Wednesday, August 3, 2016

ရွှေရောင်နေ့ရက်အလွန် မိုင်ဂျာယန်မြို့

ရွှေရောင်နေ့ရက်အလွန် မိုင်ဂျာယန်မြို့


မိုင်ဂျာယန်မြို့လယ်တစ်နေရာမှ ဈေးဝယ်ပြန်လာသော ကချင်တိုင်းရင်းသူ သားအမိ။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
‘မိုင်ဂျာယန်’ ဆိုသည်မှာ ကချင်ဘာသာစကားအရ ကောင်းမွန်ပြီး အများအတွက် အကျိုးရှိသည့် ဒေသဟု အဓိပ္ပာယ်ရသည်။
မိုင်ဂျာယန်ကို ၁၉၅၆ တွင် တရုတ်ပြည်ဘက်မှ ပြောင်းလာသည့် ပြည်သူများနှင့် ကချင်ပြည်နယ်တောင်တန်းဒေသ၌ နေထိုင်သူများက မန်ဂျတ်လော်စန်ဆိုသည့် ကျေးရွာအမည်ဖြင့် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉၇၅ ဇန်နဝါရီလဆန်းမှ ဘုရားသခင်ထံ ဆုတောင်းဆက်ကပ်ကာ မိုင်ဂျာယန်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
‘‘နောင်အခါ အားလုံးအတွက် ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းစေတဲ့ နေရာဖြစ်လာအောင် ကောင်းမွန်တဲ့နယ်မြေ ‘မိုင်ဂျာယန်’လို့ အမည်ပေးတာဖြစ်တယ်’’ လို့ မိုင်ဂျာယန်သမိုင်း ကျွမ်းကျင်သည့် ဒေသခံ ဒေါ်လုဂျာက မြို့လေးအကြောင်း ရှင်းပြသည်။
တိုက်တာအဆောက်အအုံများစွာရှိပြီး သန့်ရှင်းသပ်ရပ်သော မြို့မှာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
မြို့နှင့်ကပ်လျက် ချောင်းတစ်ဖက်ကမ်းတွင် ခေတ်မီအဆောက်အအုံများဖြင့် စည်ကားနေသော တရုတ်နိုင်ငံမှ ဂျန်ဟုန်းမြို့လေးကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
တောင်စွယ်တောင်တန်းများကြားမှ တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်မြို့သည် ပြည်တွင်းဧည့်သည်များသာမက ပြည်ပဧည့်သည်များဖြင့်ပါ တစ်ချိန်က စည်ကားခဲ့သော်လည်း လက်ရှိအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လျက် ရှိသည်။ တရုတ်ဘာသာ၊ ကချင် ဘာသာတို့ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များအောက်တွင် လူသူကင်းမဲ့နေသည့် ဟိုတယ်အဆောက်အအုံများ၊ တံခါးပိတ်ထားသည့် လောင်းကစားခန်းမများ၊ ဈေးဆိုင်ခန်းများ၊ လူအသွားအလာ ရှင်းလင်းနေသည့် လမ်းမများမှာ ဒေသအခြေအနေကို တစ်စွန်း တစ်စလှစ်ဟပြနေသည်။
မိုင်ဂျာယန်မြို့သည် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIO ထိန်းချုပ်နယ်မြေဖြစ်ကာ တပ်မဟာ(၃) အခြေစိုက်သည်။ မိုင်ဂျာယန်မြို့ကို အစိုးရထိန်းချုပ်နယ်မြေ လွယ်ဂျယ်မြို့မှ နာရီဝက်ခန့် ကားဖြင့်သွားပါက ရောက်ရှိနိုင်သည်။
၁၉၈၂ တွင် KIO က အထက်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မိုင်ဂျာယန်မြို့လေးမှာ လူပိုမိုစည်ကားလာသော်လည်း ၁၉၈၇ ၌မူ တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ဒေသခံအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။


မိုင်ဂျာယန်မြို့လယ်တစ်နေရာ။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ထိုအချိန်က မြန်မာ့တပ်မတော်က မိုင်ဂျာယန်တွင် နှစ်လခန့် တပ်စွဲထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
၁၉၉၄ တွင် အစိုးရနှင့် KIO  အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် မိုင်ဂျာယန်မြို့လေးသည် ပြန်လည်အသက်ဝင်လာခဲ့သည်။
မကြာမီ နှစ်အနည်းငယ်အတွင်းမှာတော့ နယ်စပ်မိုင်ဂျာယန်မြို့လေးသည် ပြည်တွင်းသာမက နိုင်ငံခြားဧည့်သည်များဖြင့်ပါ ကြက်ပျံမကျ စည်ကားလာခဲ့သည်။ ၂၀၀၁ က စတင်ဖွင့်လှစ်ခဲ့သည့် လောင်းကစားရုံကြီးများတွင် အိမ်နီးချင်းတရုတ်သာမက ရုရှား၊ ဟောင်ကောင်ကဲ့သို့ နိုင်ငံများမှ ဧည့်သည်များဖြင့် တိုးမပေါက်ခဲ့ကြောင်း မိုင်ဂျာယန်ရွှေခေတ်နှင့် ကျွမ်းဝင်ခဲ့သူများက ပြန်ပြောင်းပြောပြသည်။
လောင်းကစားခန်းမနှင့် ဟိုတယ်အများစုသည် တရုတ်သူဌေးများက မြေငှား၍ လာရောက်ဖွင့်လှစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအချိန်က မိုင်ဂျာယန်ဒေသခံများသည် စီးပွားရေးကောင်းမွန်ခဲ့ကြသည်။ ‘‘တရုတ်ကို ငှားလို့ရတဲ့ ငွေနဲ့ ကလေးတွေကို ကျောင်းထားကြတယ်’’ဟု အသက်(၆၀)ကျော်အရွယ် ဒေသခံ ကချင်တိုင်းရင်းသူတစ်ဦးက ဆိုသည်။
မိုင်ဂျာယန် ခေတ်ကောင်းခဲ့ချိန်တွင် ဈေးဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များနှင့် ညလုံးပေါက်သွားလာသူများဖြင့် တစ်ချိန်လုံး ပြည့်နှက်နေကြောင်း မိုင်ဂျာယန်၌ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက နေထိုင်လာသည့် ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ ‘‘လမ်းသွားဖို့တောင် မလွယ်ဘူး။ ဝင်တိုက်မိမှာ စိုးရတယ်’’ဟု သူက ရှင်းလင်းခြောက်ကပ်နေသည့် လမ်းမဘက်ငေးရင်း အတိတ်ကို ပြန်ပြောပြသည်။
သို့သော် ၂၀၀၉ တွင် လောင်းကစားဝိုင်းများ ပိတ်လိုက်ပြီးနောက် ယခင်က ကြက်ပျံမကျစည်ကားခဲ့သည့် မိုင်ဂျာယန်မြို့သည် လူသူမရှိသည့် ခေတ်မီအဆောက်အအုံများ၊ တိတ်ဆိတ်နေသည့် လမ်းမများဖြင့် တစ္ဆေခြောက်မတတ် ခြောက်ကပ်သွားခဲ့ရသည်။ ရာဇဝတ်မှုများပြားလာခြင်း၊ ဒေသလုံခြုံရေးအခြေအနေနှင့် တရုတ်နိုင်ငံမှ ဖိအားအချို့ကြောင့် လောင်းကစားဝိုင်းများ ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း ရှေ့မီနောက်မီဒေသခံများက ဆိုပါသည်။
မြို့စည်ကားခဲ့သော ကာလများက နေ့စဉ်လူဦးရေတစ်သောင်းကျော် ဝင်ထွက်သွားလာနေထိုင်သော မြို့လေးသည် ယခုတော့ မြို့၌နေသူ တစ်ထောင်ပင် မပြည့်တော့။ အနီးအနားရှိ ကျေးရွာများမှ လူပါထည့်သွင်းတွက်ချက်လျှင် လူနှစ်ထောင်ကျော်သာ ရှိတော့သည်။



ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
လောင်းကစားဝိုင်းများ ပိတ် ပြီးနောက် မကြာမီမှာပင် မိုင်ဂျာယန်မြို့သည် KIO ၏ ပညာရေးကျောင်းများတည်ရှိရာမြို့ ဖြစ်လာပါတော့သည်။
လက်ရှိအချိန်တွင် မိုင်ဂျာယန်မြို့၌ Federal Law Academy,Institute of Liberal Arts and Sciences (IEP), MAIJAYANG  College, Pre-college, TAT, HtoiNingShawng စသည့် ကျောင်းများ ဖွင့်လှစ်ထားသည်။
ယင်းကျောင်းများတွင် ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောင်းသူကျောင်းသားများ ပညာသင်ကြားနေပြီး ဘော်ဒါဆောင်များ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့မြင်ရသည်။
‘‘အဓိကက အင်္ဂလိပ်စာသင်ချင်လို့ပါ’’ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှ လာရောက်ပညာသင်ကြားနေသည့် IEP ကျောင်းသူတစ်ဦးက ဆိုသည်။
မိုင်ဂျာယန်မြို့သည် တရုတ်နိုင်ငံနှင့် ချောင်းလေးသာခြားသည့် ဒေသဖြစ်သဖြင့် တရုတ်ယွမ်ငွေကိုသာ အဓိကသုံးစွဲကြသည်။ မြန်မာကျပ်ငွေကို သုံးစွဲမည်ဆိုပါက တစ်ယွမ်လျှင် နှစ်ရာကျပ်ဖြင့် သုံးစွဲရမည်ဖြစ်သည်။ ထို့အပြင် ကချင်စကားကို ပြောဆိုကြသော်လည်း တရုတ်စကားမှာ မိုင်ဂျာယန်တွင် မတတ်မဖြစ် လိုအပ်မည်ဖြစ်သည်။ ‘‘တရုတ်စကားမတတ်ရင် ဒီမှာဘာမှလုပ်လို့မရဘူး’’ဟု အသားကင်ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးက ရယ်မောရင်းပြောသည်။
မိုင်ဂျာယန်တွင် လောင်းကစားဝိုင်းများ မရှိသည့်နောက်ပိုင်းဒေသများသည် ကြံစိုက်ခြင်း၊ ဝက်မွေးခြင်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်းကြကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ လုပ်ငန်းအားလုံးအတွက် တရုတ်နိုင်ငံကို မှီခိုနေရခြင်းလည်းဖြစ်သည်။  ‘‘ကြံခုတ်ပြီးရင် တရုတ်ဘက်သွားရောင်းတယ်’’ဟု ကြံစိုက်ဒေသခံတစ်ဦးက ပြောသည်။ နယ်စပ် မိုင်ဂျာယန်မြို့လေးတွင် ကချင်၊ တရုတ်နှင့် ရှမ်းလူမျိုးများသာမက လာရောက်စီးပွားရှာကြသည့် ဗမာလူမျိုးများကိုလည်း မြင်တွေ့နိုင်သည်။
ကာလအတန်ကြာ တိတ် ဆိတ်နေသည့် မိုင်ဂျာယန်မြို့လေးသည် ဇူလိုင်လကုန်ပိုင်းတွင် ထူး ထူးခြားခြား လှုပ်ရှားသက်ဝင်လာ သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်း အဝေးကို မိုင်ဂျာယန်မြို့လေးတွင် ပြုလုပ်ခြင်းဖြစ်သည်။ ဧည့်သည် ထောင်ဂဏန်း ရောက်ရှိလာမှုနှင့် အတူ မိုင်ဂျာယန်မြို့မှာ ပြန်လည် အသက်ဝင်လာခြင်းဖြစ်သည်။
အသားကင်၊ အဖျော်ယမကာနှင့် ထမင်းဟင်းရောင်းချသည့် တစ်ခုတည်းသောလမ်းဆုံတွင် စားသုံးသူများဖြင့် ညဥ့်နက်သန်း ခေါင်တိုင်အောင် စည်ကားနေသည်ကိုလည်း တွေ့ရသည်။ မိုင်ဂျာယန်၏တစ်ခုတည်းသော ကွမ်းယာဆိုင်လေးတွင်လည်း ဝယ်ယူ သူများက တန်းစီစောင့်ဆိုင်းနေကြသည်။ မိုင်ဂျာယန်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအစည်းအဝေးနှင့်ပတ်သက်၍ ဒေသခံအသက် (၄၀)အရွယ် အမျိုးသမီးတစ်ဦးက ‘‘ကိုယ်စားလှယ်တွေကို ကြိုဆိုတယ်ပေါ့။ အားလုံးက အေးအေးချမ်းချမ်းနေချင်ကြတာပဲလေ’’ ဟု သူမျှော်လင့်သည်ကို ဖွင့်ဟသည်။
ငါးရက်ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်မျက်နှာစုံညီ အစည်းအဝေးအပြီးတွင်တော့ ဧည့်သည်များကို တင်ဆောင်၍ မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာသွားသည့် မော်တော်ယာဉ်တန်းကို မိုင်ဂျာယန်ဒေသခံများ၊ ကျောင်းသူကျောင်းသားများက လက်ဝှေ့ယမ်းနှုတ်ဆက် ကျန်ရစ်ခဲ့ပါသည်။
ရန်ကုန်မြို့သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသည့် ဒေါ်လုဂျာက ‘‘ကိုယ့်အိမ်ရှိတယ်၊ ကိုယ့်လယ်ရှိတယ်။ ဘယ်မှ မပြောင်းဘူး။ ဒီမှာပဲနေမယ်’’ဟု မိုင်ဂျာယန်ကို မခွဲမခွာနေမည့်အကြောင်း ပြောပါသည်။

http://www.7daydaily.com/story/71805

No comments: