Saturday, August 20, 2016

နှစ်ပေါင်း ၂၆ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာတော့မည့် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း

နှစ်ပေါင်း ၂၆ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာတော့မည့် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း
 
20 August 2016

==============================================================
ပြည်ပရောက် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် သတင်းမီဒီယာများ၊ လူမှုကွန်ရက်များမှာ ကျယ်လောင်စွာ ဝေဖန်ပြောဆိုနေမှုများ ပျံ့နှံ့နေချိန်တွင် စစ်အာဏာရှင် လက်ထက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိပြီး အာဏာမလွှဲအပ်ခဲ့မှုအပေါ် နှစ်ပေါင်းဆယ်ချီကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသ...ားညွှန့်ပေါင်း အစိုးရ တစ်ရပ်ဖွဲ့စည်းပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာစိန်ဝင်းသည် အမိမြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ မကြာခင် ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့လေပြီဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းများအရ သိရှိရပါသည်။
ဒေါက်တာစိန်ဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုကြီးဖြစ်သူ အာဇာနည်ခေါင်းဆောင် ဦးဘ၀င်း၏ သားဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမတစ်ဝမ်းကွဲ တော်စပ်သူလည်း ဖြစ်ပါသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်အောက်ခံပါတီ တစ်ခု ဖြစ်သော အမျိုးသား ဒီမိုကရေစီပါတီကို ဖွဲ့စည်းဦးဆောင်ခဲ့သူဖြစ်ပြီး ပဲခူးတိုင်းပေါက်ခေါင်း မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထိုစဉ်က စစ်အာဏာရှင်များ အနေဖြင့် NLD ပါတီအား တရားမ၀င်ဖျက်သိမ်းခဲ့မည်ဆိုပါက ချက်ချင်း ပါတီအစားထိုး ရပ်တည်နိုင်ရန် မဟာဗျူဟာ ချမှတ်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရမှ အာဏာမလွှဲအပ်ဘဲ အမတ်များကို ဖမ်းဆီးချိန်တွင် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၄င်းနှင့်အတူလိုက်ပါလာခဲ့သည့် NLD ပါတီအနိုင်ရ လွှတ်တော်အမတ်များ စုစည်းလျှက် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ကာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားစဉ်ကာလ တစ်လျှောက်လုံး ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖိနှိပ်ခံနေရသည့် မြန်မာနိုင်ငံအကြောင်းကို တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်ရေးနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
၂၂ နှစ်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စင်ပြိုင်အစိုးရကို ဖျက်သိမ်းခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသည့် အမိနိုင်ငံသို့ ပြန်လာနိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။
ယနေ့အချိန်အခါတွင် အစိုးရသစ် အနေဖြင့် ယခင်အစိုးရ လက်ထက် Blacklist စာရင်းသွင်းထားခဲ့သူ ၈၀၀ ကျော်အား တရားဝင် ပယ်ဖျက်လိုက်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါ စာရင်းများအရ ဒေါက်တာစိန်ဝင်း တစ်ယောက်လည်း အမိမြန်မာနိုင်ငံဆီသို့ ပြန်လည်ဝင်ရောက်နိုင်တော့မည် ဖြစ်ပါသည်။ မကြာမီ ပြန်လည်ဝင်ရောက်လာမည့် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် စင်ပြိုင်အစိုးရ အဖွဲ့ဝင်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးကိုယ်တိုင် ကြိုဆိုမည်ဟုလည်း NLD ပါတီဘက်မှ သတင်းများ ထွက်ပေါ်လျက်ရှိနေပါသည်။

No comments: