Tuesday, August 2, 2016

အာဆီယံမှာ ဘယ်သူ အမြတ် ထွက်ခဲ့သလဲ

အာဆီယံမှာ ဘယ်သူ အမြတ် ထွက်ခဲ့သလဲ


အာဆီယံဒေသတွင်းဖိုရမ် မစတင်မီ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံ၊ အရှေ့အာရှနိုင်ငံများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဒေသတွင်း ညီညွတ်မှုကို အားစမ်းခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ဇူလိုင် ၂၆ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

ကုန်းတွင်းပိတ် ကွန်မြူနစ်နိုင်ငံငယ် တစ်ခုဖြစ်တဲ့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ဇူလိုင် ၂၃ ရက်ကနေ ၂၆ ရက်အထိ ပြုလုပ်ခဲ့ကြတာပါ။

ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ထူးခြားချက် သုံးခု ရှိခဲ့ပါတယ်။

ပထမ တစ်ချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် အာဆီယံ အဆင့်မြင့် အစည်းအဝေးကို ပထမဆုံး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ တစ်ချက်က တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ တောင်တရုတ်ပင်လယ် အရေးအတွက် အာဆီယံနိုင်ငံတွေရဲ့ ညီညွတ်မှု ဘယ်လောက်ရှိသလဲ ဆိုတာ အားစမ်းခဲ့ကြတာပါ။

တတိယ အချက်က အရှေ့အာရှ ဒေသတွင်း နိုင်ငံတကာ စင်မြင့်ထက်ကနေ မြောက်ကိုရီးယားနိုင်ငံက သူတို့ သဘောထားကို တင်းတင်းမာမာပဲ ပြောလိုက်တာ ဖြစ်ပါတယ်။

■ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး

မြန်မာနိုင်ငံမှာ သမ္မတထက် သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတာ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

သူ့အတွက် အာဆီယံ အဆင့်မြင့် အစည်းအဝေး တစ်ရပ်ကို ပထမဆုံး တက်ရောက်တာ ဖြစ်သလို အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု ဘယ်လောက်ထိ ရှိနိုင်မလဲ ဆိုတာ ပထမဆုံး အကဲစမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် မေလဆန်းမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကို ပထမဆုံး သွားခဲ့တဲ့ ဖြစ်စဉ်၊ စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီးရဲ့ နေပြည်တော် ခရီးစဉ်၊ ဇွန်လအတွင်း ထိုင်းနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်တွေအရ အာဆီယံ ဒေသတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အရေးပါလာနိုင်တယ်။ ဒါ့အပြင် ဇူလိုင်မှာလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လွှမ်းမိုးထားလိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစည်းအဝေးကို လွှမ်းမိုးခြင်း မရှိဘဲ သံတမန် ပရိယာယ် အသုံးပြုပြီး အခြေအနေတွေကို အကဲခတ် လေ့လာမှုပဲ လုပ်ခဲ့ပါတယ်။

အစည်းအဝေး ကာလအတွင်း တောင်တရုတ်ပင်လယ် အရေးမှာ အင်အား မသုံးဘဲ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းတယ် ဆိုတဲ့ ရပ်တည်ချက်ကို မြန်မာနိုင်ငံက ကိုင်စွဲခဲ့ပါတယ်။ ဒါဟာ တရုတ်လက်ထဲက ၀ှက်ဖဲတစ်ချပ် လွတ်ကျခဲ့ရတဲ့ ပုံစံနဲ့ တူညီပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သူ့ဘက်သားအဖြစ် ကာလရှည်ကြာ သုံးခဲ့ရာက ဒီနှစ်မှာ မြန်မာက ကြားနေအဖြစ် ပီပီပြင်ပြင် ပြောင်းလဲလိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် အာဆီယံ အနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေဟာ တစ်သမတ်တည်းရှိဖို့ လိုတယ်ဆိုတဲ့ အချက်ကို ပြောခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့ကြတဲ့ သံတမန်တွေက ဆိုပါတယ်။

အစည်းအဝေး ကာလအတွင်း လက်တန်းပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အကြား အသိအမှတ် ပြုစရာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို အကြောင်းအရာတွေ ပြောခဲ့သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ထုတ်ဖော် ပြောဆိုတာ မရှိခဲ့သလို အစည်းအဝေး တက်ခဲ့သူတွေကလည်း အသေးစိတ် မပြောခဲ့ပါဘူး။

■ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် သီးခြား တွေ့ဆုံမှု

ဇူလိုင် ၂၄ ရက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြား တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံ သီးခြားတွေ့ဆုံဖို့ လုပ်ထားတဲ့ အခန်းမှာ ကြိုတင် ရောက်ရှိနေတဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးက အခန်းအပြင် ထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖက်လဲတကင်း ကြိုဆိုခဲ့ပါတယ်။

သူတို့ တွေ့ဆုံမှုမှာ တောင်တရုတ်ပင်လယ် အရေးအတွက် တရုတ်နိုင်ငံက သူတို့ သဘောထား ပြောခဲ့ပေမယ့် မြန်မာက ရပ်တည်ချက် မပြောင်းခဲ့ပါဘူး။

မစ္စတာ ၀မ်ယီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုမှာ မြန်မာဘက်က အသာရခဲ့တာတွေ ရှိပါတယ်။

ပထမ တစ်ချက်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ တရုတ်နိုင်ငံကို ဆက်လက် ပါဝင်စေဖို့ အဆိုပြုခဲ့တာပါ။ နောက်ဆက်တွဲ အနေနဲ့ တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပေးထားတယ်လို့ ယူဆရတဲ့ ‘၀’ သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့ရဲ့ နေပြည်တော် ခရီးစဉ် အတိုင်းအတာ တစ်ခုအထိ ခရီးရောက်ခဲ့တာ ဒီတွေ့ဆုံမှုနဲ့ ဆက်နွှယ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ သီးခြားတွေ့ဆုံစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

နောက်တစ်ချက် မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ် စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ဖိအားပေး ပြောဆိုမှု မရှိခဲ့ပါဘူး။ သူတို့နှစ်ဦး တွေ့ဆုံပြီး နောက်တစ်နေ့မှာ ပြုလုပ်တဲ့ မစ္စတာ ၀မ်ယီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြစ်ဆုံ စီမံကိန်းအပေါ် တရုတ်ရဲ့ သဘောထားကို Eleven Media Group က မေးမြန်းခဲ့ပါတယ်။ ဒါကို သူ သိပ်ဖြေချင်နေတဲ့ မေးခွန်းတစ်ခုအဖြစ် မစ္စတာ ၀မ်ယီက တုံ့ပြန်ပါတယ်။ မြစ်ဆုံဆည် စီမံကိန်းကြောင့် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ရှေ့ခရီး ထိခိုက်မှာ မဟုတ်ဘူးလို့ ၀မ်ယီက ဖြေဆိုခဲ့ပါတယ်။

ဒီနှစ်ချက် အပြင် တရုတ်နိုင်ငံကို ထပ်မံ လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ၊ အစိုးသစ်ရဲ့ ပထမ ရက် ၁၀၀ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုပြီး အကူအညီ ထပ်ပေးမယ်လို့ ပြောခဲ့တာတွေက မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ သီးခြား တွေ့ဆုံခဲ့သလို မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ရီယောင်ဟိုနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားတွေ့ဆုံခဲ့ခြင်းကလည်း ထူးခြားမှု ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးနဲ့ သီးခြား တွေ့ဆုံဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပြင်းပြတဲ့ဆန္ဒ ရှိခဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ သံတမန်နည်းလမ်းအရ ကမ်းလှမ်းခဲ့တာကို လက်ခံတွေ့ဆုံခဲ့တဲ့ နည်းလမ်းကို ကျင့်သုံးခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တွေ့ဆုံမှုမှာ မြောက်ကိုရီးယားဘက်က အဆိုပြုခဲ့တာ နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်က ကုလသမဂ္ဂမှာ အရင်အတိုင်း နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံမှု ပေးတဲ့ ပုံစံကို ဆက်သွားချင်တယ်၊ ဒုတိယ အချက်က မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက် နှစ်ရပ်လုံးကို ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းတုံ့ပြန် ပြောဆိုခဲ့တာ မရှိပါဘူး။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Boge Brende နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုမှာလည်း ထူးခြားချက်တွေ ရှိခဲ့ပါတယ်။

ပထမ တစ်ချက်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နော်ဝေနိုင်ငံရဲ့ ထောက်ပံ့မှု ဆက်ရှိနေမှာ ဖြစ်ပြီး ထောက်ပံ့မှုတွေကို ဘယ်လို  ပုံစံနဲ့ ဆက်မလဲဆိုတာ လုပ်ဆောင်ဖို့ မြန်မာဘက်က ပြောခဲ့တာပါ။ ဒုတိယ တစ်ချက်က နော်ဝေနိုင်ငံက ကူညီထောက်ပံ့မှုပေးမယ့် အဓိက ၁၂ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်၊ မြောက်ကိုရီးယား၊ နော်ဝေ အပြင် ဘရူနိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေ၊ အိန္ဒိယ ပြည်ပ ဆက်ဆံရေး အငယ်တန်းဝန်ကြီး အစရှိသူတွေနဲ့ သီးခြား တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတွေ့ဆုံမှုတွေမှာ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာ ထုတ်မပြောပါဘူး။ တွေ့ဆုံမှုတွေမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မေးမြန်းတဲ့အခါ ဒီလို နှစ်ဦး သီးသန့်တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့တာတွေကို ထုတ်ပြောလေ့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူတွေကတော့ သူတို့ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာ ယေဘုယျအားဖြင့် ပြန်ပြောခဲ့ကြပါတယ်။

■ တောင်တရုတ်ပင်လယ်အရေး

တောင်တရုတ်ပင်လယ် အရေးမှာ တရုတ်က အသာရခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်က တောင်တရုတ်ပင်လယ်အရေး ရေပိုင်နက် အငြင်းပွားမှုအတွက် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ချက် ထုတ်ပြန်လိုက်ပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ ပြောကြားချက်က ဥပဒေကြောင်းအရ ခိုင်မာမှု မရှိတဲ့အပြင် သမိုင်းကြောင်း အရလည်း ပိုင်ဆိုင်ခြင်း မရှိဘူးလို့ နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်လိုက်တာပါ။

နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်နိုင်ငံတွေအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံ အတည်ပြုကြောင်း ဖော်ညွှန်းတဲ့ ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ ကြိုးပမ်းခဲ့ပါတယ်။

တရုတ်နိုင်ငံကလည်း အစည်းအဝေး မတိုင်ခင်မှာ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတကာ ခုံရုံး ကြေညာချက် ထွက်ရှိပြီးချိန်မှာပဲ ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ထုတ်ချေးလိုက်ပါတယ်။ ဒါက အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ရိုက်ခတ်စေခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို သီးခြားတွေ့ဆုံစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တောင်တရုတ်ပင်လယ်အရေး နိုင်ငံတကာ ခုံရုံး ဆုံးဖြတ်ချက်ကို အခြေပြုပြီး ပူးတွဲကြေညာချက် ထုတ်ပြန်မယ့် ကိစ္စမှာ ကမ္ဘောဒီးယားနိုင်ငံက ဟန့်တားမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံ တစ်ခုလုံးမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ၆၀ ကျော် ရှိနေတဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံကလည်း တရုတ်ဘက်မှာပဲ ရှိနေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ ကိစ္စမှာ အတက်ကြွဆုံး လှုပ်ရှားခဲ့ပေမယ့် ကာယကံရှင် နိုင်ငံတွေ ဖြစ်တဲ့ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက သတိထား ကိုင်တွယ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံခြားရေး ၀န်ကြီး အာနီဖန်အာမန်က သူ့နိုင်ငံထဲမှာ အရေးကြီး ကိစ္စတွေ ရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အစည်းအဝေး ပျက်ကွက်ခဲ့ပါတယ်။ အစည်းအဝေး ပြုလုပ်ခါနီးမှ ပျက်ကွက်ခဲ့တဲ့ အပေါ် နိုင်ငံတကာ သံတမန်တွေ အံ့အားသင့်ခဲ့ကြပါတယ်။

အမေရိကန်က တောင်တရုတ်ပင်လယ် အရေးကို လက်ရှောင်ခဲ့ပြီး တရုတ်ကို ဖိအားပေး ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ဇူလိုင် ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ် အရေးမှာ အမေရိကန်က ဘယ်ဘက်ကိုမှ လိုက်မှာ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ သံတမန် နည်းလမ်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ထွက်ရှိလာတဲ့ ပူးတွဲကြေညာချက်ဟာ မည်ကာမတ္တပုံစံမျိုး ဖြစ်ခဲ့ပြီး နိုင်ငံတကာခုံရုံး ဆုံးဖြတ်ချက်မှာ ဖော်ပြထားတဲ့ အချက်တွေကို ရည်ညွှန်း အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ တောင်တရုတ်ပင်လယ် အရေး ပူးတွဲကြေညာချက်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ထူးထူးခြားခြား ပထမဆုံး ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပေမယ့် အနှစ်သာရ အားဖြင့် ထူးခြားမှု မရှိဘဲ အဖြစ်သဘော ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဟာ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေး ပူးတွဲကြေညာချက်ထုတ်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင် ဒီအတွက် တရုတ်ကို အပြစ်တင်စကား မပြောဖို့ ကမ္ဘောဒီးယားနိုင်ငံက တားဆီးခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ပူးတွဲကြေညာချက်အရ အာဆီယံမှာ ညီညွတ်မှု မရှိဘဲ တရုတ်ရဲ့ သွေးခွဲ ဆက်ဆံမှု အောင်မြင်နေဆဲပဲ ဆိုတဲ့ အချက် ပေါ်လွင်စေပါတယ်။

အဖြစ်သဘော ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက် ထွက်ပြီးချိန်မှာပဲ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ပူးတွဲကြေညာချက်ကြောင့် နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ပျက်ပြယ်သွားပြီလို့ တရုတ် အစိုးရဘက်က နိုင်ငံရေး သုတေသီတွေ ပြောခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေး လေ့ကျင့်မယ့် အစီအစဉ် ထွက်ပေါ်လာပါတယ်။

■ မြောက်ကိုရီးယား၏ တင်းမာမှု

တောင်တရုတ်ပင်လယ် အရေးမှာ အာဆီယံ အဖွဲ့ဝင်တွေရဲ့ ညီညွတ်မှု မပြနိုင်ချိန်မှာပဲ ကိုရီးယားကျွန်းဆွယ် အရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ တင်းမာတဲ့ သဘောထား ထွက်လာပါတယ်။

မြောက်ကိုရီးယားဟာ နှစ်စဉ် ဇူလိုင်လမှာ ပြုလုပ်လေ့ရှိတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေး အာဆီယံ ဒေသတွင်း ဖိုရမ်ကို တက်ရောက်ခွင့်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီပွဲကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို တက်ပြီး မြောက်ကိုရီးယားနိုင်ငံ ကိုယ်စား စကားပြောခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ အရှေ့မြောက် အာရှမှာ အပြင်းထန်ဆုံး ဖြစ်နေပြီး ဒီအပေါ် မြောက်ကိုရီးယား အစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းလင်းခြင်း ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ရရှိဖို့ တောင်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှု လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မထင်မှတ်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားကို စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ပြင်းထန်နေသလို  နျူကလီးယား ဗုံးကြဲလေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ကိုရီးယား ကျွန်းဆွယ်မှာ နေရာယူလာတယ်။ သြဂုတ်လမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လုပ်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ စိုးရိမ်မှုကို မြင့်တက်စေတယ်လို့ ရီယောင်ဟိုက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ကို ပြစ်တင်စကား ပြောခဲ့ပြီး သူတို့ အနေနဲ့ ဆွေးနွေးမှုရော၊ ထိပ်တိုက်ရင်ဆိုင်မှု အတွက်ပါ ပြင်ဆင်ထားတယ်၊ အကယ်၍ သြဂုတ်လမှာ ကိုရီးယားကျွန်းဆွယ် အခြေအနေကို ထိန်းချုပ်လို့ မရဘူး ဆိုရင် အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် မြောက်ကိုရီးယားက စစ်ကြေညာရမှာဖြစ်ပြီး ဒီအတွက် တာဝန်ရှိသူဟာ အမေရိကန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ကိုရီးယားကျွန်းဆွယ် အရေး အာရုံစိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ပြောဆိုခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဟာ ဇူလိုင် ၂၆ ရက်မှာ ကိုရီးယား သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ဒီအချက်အလက်တွေကို ပြန်ပြောခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်မှာပဲ ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့  နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အကြောင်းကို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နျူကလီးယားလက်နက် အသုံးပြုမှု လျှော့ချရေးအတွက် အမေရိကန်နဲ့ ရုရှားအကြား သဘောတူညီချက် ရထားတာကိုလည်း ဂျွန်ကယ်ရီက ပြောဆိုခဲ့ပြီး နျူကလီးယားလက်နက် လျှော့ချခြင်းဟာ နေ့ချင်းညချင်းပြီးမှာ မဟုတ်ပေမယ့် နိုင်ငံတွေ အနေနဲ့ အခုကတည်းက အစ ပျိုးထားနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့  နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို ဇန်န၀ါရီကနေ မေအထိ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သတိပေး အရေးယူမှုကို လိုက်နာခြင်း မရှိခဲ့ပါဘူး။

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးက သူတို့ အစိုးရ အနေနဲ့ သူတို့ရဲ့ စွမ်းအားပြည့်ဝသော  နျူကလီးယား ထိန်းချုပ်ရေး လမ်းစဉ်နဲ့ အမေရိကန်ရဲ့  နျူကလီးယား ခြိမ်းခြောက်မှုကို တန်ပြန်ပြီး ဒေသတွင်း လုံခြုံရေးကို ကာကွယ်ဖို့ အသင့်ရှိနေကြောင်း အာဆီယံ ဒေသတွင်း ဖိုရမ်မှာ ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ် အရေး၊ တောင်တရုတ်ပင်လယ် အရေး တင်းမာမှုနဲ့ ငြင်းခုံမှုတွေဟာ အာဆီယံမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ဒီနှစ်မှာတော့ တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကူအညီယူပြီး နိုင်ငံတကာ ခုံရုံး ဆုံးဖြတ်ချက် ဖိအားကို တရုတ်နိုင်ငံက ဖယ်ရှားခဲ့ပါတယ်။ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ လာအို နိုင်ငံကလည်း တရုတ်ကို ပြစ်တင် ပြောဆိုမှု မဖြစ်အောင် သတိထားခဲ့ပါတယ်။ တရုတ်နိုင်ငံအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရတဲ့ ဒီကိစ္စနဲ့ ဆက်စပ်ပြီး အာဆီယံ-တရုတ် ဆက်ဆံရေးကို သူတို့ ကယ်တင်နိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးက ကြွေးကြော်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွက်တော့ အာဆီယံမှာ ရှိနေတဲ့ နေရာ တစ်နေရာ အတွက် ဦးမော့နိုင်မယ့် ခြေလှမ်း စတင်နိုင်ခဲ့ပါတယ်။ လာမယ့် စက်တင်ဘာမှာ လုပ်မယ့် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံမှာ မြန်မာ ဘယ်လောက်ထိ ဦးဆောင်နိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Writer: 
နေထွန်းနိုင်
http://www.news-eleven.com/opinions/23094
 

No comments: