Wednesday, August 24, 2016

`` ၂၁ ရာစု ပင်လုံ ´´

`` ၂၁ ရာစု ပင်လုံ ´´
~~~~~~~~~~~~~~~~~~~~~~~~~~~

ယင်မအုံတဲ့ပင်လုံရေ
တောင်တန်းမြေက အောင်ဆန်းရေလို့ခေါ်နေတယ်
တိုင်းမြန်ပြည်ရဲ့ ငြိမ်းချမ်းရေးဟာ
တို့ပြည်သူတွေရဲ့ စိမ်းလန်းရေးပါ

လေးဆယ့်ခွန်ပင်လုံဟာ
နှစ်ခြောက်ဆယ် ယမ်းငွေ့တွေကြား
အသက်ရှူ ကျပ်နေဆဲ

မိုင်းထိပြီးကျဆုံးသွားသူတွေထဲ
အမည်မဖော်ရသေးတဲ့ ကလေးတွေပါသွားတယ်
ဖခင်မဲ့သွားတဲ့ သားသမီးတွေပေါ်လာတယ်
မိခင်မဲ့သွားတဲ့ အနာဂတ်တွေရှိလာတယ်

လက်ညှိုးလေးကွေးလိုက်လို့ထွက်သွားတဲ့ ကျည်ဆံဟာ
တိုင်းပြည်ရဲ့ အနာဂတ်ကိုမှန်တယ်
စာသင်ကျောင်းတွေလက်နက်ကြီးမှန်ခြင်းက
ိနိုင်ငံတော် ကျဆုံးခြင်းပဲ

စစ်အသုံးစရိတ်တွေလျော့ပေးပါ
ကျောင်းစာအုပ်တွေအလကားပေးပါ
ကျည်ဆန်တွေ ထုတ်မယ့်အစား
ပေါင်မုန့်တွေ ဖုတ်ပေးပါ

လူမျိုးစွဲဝါဒတွေ ဖယ်ထုတ်လိုက်ပါ
ဒေသစွဲ အယူအဆတွေ ချန်ခဲ့ပါ
အာဏာဖက်တွယ်လိုစိတ်တွေ ပြုပြင်ထားပါ
ဒါတွေက ၂၁ ရာစု ပင်လုံမှာ အသုံးမဝင်ဖူး

လက်နက်ကိုင်ပြီး တိုင်းပြည်တည်ဆောက်လို့မရတာ
LDC နိုင်ငံစာရင်းက သက်သေပြနေတယ်
အာဆီယံမှာ လစာအနည်းဆုံးစာရင်းက မျက်စောင်းထိုးပြနေတယ်
အလုပ်လက်မဲနှုန်းအများဆုံးစာရင်းကပြောတယ်
အမြန်လမ်းပေါ်က ကားမှောက်သေခြင်းက ပြတယ်
ကားကျပ်တဲ့ပြသနာတွေကိုကြည့်ရင်သိမယ်
ဒါတွေက လက်နက်ကိုင်တော်လှန်ရေးရဲ့ကျဆုံးခြင်းပဲ

စစ်မှန်တဲ့ ဖွံ့ဖြိုးရေး
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ
ပြည်သူတွေပါတဲ့ကြိုးပမ်းမှု
အမြင်မတူသူတွေပါတဲ့ လက်မှတ်ရေးထိုးမှု
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလိုလားမှု နဲ့
ပြည်သူကိုမျက်နှာမူပြီး
၂၁ ရာစုပင်လုံကို
အောင်ဆန်းမရှိပေမယ့်
အောင်ဆန်းသမီးနဲ့အတူ
ဝိုင်းဝန်ကြိုးပမ်းကြပါစို့လား......

တိမ်တမန်
၂၃ ၊ ၈ ၊ ၂၀၁၆


No comments: