Friday, August 5, 2016

( ၂၈ )နှစ်မြောက် ( ၈-၈-၈၈ ) မြန်မာပြည် ဒီမိုကရေစီ လူထုအရေးတော်ပုံ ဂုဏ်ပြုကဗျာများ

( ၂၈ )နှစ်မြောက်  ( ၈-၈-၈၈ ) မြန်မာပြည် ဒီမိုကရေစီ လူထုအရေးတော်ပုံ ဂုဏ်ပြုကဗျာများ

( ၂၈ )နှစ်မြောက် ၈-၈-၈၈ မြန်မာပြည် ဒီမိုကရေစီ လူထုအရေးတော်ပုံ ဂုဏ်ပြုကဗျာများအဖြစ် ကဗျာဟောင်းများကို စုစည်းရင်း ဒီမိုကရေစီ သူရဲကောင်းများကို အလေးပြုလိုက်ပါတယ်..။

အောင်ခိုင်မြင့်
၅ သြဂုတ်လ ၂၀၁၆
 
***************************************
ကမ္ဗည်းတွင်ရစ်မည့် သမိုင်းသစ်

01 August 2013

ညစ်ထေးထေးခေတ်ထဲ
အလျားလိုက် ဖြတ်သန်းစဲ
ပျော်ရွှင်မှု ကွဲကြေ
မွန်းကြပ်ပူလောင်ခြင်းတွေ သန္ဒေတည်ခဲ့ပြီ ။

နောက်ဆုံးပေါ် အဆီအနှစ်
စည်းစိမ်ယစ်သူ တစု
အသူတရာ ချောက်ထဲ
ဘ၀မွဲများ လျစ်လျှူရှူစဲ ..။

စနစ်ယိုင်နဲ့ ၊ စာရိတ္တကျိုးပဲ့
စစ်ဘီလူးရဲ့ ထင်တိုင်းကြဲစဉ်
ငြိမ်းချမ်းရေးဟာ
တုံးလုံးလဲ သတိလစ်သွားတယ် ။

ဒုက္ခရိုက်ပုတ် ခန္ဒာရုပ်လည်း
ခေတ်ဆိုး ကုတ်ဖဲ့လျက်
အဖာရာ ပြည့်နှက်
လောက ငရဲမှ ရုန်းထွက်ရမယ်...။

အဓိပ္ပါယ်ပြည့်ခြေလှမ်းများ
မနားတမ်း ခရီးနှင်
ပြည်သူ့နာကျင်မှု ဝေဒနာ ကင်းစင်ဖို့
တော်လှန်ရေး ဒေါင်းလံလွှင့်
ဒီမိုကရေစီ ကြွေးကြော်သံ
ကမ္ဘာ့မိုးယံ ပျံ့လွင့်ပေါ့ ။

ငြိမ်းချမ်းရေးအတွက်
အသက်သွေးပေးဆပ်
အမှန်တရား ချစ်မြတ်နိုးသူတွေရဲ့
မရိုင်းညစ်တဲ့ သမိုင်းသစ်
၈-၈-၈၈ ( ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် )
မော်ကွန်းကမ္ဗည်းတွင်ရစ်ပြီ ။ ။

အောင်ခိုင်မြင့်
၁၉၉၂


*****************************************
ဂန္ဓ၀င် သူရဲကောင်းများ အသက်သွေးချွေးနဲ့  ငွေရတုနှစ်ကို ထုဆစ်ခဲ့တယ်.....( အောင်ခိုင်မြင့် )

အတိတ်က ရဲရင့် တောက်ပ ကြယ်ကြွေတွေရဲ့ ဝိဥာဉ်များ
သတိရ အောက်မေ့ခြင်းကို အရိုးကောက်သလို
ကောင်းကင်မှာ တစစီ လိုက်ကောက်ရင်း
မျှော်လင့်ခြင်း ၊ ဘ၀ ဟာလာဟင်းလင်း ၊သမိုင်း ရင်ဘတ်ထဲ
ဂန္ဓ၀င် သူရဲကောင်းများ အသက်သွေးချွေးနဲ့  ငွေရတုနှစ်ကို ထုဆစ်ခဲ့တယ်.....။

လက်ပြ ကျန်ရစ် သက္ကရာဇ်နှစ်တွေ ပြန်ကြည့်ရင်
ပိန်းပိတ်အောင် မှောင်မဲ မသဲမကွဲ အမှောင်ထုများကြား
ခက်ထန် ကြမ်းတမ်း တောတောင်နဲ့ သံတိုင်များ ပတ်ပတ်လည် ၀န်းရံ ကာဆီးထား
သွေးပျက်ဖွယ် ရက်စက်ညကို အံတုရင်း ၊ အလင်းသစ်ထံ ရွက်လွှင့်
အေးစက်စက် အရိပ်မဲ့ အဆိပ်သင့် နေ့ ရက်များ အလယ်
ပေးဆပ်လျက် ယုံကြည်ရာလမ်း နာကျင်စွာ လျှောက်လှမ်းခဲ့တယ်..။
 
အဝေးကို လွင့်ပျံနေတဲ့ အတွေးအိမ်မှာ နားထဲ ငိုရှိုက်သံ သဲ့သဲ့ကြားတယ်..
အနီးအနား မှုန်ဝါးဝါးမြင်ကွင်းမှာ မျက်လုံးထဲ သွေးသံရဲရဲ တွေ့ လိုက်တယ်..
ဒီလိုနဲ့ ..................
မြေပြင်ထက် ဆွတ်ပျံ့ ကြေကွဲဖွယ် ပိုင်ရှင်မဲ့ သွေးစွန်းပေ ဖိနပ်တစ်ရံ နေရာမှာ
ကောင်းကင်ထက် ရဲရင့် တက်ကြွခြင်း ခေတ်ပြောင်းမဲ့ ဒေါင်းအလံနဲ့ အစားထိုး
အတွေးအခေါ်သစ်များ အိမ်မက်ဆိုးထဲက ပြိုင်တူ နိုးထခဲ့ကြတယ်..။

အင်းလျားကန် မျက်ရည်စိုတုန်းက အန်ဂျီအို ( NGO ) မရှိသေးဘူး...။
တံတားနီ ဦးခေါင်း သွေးချင်းချင်းနီတုန်းက ခရိုနီတွေ အိမ်မက် မက်ကောင်းတုန်း..။
ခေတ် အတွေးအခေါ်များ လုံးပါးပါးပြီး
ဖောက်ပြန်ခြင်းများ မိုးခါးရေတွေ အငမ်းမရ သောက်တဲ့အခါ
စနစ် အဘိဓမ္မာတရားများ အဆိုးအမှားထဲ တိုးကာ ၊ သိသိသာသာ ခါးလာတယ်..။
နေရောင်ခြည်လို ကမ္ဘာမကြေသီချင်းများ လမ်းမပေါ် ထွက်လျှံကြလာတယ်....၊
ဒုက္ခတွေ ရင်ထဲအပြည့်အသိပ်န့ဲ ငြိမ်းချမ်းရေးလရောင်ကို စောင့်စားခဲ့ကြတယ်....။

အလိုမကျ နေ့ ရက်တွေ ပြိုကျ ပျက်ဆီးသွားလည်း
အမိမြေ နှလုံးသားမှာ ရာဇ၀င်အိုဟာ အမြဲ နုပျိုလန်းဆန်း ရှင်သန်နေတယ်..။

ပစ္စပ္ပန်ဟာ အမိုးမလုံတဲ့ ထီးလို ဆုတ်ပြဲနေတဲ့အခါ
အတိတ်ဟာ မြက်မရိတ်သိမ်းပဲထားတဲ့ ပန်းဥယျာဉ်လို မလှပ
အနာဂတ်ဟာ စီြး့ပီးသား ဖိနပ်လို ပြတ်နေတဲ့အခါ
ကြယ်ကြွေတွေရဲ့ ဝိဥာဉ်တွေစုစုပြီး ငွေရတုကို ကြေကွဲစွာ ဖြတ်သန်းရဦးမယ်..။



အောင်ခိုင်မြင့်
၂၆ ဇွန်လ ၂၀၁၃

( ၂၅ ) နှစ်မြောက် ( ၈၈၈၈ ) ငွေရတုအထိမ်းအမှတ် ကဗျာ

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ဆိုတာ မြို့ ပြရဲ့ နှလုံးသားထဲ စူးနစ်နေတဲ့ ကျည်ဆံတစ်တောင့်ဖြစ်တယ်..


၅ သြဂုတ်လ ၂၀၁၄


ဂန္ဓာဝင် သူရဲကောင်း ၀ိဥာဉ်များ ၊နှလုံးသားထဲ မြစ်လို စီးဆင်း
ရာဇ၀င်ထဲ သွေးသစ်နဲ့ သွေးအားသွင်းထားတဲ့ သက္ကရာဇ်
သမိုင်းဝင် နိဒါန်း အဖြစ်သနစ်များ နာကျင်စွာ မွေးဖွား ကျန်ရစ်
ရဲရဲတောက် ကြေကွဲခြင်းများ ရင်ထဲမှာ အရင်လို ငလျင်လှုပ်နေတယ်..။


အတိတ် အဝေးမှာ ဒဏ်ရာတွေ ဗလာပွ ၊ ဒေါသစွန်းထင်း အဖြစ်အပျက်
စိတ်အတွေးမှာ အမှန်တွေ ပြန်မရ ၊ သောက ပွေ့ ဖက်နေ့ ရက်
ကြိတ်ဆွေး နေရတဲ့ ကံကြမ္မာမဲ့လောက ၊ အကျည်းတန် ဘ၀ များရှိခဲ့တယ်..။


အသစ်စက်စက် အဖြစ်အပျက်တွေ အစာမကြေတိုင်း
ခေတ်ပျက်မှာ နေ့ စဉ် ရက်ဆက် ကမ္ဘာမကြေ သီချင်း သီဆိုနေသော မြို့ ပြ များ
ခေါင်မိုးက မလုံတော့ ထီးပေါက်ယုံမက
ထီးနန်းပါ ပျောက်သလို ပူလောင်နေတဲ့ ဘ၀များ
အပြိုင်အဆိုင် မိုးခါးရေ သောက်ပြီး
စစ်မီးတောက်ထဲ ငြိမ်းချမ်းရေး ငတ် တောင်တန်းများ
သမိုင်း မှတ်တိုင်တွေမှာ အာဇာနည် များ ကြေကွဲဖွယ်ကျဆုံးကာ
ပြဿနာ ပဋိပက္ခ အဓိကရုဏ်းများသာ
အရင်အတိုင်း အစဉ်အလာမပျက် သက်ဆိုးရှည်ခဲ့
လက်ပြ ကျန်ရစ် သက္ကရာဇ် နှစ်တွေကို ပြန်လည် ဆန်းစစ်ချင်တယ်..။


ခေတ်ခါးခါးရဲ့ ပစ္စုပ္ပန် ဟင်းလင်းပြင်မှ
အတိတ်ဖြစ်စဉ်များ ပြန်တွေးမိစဉ်
တောက်ခေါက်ချင်ဖွယ်ကောင်းအောင်
ဒေါသကြီးကြီးများထွက်လာတယ်..။
ငိုကြွေးချင်ဖွယ် ဖြစ်အောင်
ဆွေးမြေ့ မှု သေးသေးမွှားမွှားများ နှလုံးသားမှာ လာစုတယ်..။


အတိတ်ဆိုတာ မြေမြုပ် သဂြိ င်္ုလ်လို့ ရတဲ့ သတ္တ၀ါမျိုးမဟုတ်
ကောက်ကျစ်သူ စစ်ဘီလူးများရဲ့ သမိုင်းဆုတ်ဖြဲတဲ့ လက်
လောဘ ပွေ့ ဖက် ခန္ဓာကြား
ခေတ်ကြေးမုံကို ပြတ်ပြတ်သားသား မြင်..။

လူ့ လောကကြီးထဲ အူဝဲလို့ ငို ကြွေးစ ကပင်
ငြိမ်းချမ်းရေးနဲ့ ဝေး ၊စနစ်ဆွေးကြီးမှာ
လှုပ်လိုက် မြုပ်လိုက် အခါခါ
ခင်ဗျား အမေ ကျုပ်အမေတွေများ ၊
မွန်းကြပ်မှုကြား ထွက်ပေါက်ရလို ရငြား
ဗေဒင် ပြေးမေးလို မေးရ ၊ နတ်ကနား ပေးလို ပေးရ
မြန်မာပြည် ကုလားထိုင်ထက် အတ္တမက် ဖောက်ပြန်သူတစ်စုကြောင့်
ဒုက္ခနဲ့ အဆွေခင်ပွန်း ဖြစ်ရမှန်း ယောင်ယမ်းလို့ တောင် မတွေး မိခဲ့ကြဘူး..။


မိုနာလီဇာ ရှုံးလောက်တဲ့
ဟန်ဆောင်အပြုံးတွေ လိမ်းကျံထားဆဲ မျက်နှာပြင်များ အောက်
ညစ်ထေးထေးသွေးများ ဒလဟော စီးဆင်းနေသူ လူတစ်စု
လှပတဲ့တိုင်းပြည်မှာ..
ငိုရှိုက်သံပေါင်းများစွာကို ဖန်တီးမွေးဖွားနေကြတယ်..။


ကျောက်ပေါက်မာ ပြည့်နှက်နေတဲ့ မျက်နှာကို
ဗြူတီပါလာမှာ ပေါင်းတင်သလို
တံတားတွေဆောက် လမ်းတွေ ဖောက်လည်း
ဖိနှိပ် ချုပ်ချယ်မှုများအောက်
ဒုံးပျံထက် မြန်တဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြား
ဘ၀များ ပြားပြားမှောက် ဗျာများကာ
ဒုက္ခ ပင်လယ်ဝေခဲ့ပြီ..။


ကျောမဲနာရီ ချွေးရွှဲရာသီ
နေ့ အလီလီ ပြောင်းလဲ ၀မ်းစာစပါးနဲ့ လယ်ယာမြေများ
စစ်နွားများ ယူသွားစဉ်
မိရိုးဖလာ လယ်သမားများ
အပြောင်းအလဲမှာ ပြောင်းလဲပုံများ ပြောပါတယ်..
အရင်က ထိုင်းမြန်မာ တောင်ကြားမှာ မှောင်ခို အထမ်းသမားဖြစ်
ယခုတော့ စစ်ဘေးမှာ ဒုက္ခသည်ဖြစ် သွားတယ်..။


ပညာတတ်တွေလည်း ဘွဲ့ ရ ၊အလုပ်လက်မဲ့
ဦးနှောက် ယိုစိမ့်မှုများ တားဆီးမရခဲ့
တိုင်းတစ်ပါးမှာ အိမ်ဖော်ဖြစ်ဖြစ် ကျွန်ဖြစ်ဖြစ်
ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကြီး ဖြစ်ခဲ့တယ်..။


အမှန်တရားက ပေါ်လာလိုက် ပျောက်သွားလိုက်
ပင်လယ်ငါးတွေ အသက်ရှုသလို
ဒီလို နဲ့ သိစိတ် နဲ့မသိစိတ်ကြား ၊ ကစဥ့်ကလျားဖြစ်နေတဲ့ စိတ်
လက်ထိပ်ခတ်ခံရသလို မွန်းကြပ် ၊ ရုန်းထွက် ပေါက်ကွဲ ချင်နေပြီ..။

နောက်ဆုံးမှာ..ချော်ရည်ဝနေတဲ့ မီးတောင် ပေါက်ကွဲ သလို..
လှောင်ချိုင့်ထဲက ငှက် ရုန်းထွက်သလို
ဒီမိုကရေစီ ကြွေးကြော်သံများ ကမ္ဘာ့ မိုးယံ ပျံ့ လွင့်ခဲ့တယ်..။

နောက်ဆုံးပေါ် အဆီအနှစ် စည်းစိမ်ယစ်သူ တစ်စု
အသူတရာ ချောက်ထဲ ဘ၀မွဲများ လစ်လျူရှုစဲ
ချိနဲ့ နဲ့ ဦးနှောက် ချိုင်းထောက်ထောက်ပြီး
အမှောင်ထဲက တိုင်းပြည်ကို ဆင်းရဲတွင်းနက်ထဲ တွန်းချခဲ့
ပြဿနာနဲ့ ပဋိပက္ခတွေ ဖောဖောသီသီဖြစ်နေလို့ ဥက္ကဌဖြစ်နေတယ်..။


တကယ်လို့ များ ဘုရားရှိမယ်ဆိုရင်...
ငါ့အသံတွေ တောင်ပံတပ်ပေးပြီး
နောက်ပွင့်တော်မုမဲ့ အရိမေတ္တိယျ ဘုရားလောင်းထံ
မီဒီယာကဖြစ်ဖြစ် ဖေ့ဘုတ်ကဖြစ်ဖြစ် အရောက်ပို့ ပေးကြပါ..။


ပိုလန် ၊ ဟန်ဂေရီ
အရှေ့ ဂျာမဏီ ၊ ချက်ကို စလိုဗက်
အမှောင်တံခါး ပျက်ကို ရိုက်ချိုး
ဒီမိုကရေစီ အလင်းသစ်များ ပိုင်ဆိုင်လျက်
သူတို့ နေ့ ရက်တွေဟာ နတ်သမီးလို လှပခဲ့ပြီ..။


ငါတို့ မှာတော့ တခါလာလည်း မဲပြာ ပုဆိုး
စစ်အတွေးဆိုးတွေ ၀တ်ဆင်ထားပြီး
အကွက်ချောင်းနေတဲ့ တိုက်ပုံဝတ် ခေါင်းပေါင်း
မဆလ အင်္ကျီပေါ် န၀တ စစ်ဂျာကင် ထပ်ဝတ်ပြီး
တစည ၊ ကြံ ဖွတ် ( ကြံဖွံ့  ) အလွှာတွေ အထပ်ထပ် ၀တ်လိုက် ချွတ်လိုက်
ဝတ်လစ်စလစ် ကချေသည်မလို တလွှာချင်း ချွတ်လျက်
ကမ္ဘာ့ အလယ်မှာ မြန်မာတွေ မျက်နှာငယ်ရပေါင်းများပြီ..။


ငြိမ်းချမ်းခြင်း ၊ လွတ်လပ်ခြင်း
တရားမျှတမှုများနဲ့ ယက်လုပ်ထားတဲ့ ဒီမိုကရေစီ ၀တ်စုံသစ်ကို
သင့်ရဲ့ အတ္တကင်းမဲ့ လက်များနဲ့ 
မြန်မာပြည် ခန္ဓာကိုယ်ပေါ်......
ယမ်းငွေ့ တွေကြား ယောင်ယမ်းနေတဲ့ တောင်တန်းတွေပေါ်.....
လှပစွင်္ာ လွှမ်းခြုံပေးလိုက်ပါ..။


နွံ့ နစ်ခဲ့ အမှောင်ထဲ ကြွေးကြော်သံများ လမ်းမပေါ် မွေးဖွား ရှင်သန်
စွှန့် လွှတ် ပေးဆပ် ဂစ်တာကြိုးပြတ်သလို သံစဉ်မဲ့ ညများ ပြန့် ကျဲ
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ဆိုတာ မြို့ ပြရဲ့ နှလုံးသားထဲ စူးနစ်နေတဲ့ ကျည်ဆံတစ်တောင့်ဖြစ်တယ်..။


အောင်ခိုင်မြင့်

၅ သြဂုတ်လ ၂၀၁၄

( ၂၈ )နှစ်မြောက် ၈-၈-၈၈ မြန်မာပြည် ဒီမိုကရေစီ လူထုအရေးတော်ပုံ ဂုဏ်ပြုကဗျာ အဖြစ် လွန်ခဲ့သော နှစ် ( ၂၀ )ကျော်မှ ရေးသားချက်များကို မွန်းမံပြင်ဆင်တည်းဖြတ်ကာ ပြန်လည်တင်ပြထားပါတယ်..။
 

 

No comments: