Saturday, August 13, 2016

တရားမ၀င် ကုန်သွယ်မှုလျော့နည်းရေးအတွက် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရန် အစိုးရအဖွဲ့သို့ တင်ပြထားပြီး လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ စတင်ဆောင်ရွက်နေ

တရားမ၀င် ကုန်သွယ်မှုလျော့နည်းရေးအတွက် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရန် အစိုးရအဖွဲ့သို့ တင်ပြထားပြီး လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ စတင်ဆောင်ရွက်နေ

Saturday, August 13, 2016
 
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းရေး အ တွက် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်သွားရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
...
“ဒီလို ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စတွေက ဘယ်လိုနေရာတွေမှာ စစ်မယ်။ ဘယ်လိုတွေ ဆောင်ရွက်မယ်။ဘယ်ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတာကို အစိုးရအဖွဲ့ကို တင်ပြထားတာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
ယင်းကဲ့သို့ အစိုးရအဖွဲ့သို့ တင်ပြထားရာ၌ ကချင်ပြည်နယ်တွင် ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် ရထားပြီဖြစ်သဖြင့် ကချင်ပြည်နယ်၌ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ကချင်ပြည်နယ်ကတော့ ခွင့်ပြုထားတဲ့အတွက် ဆောင်ရွက်နေပါပြီ။ အဓိက,က ရှမ်း၊ ကရင်၊ ပဲခူးတို့မှာလည်း ဆက်ပြီးလုပ်သွားမယ်။ အဲဒါအပြင် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှာ ဆက်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ အဓိက,က တရားမ၀င် ကုန်သွယ်မှု လျော့နည်းရေးနဲ့ တရားဝင်လမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်သွားမှာပါ” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
အဆိုပါ လုပ်ငန်းစီမံချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲပြီး ကျန်သည့် ၀န်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ ကမ္ဘာ့ဘဏ်အနေဖြင့် နယ်စပ်ဒေသနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် တရားဝင် ကုန်သွယ်မှု ပိုမိုတိုးတက်လာစေရေးအတွက် အကူအညီပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်မှ သိရသည်။
“ကမ္ဘာ့ဘဏ်အနေဖြင့် သိပ်မကြာသေးခင်ကပဲ DTS ဆိုတာ ထုတ်ထားပါတယ်။ အဲဒီမှာ Infomal ဖြစ်နေတဲ့ ကုန်သွယ်မှုတွေကို ဘယ်လို Formal ဖြစ်အောင်လုပ်ဖို့ အဲဒီလိုမျိုး လုပ်တဲ့အတွက် နယ်စပ်ဒေသတွေ ပဋိပက္ခ ဖြစ်ပွားနေတဲ့သူတွေအတွက် သူတို့တွေရဲ့ ၀င်ငွေတွေ ဘယ်လိုမြင့်လာမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်အနေနဲ့ ဒါကို တိုက်ရိုက် Support လုပ်နေတာတော့ မရှိပါဘူး။ ဒါပေမဲ့ Indirectly အနေနဲ့ လုပ်နေပါတယ်” ဟု ကမ္ဘာ့ဘဏ်မှ Country Economist ဒေါ်မေသက်ဇင်က ပြောကြားသည်။
အထူးသဖြင့် DTIS(Diagnostic Trade Integration Study) မှ Trade Reform Program ၌ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပိုမိုလွယ်ကူလာစေရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေး၊ အကောက်ခွန်နှင့်ပတ်သက်ပြီး စနစ်တကျ ကောက်ခံနိုင်ရေး စသည်ဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသ တိုးတက်ရေးအတွက် တိုက်ရိုက် အကူအညီပေးခြင်းမဟုတ်သော်လည်း နယ်စပ်ဒေသ တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီပေးနေခြင်းဖြစ်သည်။
“ကမ္ဘာ့ဘဏ်ကို ကျွန်တော်တို့ အကူအညီ တောင်းထားတာတော့ ရှိတယ်။ သူတို့ကတော့ ကူညီမယ်ဆိုတာက ဘယ်လိုနေရာတွေက မှောင်ခိုတွေဝင်တယ်။ ဘာပစ္စည်းတွေ ၀င်တယ်ဆိုတာ ဆန်းစစ်တဲ့ ကိစ္စတွေကိုတော့ သူတို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ တကယ်တမ်း လုပ်ရမှာက စီမံ/ဘဏ္ဍာက ဦးဆောင်ပြီး ကျန်တဲ့ဝန်ကြီးဌာနတွေပေါင်းပြီး ဆောင်ရွက်သွားကြမှာပါ” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
Writer: နီလာ
Eleven Media Group
မြ၀တီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းကုန်တင် ယာဉ်များကို သြဂုတ်လလယ်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

No comments: