Saturday, August 27, 2016

၂၁ ရာစု ပင်လုံညီလာခံက ဘာတွေမျှော်လင့်မလဲ

Image may contain: 9 people , text
 
၂၁ ရာစု ပင်လုံညီလာခံက ဘာတွေမျှော်လင့်မလဲ
27 August 2016
===============================================
By နော်နိုရင်း
27 August 2016

...
ဒီလကုန် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ ကနေ ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်လာမယ် လို့ မမျော်လင့်ပေမယ့် အနည်းဆုံး တဦးနဲ့တဦး ယုံကြည်မှုတွေ ပိုတိုးရလာပြီး ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ခရီးအတွက် အစပြု ခြေလှမ်းသစ် တခု အဖြစ် သတ်မှတ်နိုင်တယ် လို့ ညီလာခံ တက်ရောက်မယ့် သူတွေက ပြောပါတယ်။
လတ်တလော ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ကို ဖိတ်ကြားထားပြီး အားလုံးက တက်ရောက်မယ် လို့ အကြောင်းပြန်ထားတယ် လို့ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက ဦးလှမောင်ရွှေ က ဒီဗွီဘီကို ပြောပါတယ်။
“အဖွဲ့ ၃ ဖွဲ့က လွဲပြီးတော့ ကျန်တဲ့ အဖွဲ့တွေ အကုန်လုံး ဖိတ်ပြီးပါပြီ။ ဖိတ်တဲ့ အဖွဲ့ အားလုံး ကလည်း တက်ရောက်မယ်လို့ အကြောင်းပြန် ထားပါတယ်။ ဒါပေမယ့် ကိုးကန့်၊ ရခိုင်နဲ့ တအာင်း ပလောင် လက်နက်ကိုင် အဖွဲ့တွေ ညီလာခံ တက်နိုင်ဖို့ အရေးကိုတော့ ဆက်လက် ဆောင်ရွက်နေဆဲပဲ လို့ ပြောပါတယ်။
တအာင်းပလောင် တပ်ဖွဲ့ကို မေးမြန်းရာမှာတော့ ဒီကနေ့ အချိန်ထိ သူတို့ကို ဖိတ်ကြားတာ မရှိသလို ညှိနှိုင်း ဆောင်ရွက်မှု မရှိဘူးလို့လည်း တအာင်း ပလောင် ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော် က ပြောပါတယ်။
“သတင်းမှာ ကြားတာက မိုင်းလားကနေ တဆင့် အီးမေးလ်ကနေ ပို့လိုက်တယ်ပြောတယ်။ ကျနော်တို့ ဆီမှာတော့ မရောက်သေးဘူး။ ကျနော်တို့ မိုင်းလားကို လိုက်မေးကြည့်တဲ့ အချိန်ကျတော့ ကျနော်တို့ကို ဖိတ်တဲ့ ဖိတ်စာ မပါဘူးလို့ ပြောတယ်။ ကျနော်တို့က ပြီးခဲ့တဲ့လမှာ တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့ နောက်ပိုင်း ဘာမှပြန်ပြီး ဆက်သွယ် ညှိနှိုင်းမှု မရှိသေးဘူး။ ကျနော်တို့လည်း ထုတ်ပြန် ကြေညာထားတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံကို ကျနော်တို့က တက်ချင်တယ်။ တက်ဖို့လည်း အဆင်သင့်ဖြစ်တယ် ဆိုတဲ့ဟာကို ထုတ်ထားတယ်။ မဖိတ်ဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်လိုပြောရမလဲ တက်လို့လည်း မရဘူးပေါ့နော်။ ရှေ့ဆက် ဘယ်လို ညှိနှိုင်းမလဲ ဆိုတော့ အစိုးရဘက်က ဘယ်လို ကမ်းလှမ်း လာမလဲ ဆိုတာ အဲဒီအချိန်မှ ကျနော်တို့က ဆက်ပြီး ဆွေးနွေးရမှာပေါ့။ ”
တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ပါဝင် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ အဖွဲ့ဝင် အားလုံးနဲ့ အတူတကွ ပါဝင်တက် ရောက်မယ်လို့ မနေ့က တရားဝင် ကြေညာထားပါတယ်။
၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မယ့် သူတွေအနေနဲ့ ဒီညီလာခံကနေ တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဘယ်လောက် အကျိုးရှိမယ် လို့ မျှော်လင့်ထားပါသလဲ။
ယူအန်အက်ဖ်စီ အဖွဲ့ရဲ့ နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ ဒီပီအန် ခေါင်းဆောင် ခူးဦးရယ် ကတော့ ထူးထူးခြားခြား ရလဒ် တစုံတရာ ရမယ်လို့ မမျော်လင့်ပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တကျော့ ပြန်စလိုက်ပြီ ဆိုတာ ပြည်တွင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတင်းစကား ပေးလိုက်တဲ့ သဘောဖြစ်မယ်လို့ ပြောပါတယ်။
“ညီလာခံမှာကတော့ ကျနော်တို့ ခေါင်းစဉ်တွေ တည်ပြီး ဆွေးနွေးမှာ ဆုံးဖြတ်မှာ မဟုတ်တဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့ ဘာမှ အထွေထွေ တင်ပြဖို့ မရှိပါဘူး။ အစီအစဉ်ကို ကျနော်တို့ အကြမ်းဖျင်း သိရသလောက် ဆိုရင် တဖွဲ့ကို ကိုယ်စားလှယ် တဦးက ၁၀ မိနစ်လောက်တော့ စကားပြောခွင့် ပေးမယ်ဆိုတဲ့ သဘောပါပဲ။ စကားပြောတယ် ဆိုတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ဆိုင်ရာပေါ့လေ။ ကိုယ်သတင်းစကား ပါးချင်တာကို တင်ပြဖို့ လောက်ပဲ ကျနော် နားလည်ပါတယ်။ ရလဒ်ရရှာတဲ့ နေရာ မဟုတ်သေးဘူး။ ကျနော်တို့က ငြိမ်းချမ်းရေး ညီလာခံ အတွက် အစဖွင့်တဲ့ ဖွင့်ပွဲ သဘောမျိုးလို့ပဲ နားလည်ပါတယ်။ ဘာမှ ဆွေးနွေးမှာ မဟုတ်တဲ့ အတွက်ကြောင့် ရလဒ် ကတော့ ထူးထူးထွေထွေ ကျနော်တို့ မျော်လင့်စရာတော့ မရှိဘူး။ သို့သော် ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နောက်တကျော့ ပြန်စလိုက်ပြီ ဆိုတဲ့ သဘောတော့ နိုငံတကာ လူ့အသိုင်းအ၀ိုင်းနဲ့ ကျနော်တို့ ပြည်သူတွေကို အသိပေးလိုက်တဲ့ သဘောပဲ ဖြစ်မှာပေါ့နော်။”
ဒီညီလာခံ အပြီး ၆ လလောက် အကြာမှာ နောက်တကြိမ် ပြန်လည် ပြုလုပ်မယ့် ညီလာခံ ကျမှပဲ တိုင်းပြည် အနာဂတ်အတွက် ထဲထဲဝင်ဝင် အကြောင်းအရာ ကိစ္စတွေ တင်ပြဆွေးနွေးမယ် လို့ သဘောရကြောင်းလည်း ခူးဦးရယ် ကပြောပါတယ်။
အလားတူ ညီလာခံ တက်ရောက်မယ့် အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲလည်း ဒီညီလာခံမှာ မျှော်လင့်ချက်တွေ အများကြီးထား လို့ မရဘူးလို့ ပြောပါတယ်။
“အားလုံး စုံစုံညီညီ ဖြစ်တဲ့ ညီလာခံ ဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါပေမယ့် ညီလာခံမှာ မျှော်မှန်းချက်တွေကို အများကြီး ထားလို့တော့ ပထမ တကြိမ်ဖြစ်တဲ့ အတွက် အများကြီး မျှော်မှန်း ထားလို့တော့ မရဘူး။ ကျနော်တို့ ဗမာနိုင်ငံရဲ့ ပြည်တွင်းစစ် တနည်းအားဖြင့် ပြောရရင် ဒုတိယ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို ကြိုးပမ်းဖို့ အတွက် ကြိုးပမ်းမှု အနေနဲ့ အစပြုမှု တခုလို့ ယူဆရတဲ့ အတွက် အနာဂတ် ပြည်ထောင်စု ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို ဘယ်လို တည်ဆောက်ကြမလဲ စသဖြင့် ကျနော်တို့ရဲ့ စဉ်းစားချက်တွေ နောက်အနာဂတ်မှာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဘယ်လို ဖြေရှင်းကြမလဲ။ နည်းလမ်းတွေ နောက်တခု ကတော့ တိုင်းပြည်တွက် ကလည်း လုံခြုံရေးပိုင်း ဆိုင်ရာ ကိစ္စရပ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တဲ့ အချက်တွေ၊ မူပိုင်းဆိုင်ရာ သဘောထားတွေ လောက်ကိုပဲ ကျနော်တို့က တင်ပြနိုင်လိမ့်မယ် လို့ ယူဆပါတယ်။”
ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီက ဦးလှမောင်ရွှေ ကတော့ ဒီညီလာခံကနေ တဆင့် တဦးနဲ့တဦး ယုံကြည်မှုတွေ ရလာပြီး သူတို့ရဲ့ သဘောထားတွေကို စုစည်းနိုင်လိမ့်မယ် လို့ ပြောပါတယ်။
“ဒီညီလာခံကတော့ အန်စီအေရဲ့ လုပ်ငန်းစဉ်ကို ဆက်ပြီးတော့ ဆောင်ရွက်ဖို့ပါပဲ။ ဒီညီလာခံက အားလုံး ပါဝင်နိုင်ရေး အဖြေရှိတယ်။ ပြီးတော့ အားလုံးနဲ့ ယုံကြည်မှု ကျနော်တို့ တည်ဆောက်မယ်။ ပြီးသွားရင်တော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့လည်း ဒီညီလာခံက လမ်းဖွင့်လိုက်တဲ့ အနေအထားမျိုး ရှိမယ်။ ဒီညီလာခံမှာ ကတော့ အားလုံး မခွဲခြားဘဲနဲ့ တက်ရောက်နိုင်ဖို့ စီစဉ် ပေးပြီးတော့မှ သူတို့အနေနဲ့ အန်စီအေ လက်မှတ် ရေးထိုးပြီးတော့ ဒီ လုပ်ငန်းစဉ် အတိုင်း ဆက်သွားနိုင်ဖို့ ကျနော်တို့ကတော့ မျော်လင့်ပါတယ်။ အဓိကကတော့ ကနော်တို့ ယုံကြည်မှု ပိုပြီးတော့ရလာဖို့ မျှော်လင့်တယ်။”
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ပြီး စက်တင်ဘာ ၄ ရက်ထိ နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပမှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပါတက်ရောက်မယ် လို့ အစိုးရက ပြောထားပါတယ်။
ညီလာခံမှာ အားလုံးပါဝင်ရေးလို့ အစိုးရက ကြွေးကြော်နေပေမယ့် အရပ်ဘက် လူမှု အဖွဲ့အစည်း အားလုံး မပါဝင်နိုင်တာ၊ ရွေးကောက်ပွဲမှာ တစ်နေရာမှာ အနိုင်မရတဲ့ နိုင်ငံရေး ပါတီတွေ အပြည့်အ၀ ပါဝင်ခွင့်မရလို့ ဝေဖန်မှုနဲ့လည်း ကြုံတွေ့နေရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် ကတော့ အခွင့်အလမ်း တစ်ခုဟာ နှစ်ခါပြန် မလာတတ်ကြောင်း၊ တိုင်းပြည်ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် များစွာ နောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံးအတွက် အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားရမယ်လို့ ကတိပြု ပြောထားပါတယ်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့လေးမှာ တိုင်းပြည် လွတ်လပ်ရေးအတွက် ပြည်မနဲ့ တောင်တန်းဒေသက တမြေထဲနေ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ် ပေါင်းစု ကြိုးပမ်းခဲ့ကြဖူးပါတယ်။
လာမယ့် သြဂုတ် ၃၁ ရက်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာလည်း မြန်မာပြည်ဖွား တိုင်းရင်းသားတွေ တကြော့ပြန် ဆုံဆည်းပြီး အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာဖို့ အစပျိုးတဲ့ ခြေလှမ်းသစ် တခုဖြစ်လို့ အရေးပါတဲ့ သမိုင်းမှတ်တိုင် တခုအဖြစ် ကျန်ရစ်နေမှာပါ။
ခုလို နှစ်ပေါင်း ၇၀ နီးပါးလောက်ကြာမှ ပြန်လည် ခေါ်ယူ ကျင်းပနိုင်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံဟာ တိုင်းရင်းသား ပြည်သူတွေ အားလုံး လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ ခရီးပိုပြီး နီးလာမလား၊ ဝေးသွားမလား ဆိုတာကတော့ နာတာရှည် ပြည်တွင်းစစ်မှာ ပါဝင် ပတ်သက်နေသူတွေ အားလုံးနဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာ အပေါ်မှာပဲ မှီတည် လို့ နေပါတော့တယ်။
DVB

No comments: