြန်မာပြည်က မူလတန်းကျောင်းဆရာ တစ်လ တစ်သိန်းပဲရတယ်။ သူ့ဟာသူရတာပဲ ဘာလုပ်ရမှာလဲလို့ ပြောချင်ပြောကြမယ်။
စင်ကာပူက ကျောင်းဆရာ ကျောင်းပိတ်ရက်မှာ ကမ္ဘာပတ်နိုင်တဲ့အခါ မြန်မာကျောင်းဆရာ ပြည်တွင်း ခရီးလေးတောင် မသွားနိုင်ရှာဘူး။ မြန်မာပြည်က တက္ကသိုလ် ဆရာသော်မှ တစ်လ နှစ်သိန်းလောက်ရတာပါပဲ။ သူတို့နဲ့ ကျွန်တော်တို့ ထိတွေ့နေရတယ်။
ကျွန်တော်တို့က ဆင်းရဲတယ်။ ဆင်းရဲတော့ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါ့အပြင် လူချင်းအတူတူ ကျွန်တော်တို့တစ်တွေက မျက်နှာငယ်ရတယ်။ ဒီတော့ မင်းတို့ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုရင် အသုံးမကျလို့ လို့ ဖြေရမှာပါပဲ။ အသုံးကျအောင် ဘာလို့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ရမှာလဲ။
အရည်အသွေး ညံ့ဖျင်းလို့လား။ သာမန်အလုပ်သမားတစ်ယောက်ကို လေ့လာမယ်။ မြန်မာပြည်က လူတစ်ယောက် ဂျပန်မှာ အလုပ်သွားလုပ်ရင် တစ်နေ့လုပ်ခ တစ်သိန်းရတာပဲ။ မြန်မာပြည်က လူတစ်ယောက် စင်ကာပူမှာ အလုပ်သွားလုပ်ရင် တစ်နေ့လုပ်ခ ငါးသောင်းရတာပဲ။ မြန်မာပြည်က လူတစ်ယောက် ထိုင်းမှာ အလုပ်သွားလုပ်ရင် တစ်နေ့လုပ်ခ တစ်သောင်းရတာပဲ။ ဒါဆိုရင် အရည်အသွေး မညံ့တာ သေချာပါတယ်။ အတိအကျပြောရရင် စင်ကာပူက အလုပ်သမားတစ်ယောက်ဟာ ဟိုတယ်သန့်ရှင်းရေးလုပ်ရင် တစ်လ မြန်မာငွေ ၁၅ သိန်းအထက်ကို ရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ တစ်သိန်းပတ်ဝန်းကျင်လောက်သာ ရကြတယ်။
**** ပြောင်းလဲရမယ် ****
ဘယ်လို ပြောင်းလဲရမယ်ဆိုတာ မသိပေမယ့် ဆင်းရဲတွင်းကထွက်ဖို့ဆိုတာ ကတော့ ပြောင်းကို ပြောင်းလဲရမယ်။ ကျွန်တော် အင်္ဂလန်ရောက်တော့ သူငယ်ချင်းတွေနဲ့ တွေ့တယ်။ သူတို့လစာတွေက အတော်လေးကို များပါတယ်။
“မင်းတို့ အဆင်ပြေတာပေါ့ကွာ”
“ဒီကအစိုးရက လခ ကောင်းကောင်း ပေးပါတယ်”
“ကုမ္ပဏီတွေကလည်း လစာကောင်းကောင်းပေးတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဘယ်သူမဆို လစာရဲ့ ၄၀ ရာခိုင်နှုန်း အထက်လောက်ကို အခွန်ပေးရတယ်”
“၄၀ ရာခိုင်နှုန်း အထက်ဆိုတော့ အတော်များတာပဲ။ လစာရဲ့ ထက်ဝက်နီးပါး ဖြစ်နေတယ်။ တစ်ပြည်လုံးက ပေးရတာလား”
“အားလုံးပေးရပါတယ်။ အခွန်ကို လစာထဲက တစ်ခါတည်းဖြတ်တယ်။ လူတိုင်းဟာ လစာကို ဘဏ်က ထုတ်ယူရတယ်။ ဒီတော့ ဘယ်သူမှ အခွန်ရှောင်လို့မရဘူး”
“ဒီလောက်အများကို ဘာအတွက်ဖြတ်ရတာလဲ”
“ဆင်းရဲတဲ့လူတွေအတွက်ပေါ့။ အလုပ်မရှိတဲ့လူတွေကို ပေးတာ။ dole လို့ ခေါ်တယ်။ လူမှုဖူလုံရေး (Welfare) အတွက် ပေးတာပါ”
“လူတိုင်းကို ပေးတာလား”
“၁၈ နှစ်ကျော်ပြီး အလုပ်မရတဲ့သူတွေကို ပေးတာမျိုးရှိတယ်။ အသက် ၆၅ နှစ်ကျော်ပြီး ပင်စင်မရသူတွေကို ပေးတာရှိတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ထောက်ပံ့ကြေး ပေးတာတွေလည်း ရှိတယ်”
“အတော် ခက်ခဲမှာပဲနော်။ လိမ်တဲ့သူတွေ အများကြီးနေမှာပေါ့”
“မှန်ပါတယ်။ လိမ်တဲ့လူတွေ ရှိပါတယ်။ အချို့က ညဘက် အလုပ်လုပ်တယ်။ ဒါပေမဲ့ အလုပ်မလုပ်ဘူးဆိုပြီး (Welfare) ကနေ ပိုက်ဆံယူတာတွေရှိတယ်။ ဒါပေမဲ့ လူတွေက သိက္ခာရှိရှိ နေချင်အောင် ဆောင်ရွက်ပေးနေတဲ့နိုင်ငံမှာ လိမ်သူတွေ အင်မတန် နည်းပါတယ်။ နောက်ပြီး သူတို့က အတိုင်အတော အင်မတန်ထူတယ်။ လူတစ်ယောက် မဟုတ်တာလုပ်နေတာကို တွေ့ရင် တိုင်တော့တာပဲ”
“ဆိုးတာပေါ့”
“မဆိုးဘူး သူငယ်ချင်း။ တိုင်တယ် တောတယ်ဆိုတာ မဟုတ်တာကို မလုပ်နိုင်အောင်လို့ တိုင်တာကွ။ လူကောင်းတွေကို စောင့်ရှောက်ရသလို လူဆိုးတွေကိုလည်း မဟုတ်တာ လုပ်ခွင့်မရအောင် ၀ိုင်းဝန်း ဆောင်ရွက်တာပါပဲ၊ ဒီနေရာမှာ အကျင့်ပျက်ခြစားမှု ( Corruption ) မဖြစ်ဖို့ အရေးကြီးတယ်”
“ဘာကြောင့်လဲ”
“အကျင့်ပျက်ခြစားမှု ( Corruption ) ဖြစ်တဲ့လူတွေနဲ့ အလုပ်လုပ်နေရင် လိမ်တဲ့လူတွေ အများကြီး ရှိမှာပေါ့။ စောစောက ပြောသလို ညဘက် အလုပ်လုပ်တဲ့လူကို တစ်ယောက်ယောက်က တိုင်ရင် တာဝန်ရှိသူက မင်းငါ့ကို တစ်ဝက်ပေးရင် ငါ မင်းကို အရေးမယူဘူးဆိုတာမျိုး လုပ်နိုင်တာပေါ့”
“ဒါကတော့ မြန်မာပြည်ရဲ့ ပြည်တွင်းအခွန်မှာ လုပ်နေကြတဲ့ လုပ်နည်းလုပ်ဟန်ပဲ။ ရာဇာတစ်ဝက် ငါ တစ်ဝက် ဆိုတဲ့ သီချင်းလိုပေါ့”
“ဥပဒေမစိုးမိုးတော့ အလုပ်မဖြစ်ဘူး။ တောင်ကိုရီးယားနိုင်ငံမှာ အကျင့်ပျက် လာဘ်စားသူတွေကို နှိမ်လိုက်တာနဲ့ တိုင်းပြည်တိုးတက်လာတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ၁၉၆၀ ခုနှစ်လောက်က တောင်ကိုရီးယားမှာ လူတွေ ဆင်းရဲနေကြတယ်။ ငတ်နေကြတယ်။ အစိုးရကတောင် ဆံပင်တွေဝယ်ပြီး နိုင်ငံခြားတင်ပို့ရတယ်လို့ ဆိုတယ်။ ၁၉၇၀ ကျတော့ စပြီး အဆင်ပြေလာပြီး ယနေ့မှာဆို ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးပြီး နိုင်ငံ ဖြစ်လာတော့တာပဲ”
**** မယုံမကြည် ****
ကျွန်တော်တို့ ဆင်းရဲတာ ဘာကြောင့်လဲ။
အကျင့်ပျက်ခြစားတာနဲ့ ဘယ်လိုမှ မဆက်စပ်ဘူးလို့ ယူဆကြမှာပါပဲ။ ဒါပေမဲ့ အကျင့်ပျက်တာ ဆင်းရဲခြင်းရဲ့ အခြေခံပဲ။ လူတွေဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။ လူတော်တွေဟာလည်း တိုင်းပြည်က ထွက်ခွာသွားကြတယ်။ ပြင်ပ လုပ်ငန်းရှင်တို့လည်း ၀င်ရောက်လာခြင်းမရှိတော့ဘူး။ စည်းကမ်းမရှိဘူး။ အကျင့်ပျက်တယ်။ အဲဒီလို လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်ကို ဘယ်သူက ယုံကြည်မှာလဲ။ ကုန်ကြမ်းတွေဟာ ပြည်ပကိုပဲ ထွက်သွားတယ်။ ဒီနိုင်ငံမှာ အလုပ်မဖြစ်နိုင်တော့ ကုန်ကြမ်းကို နိုင်ငံခြားရောက်အောင် ထုတ်ယူသွားကြတယ်။ ဒီကုန်ကြမ်းတွေကို ဈေးအင်မတန်ကြီးတဲ့ ကုန်ချောထုတ်ပြီး ကျွန်တော်တို့ နိုင်ငံထဲကို ပြန်သွင်းတယ်။ မိအေးနှစ်ခါနာ မကပါဘူး။ သုံးလေးခါ နာရပါတယ်။
ကုန်ကြမ်းတွေကိုယူသွားပြီး ဟိုမှာ ကုန်ချောထုတ်တော့ ကုန်ချောကို ဈေးကြီးပေးရသလို ဒီကုန်ချောထုတ်တဲ့ လုပ်သားတွေအနေနဲ့ မြန်မာတွေ အလုပ်မရဘူး။ စက်ရုံဒီမှာမရှိတဲ့အတွက် အခွန်လည်းမရဘူး။ ပြီးတော့ ရသင့်ရထိုက်တဲ့ နည်းပညာလည်း မရဘူးပေါ့။ ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက်လည်း မယုံကြည်ဘူး။ ယုံကြည်မှုမရှိရင် အလုပ်မဖြစ်ဘူး။ အလုပ်မဖြစ်ရင် မတိုးတက်ဘူးပေါ့။
***** နိဂုံး *****
ယုံကြည်မှုတွေမရရင် တိုးတက်မှုတွေ နှေးကွေးနေဦးမှာပဲ။ မြန်မာတွေ ဆင်းရဲနေဦးမှာပါပဲ။ ဆင်းရဲတဲ့ နိုင်ငံဟာ လူတွေကြားထဲမှာ မျက်နှာငယ်နေမှာပါပဲ။ ဒီမိုကရေစီလမ်းကြောင်းမှာ ဟန်ကျပန်ကျ လျှောက်လှမ်းနိုင်ဖို့ဆိုတာ ဒီလိုပုံစံမျိုးထက်ပိုပြီး မူဝါဒတွေ ချမှတ်ရမယ်။ အကြံတူ နောက်လူသာစမြဲပါ။ ကိုယ်တိုင်ကြိုးစားပြီး လျှောက်ကြရမှာပါ။ အစပိုင်းခက်တော့ ခက်မှာပါပဲ။ ဒါပေမဲ့ အများညီမှ သာယာတဲ့ ပြည်ထောင်စုကို တည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာခင်မောင်ညို
The Ladies News
http://www.theladiesnewsjournal.com/…/tue-2016-08-09-1…/2892

No comments: