Monday, August 22, 2016

အလုပ်အကိုင်အခွင့်အလမ်း ခြောက်သောင်းခန့် ဖန်တီးနိုင်မည့် ဧကငါးရာအထည်ချုပ်စက်မှုဇုန် တည်ထောင်မည်

အလုပ်အကိုင်အခွင့်အလမ်း ခြောက်သောင်းခန့် ဖန်တီးနိုင်မည့် ဧကငါးရာအထည်ချုပ်စက်မှုဇုန် တည်ထောင်မည်
Monday, August 22, 2016
 
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်လမ်း ခြောက်သောင်းခန့် ဖန်တီးပေးနိုင်မည့် ဧကငါးရာ အထည်ချုပ်စက်မှုဇုန် တစ်ခုကို မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ ထူထောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
...
အဆိုပါစက်မှုဇုန်စီမံကိန်းကို မြန်မာနိုင်ငံမှ Olympus Asia Developer Group နှင့် ကိုးရီးယားနိုင်ငံ PANKO Corporation တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ပိတ်စ၊ ချည်စ၊ ချည်လုံးထုတ်ခြင်း အထည်ချုပ်လုပ်ငန်းတို့ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ နှစ်နိုင်ငံပေါင်းလုပ်တာပါ။ သူတို့ကလည်း စိတ်ဝင်စားတယ်။ နေရာကတော့ ရန်ကုန်လို့ သတ်မှတ်ထားတယ်။ အသေးစိတ်ကိုတော့ သပ်သပ်ထုတ်ပြန်ပေးပါမယ်။ လျှပ်စစ်မီးကိစ္စကိုလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဆွေးနွေးနေတာပါ။ စက်မှုဇုန်ပြီးရင်တော့ အလုပ်အကိုင် (၆၀၀၀၀)ခန့်ရလာမယ်။ အထည်ချုပ်နဲ့ ပတ်သက်ပြီး အားလုံးကို အသေးစိတ်ကအစ ဒီမှာပဲထုတ်မှာပါ'' ဟု Olympus Asia Developer Group မှ CEO ဖြစ် သူ ဦးဥက္ကာဇော်နိုင်က ပြောသည်။
အဆိုပါစက်မှုဇုန်အတွက် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀ ခန့်သုံးစွဲရမည်ဖြစ်ပြီး (၃)နှစ်စီမံကိန်းအဖြစ် ၂၀၁၇ ခု နှစ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း(၃၀)မှ သန်း(၅၀)အထိ ကုန်ကျစရိတ်ရှိ နိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ အထည်ချုပ်စီမံကိန်းက ဗီယက်နမ်မှာလည်း ရှိတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာလည်း လုပ်ရင်း အောင်မြင်နိုင်မှာပါ။ အစိုးရက ထောက်ပံ့မှုတွေ လုပ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ရောင်းချ မယ့် ဈေးကွက်လည်း ရှိပြီးသားပါ။ တရုတ်၊ အမေရိကန်၊ ဥရောပနိုင်ငံတွေကို တင်ပို့နေတာပါ'' ဟု PANKO Corporation ဥက္ကဋ္ဌ Choi Young Joo က ပြောသည်။
အဆိုပါစက်မှုဇုန်အတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲကိုလည်း သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တောင်ကိုးရီးယားသံရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
''စီမံကိန်းတွေလုပ်တာ နိုင်ငံတိုးတက်ရေးအတွက် ကောင်းတယ်။ အလုပ်အကိုင် အခွင့်အလမ်းရမယ်။ ထုတ်ကုန် မြင့်တက်ရင် အလုပ်သမားတွေ အတွက်လည်း ကောင်းမယ်။ ကျွန်တော်တို့ ပြည်တွင်းအလုပ်သမားတွေ တိုးတက် ဖို့ အခွင့်အရေးတွေ၊ တန်းတူဆက်ဆံနိုင်တဲ့ လုပ်ငန်းရှင်မျိုးတွေဆို လက်ခံပါတယ်။ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
စက်မှုဇုန်စီမံကိန်းကြောင့် အထည်ချုပ်လုပ်ငန်း တိုးတက်လာမည်ဖြစ်သော်လည်း လက်ရှိတွင် စက်မှုဇုန်အတွက် မြေနေရာရရှိရန်နှင့် လျှပ်စစ်မီး အပြည့်အဝရရှိရန်မှာ ပြသ၁နာအခက်အခဲတစ်ခု ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။
MMK
The Ladies News

No comments: