Thursday, August 18, 2016

ငြိမ်းချမ်းရေးက အတ္တများကြား အိပ်မောကျနေတယ်

ငြိမ်းချမ်းရေးက အတ္တများကြား အိပ်မောကျနေတယ်

ပိတ်ဆို့ ကာဆီးထားတဲ့ ပြတင်းတံခါးကို ဖွင့်လိုက်သလိုမျိုး
တသက်လုံး စွပ်ထားတဲ့ မျက်နှာဖုံးတွေချွတ်လိုက်ပါ
အရှုံးတွေ သွေးကြောထဲ စီးဆင်းနေတဲ့ မြစ်ကို ကယ်တင်
တောင်စွယ် နေမကွယ်ခင် ၊ အိမ်မက်များ လှပရမယ်..။

သေနတ်သံတွေကြားမှာ အမှောင်ထုက ရှည်လျားခဲ့
ဒေါသတွေ မြိုသိပ်ရင်း ၊နောက်ထပ်ပြီး ငြိမ်သက်
သောကများစီးဆင်းလျက် ၊ ကျောက်ပတ်တီးစီးထားတဲ့ အိပ်မက်
လောကကြီး ဖောက်ပြန်ကာ အနာဂတ်က ချိုင်းထောက်ထောက်လို့ 
မျှော်လင့်ချက်တွေ သံချေးတက်ခဲ့ပေါင်းများပြီ..။

မပြောင်းမလဲ မြောင်းထဲနဲ ချိုင့်ခွက်ထူပြောလမ်းထက်မှာ
ဝရုန်းသုန်းကား အမုန်းစကားများ ပြန့် ကျဲ
နက်နက်နဲနဲ တွေးခေါ်မှု အားနည်းရင်
လွဲမှားတဲ့ အတွက်အချက်များထဲ အသိတရားများ လမ်းပျောက်
ဥပက္ခာပြုထားတဲ့စိတ်တွေ လေထဲ တိုက်အိမ် ဆောက်နေတယ်..။

လမ်းအဟောင်းတွေပေါ် အတွေးအခေါ်ဟောင်းတွေ အုတ်မြစ်ချ
စစ်အမှောင်လွှမ်းတဲ့ ခေတ်အဆက်ဆက်မှာ
မတ်တပ်ရပ်ရင်း လမ်းမှာငိုခဲ့ အသည်းကွဲတောင်တန်းများ
လူမသိ သူမသိ စာချုပ်တွေထဲ ပိတ်မိနေစဲ ၊ရင်ကွဲနာကျ မြစ်တစင်းလို
ဝမ်းနည်းပက်လက် ဒုက္ခတွေ သယ်ပိုးထားတဲ့ကျေးလက်
သံတမန် ဆန်ဆန် မနက်ဖြန်ကို အပေါင်ဆိုင်က ရွေးနေတယ်..။

အမှန်တွေ ထ ထပြောနေတဲ့ မြို့ လို
အသံတွေ ခဏခဏမောနေတဲ့ ဘ၀သောကများ
သစ်တောတွေခုတ်လို့ ရေတွေမြုပ်တယ်..။
ယမ်းငွေ့ တွေလွှမ်းလို့ ၊ လမ်းတွေကြမ်းတယ်..။
စစ်ပွဲတွေ အိုတော့ ၊ အမေတွေ ငိုနေတယ်..။
ငြိမ်းချမ်းရေးက အတ္တများကြား အိပ်မောကျနေတယ်..။

အောင်ခိုင်မြင့်

၁၉ သြဂုတ်လ ၂၀၁၆

( ၂၁ရာစု ပင်လုံကို ရင်ခုန်နေတဲ့ ကဗျာ )


No comments: