Saturday, August 20, 2016

စိနမြေမှာ လေဒီ ငြိမ်းချမ်းရေးကြိုးပမ်းနေတုန်း တောင်ပြုံးပွဲ မတက်ခိုင်းပါနဲ့ ဦးခင်ဇော်ဦး ခင်ဗျား

စိနမြေမှာ လေဒီ ငြိမ်းချမ်းရေးကြိုးပမ်းနေတုန်း  တောင်ပြုံးပွဲ မတက်ခိုင်းပါနဲ့ ဦးခင်ဇော်ဦး ခင်ဗျား
 
|| စိုင်းထွန်းအောင်လွင် ||
 
 20 August 2016
 
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကူညီလိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ မတွေ့ဆုံမီ သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြောဆိုခဲ့ပါတယ်။
‘အိမ်နီးနားချင်းကောင်းဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် တတ်နိုင်သမျှ ကူညီလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ တရုတ်လို အိမ်နီးချင်းနဲ့ နယ်စပ်မျဉ်းတစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင်အများစု ရှိနေတဲ့ အနေထားမှာ နယ်နိမိတ်ကို ပူးတွဲပိုင်ဆိုင်နေတာ ဖြစ်တဲ့အတွက် အရေးကြီးတာကတော့ တရုတ်ရဲ့ စိတ်ထားကောင်းမွန်မှုနဲ့ သဘောထားဖြောင့်မတ်မှုပဲ ဖြစ်ပါတယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီမိုကရေစီ အိုင်ကွန်အဖြစ် ကမ္ဘာက ရှုမြင်ထားခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမေရိကန်ထက် တရုတ်ကို အရင်သွားခဲ့တာဟာ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နဲ့ အိန္ဒိယကို ဆက်သွယ်မယ့် ပိုးလမ်းမ မဟာဗျူဟာလမ်းကြောင်း ( One Road ၊ One Belt ) ကိစ္စ ၊ တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဆက်အစပ် ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ မြစ်ဆုံလို အငြင်းပွားဖွယ် စီမံကိန်းတွေ စတဲ့ ကိစ္စတွေကတော့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
“ကျွန်မတိုင်းပြည်အတွက် အရေးကြီးဆုံး ရည်ရွယ်ချက်က ဘာလဲဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ပြီး ပြည်ထောင်စုအတွင်းမှာ နေထိုင်တဲ့ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအကြားမှာ ညီညွတ်မှု ရရှိဖို့ပဲဖြစ်ပါတယ်” လို့ ရှီကျင့်ပင်နဲ့ မတွေ့ဆုံခင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်ကလည်း ဒေါ်အောင်ဆန်းစုကြည် ရောက်နေစဉ်အတွင်းမှာပဲ ပိုးလမ်းမ ( One Road ၊ One Belt ) စီမံကိန်းကို အရှိန်မြှင့်တင်ဖို့ တရုတ်အမျိုးသား ကွန်ဂရက်အစည်းဝေးမှာ တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
‘မြန်မာပြည်သူတွေဟာ နိုင်ငံရဲ့ သာယာဝပြောတဲ့ အနာဂတ်တစ်ခု အစပြုမယ့် အခြေအနေမှာ ရပ်တည်နေပါပြီ။ တရုတ် အစိုးရအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းကို အခိုင်အမာ ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုတိုးတက်ဖို့၊ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေ လက်တွေ့ အကျိုးဖြစ်ထွန်းစေဖို့ တွန်းအားပေးဆောင် ရွက်သွားလိုပါတယ်’ လို့ ရှီကျင့်ပင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်က ကမ္ဘာကပါ စိတ်ဝင်စားတဲ့ သတင်းဖြစ်သလို နယူးယောခ့်တိုင်းတို့လို သတင်းစာတွေမှာကအစ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာလည်း သတိထားမိပါတယ်။ ငြိမ်းချမ်းရေးအတွက် တရုတ်ဆီက ကတိက၀တ်အပြင် ကျောက်ဖြူ-ကူမင်းလမ်းမပေါ်က ကွန်လုံတံတား တည်ဆောက်ရေးကိစ္စနဲ့ ဆေးရုံနှစ်ရုံ ဆောက်လုပ်ရေးအတွက် သဘောတူခဲ့တာတွေက ခြုံငုံသုံးသပ်ရမယ်ဆိုရင် ခရီးစဉ်မပြီးဆုံးခင်မှာပဲ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ဖို့အတွက် ယမန်နှစ်က သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။
NLD အစိုးရလက်ထက် ၂၁ ပင်လုံကျင်းပမယ်လို့ ဆိုပြန်တော့လည်း အားလုံးပါဝင်ရေးမူကို အခြေခံမယ်လို့ ပြောခဲ့တာ သတိထားမိပါတယ်။ နောက်ဆုံး အခုအနေထားအရ ဖွင့်ပွဲမှာ ဘာမှ မဆွေးနွေးဘဲ စာတမ်းတွေ တင်ပြကြမှာဖြစ်တယ်။ ဒါကလည်း NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အရ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ အရင်ကတည်းက တပ်မတော်က လက်နက်စွန့်ခိုင်းတဲ့ အဖွဲ့တွေရှိနေတာကြောင့် ပထမအကြိမ်ဖွင့်ပွဲပဲ လုပ်မယ်။ နောက် ခြောက်လ ဒုတိယအကြိမ်တက်ရင် လက်မှတ်ထိုးပြီးမှ တက်ဆိုတဲ့ သဘောနဲ့ သြဂုတ်လကုန်မှာ ကျင်းပမယ့် ၂၁ ပင်လုံမှာ အားလုံးတက်ရောက်နိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ငြင်းပယ်ခံရတဲ့ ကိုးကန့် ၊ တအာင်းပလောင် ၊ AA ရက္ခိုင့်တပ်ဖွဲ့တို့ကလည်း အဲဒီအစီစဉ်ကို ကြိုဆိုပြီး ၂၁ ပင်လုံကို တက်ဖို့ အသင့်ရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားနေတုန်းမှာပဲ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ခရီးစဉ်မှာ အားရစကောင်းတဲ့ ရလဒ်အချို့ ထွက်လာနေတုန်းမှာပဲ ငြိမ်းချမ်းရေးအတွက် ရင်လေးစရာ ပြောဆိုမှုတွေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးခင်ဇော်ဦး ( ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ) က ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ဒါကတော့ ညီလာခံဆိုတာ တက်ချင်တိုင်း တက်လို့ရတဲ့ တောင်ပြုံးပွဲမှ မဟုတ်တာ ဆိုပြီး ပြောဆိုမှုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပြောဆိုမှုက အရင်ကတည်းက တပ်မတော်နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ပါဝင်ခွင့်ကန့်သတ်ထားခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့သုံးဖွဲ့ ကိစ္စပဲဖြစ်ပါတယ်။ ကိုးကန့် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တအာင်းပလောင် TNLA၊ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့်တပ်ဖွဲ့တို့ကို ရည်ရွယ်ပြီး မီဒီယာတွေကို ပြောဆိုခဲ့တာပါ။ သူတို့အဖွဲ့တွေနဲ့ ဦးခင်ဇော်ဦးပါဝင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ အပတ်တွေတုန်းက မိုင်းလားမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်လိုတဲ့ ဆန္ဒရှိတယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ ဆိုပြီး အစိုးရဘက်က တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲက သဘောတူညီချက် မရဘဲ ပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့ သုံးဖွဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတဲ့ ကြေညာချက်ကိုပဲ ထုတ်လိုခဲ့တယ်လို့ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအနေထားကနေ ၂၁ ပင်လုံ အဖွင့်ဟာ အားလုံး ပါဝင်ရေးအတွက် ဖွင့်ပွဲသီးသန့်ပဲလုပ်မယ်၊ ကျန်တာ နောက်ဒုတိယ အကြိမ် ဆွေးနွေးပွဲမစခင်မှာ အပစ်ရပ် လက်မှတ်ထိုးဖို့ ကိစ္စတွေပါ ဆွေးနွေးမယ်ဆိုပြီး သြဂုတ် ၁၆ ရက်နေ့က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ နေပြည်တော်မှာ ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိုတောင် မပြင်သေးဘဲ နောက် ဖွင့်ပွဲပြီးမှ ယုံကြည်မှု တည်ဆောက်ရင်း ဆက်ဆွေးနွေးမယ်ဆိုပြီး အားလုံးပါဝင်ခွင့်ရအောင် NCA ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ညီလာခံကိုယ်စားလှယ်များ ဆိုတဲ့အစား ၊ ညီလာခံတက်ရောက်သူများလို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ဦးခင်ဇော်ဦးရဲ့ သတင်းမီဒီယာတွေကို ပြောဆိုမှုတွေကို ဆက်ပါဦးမယ်။ ဧရာဝတီနဲ့ ဦးခင်ဇော်ဦးရဲ့ အင်တာဗျူးမှာ အဲဒီ အဖွဲ့သုံးဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ မိုင်းလားဆွေးနွေးပွဲမှာ တောင်းဆိုခဲ့သလို လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရန် ဆန္ဒရှိကြောင်းဆိုတဲ့ ကြေညာချက်ထုတ်မှ ညီလာခံတက်ခွင့်ပေးမယ်လို့ ဆိုထားပါတယ်။ သူတို့နဲ့ ကျန်တဲ့ UNFC အဖွဲ့ ( KIA ၊ ကရင်နီ ၊ ရှမ်းမြောက် SSPP/SSA ) တို့နဲ့ ခြားနားချက်က အချုပ်အခြာ အာဏာကို ထိပါးတာကြောင့် ဖြစ်တယ်။ ကိုးကန့် တိုက်ပွဲတွေမှာ သူတို့က စတင်တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
“သူတို့ကို လက်မှတ်ထိုးဖို့ထိ မစဉ်းစားသေးဘူး။ သူတို့က ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ ပါချင်တယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ချင်တယ်ဆိုတဲ့ ကတိမျိုး ပေးရမယ်။ နိုင်ငံရေး ဆွေးနွေးချင်တာတွေ လာမပြောနဲ့။ ငြိမ်းချမ်းရေး လုပ်ချင်ရင် လုပ်ဆောင်ချက်နဲ့ ပြရမယ်။ ပေါက်လွှတ်ပဲစား ငြိမ်းချမ်းရေး လုပ်ချင်တယ်လို့ ပြောလို့မရဘူးလေ။ အပြောချည်းပဲ မရဘူးလေ။ ငြိမ်းချမ်းရေးလုပ်ချင်တဲ့ လမ်းကြောင်းကို လိုက်ရမယ်လေ။ အားလုံး ပါဝင်ရေးဆိုတာ တစ်ချိန်တည်းနဲ့ အားလုံးပါဝင်ရေးက မဖြစ်နိုင်ဘူး။ တစ်ချိန်မှာတော့ ဖြစ်သွားလိမ့်မယ်” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစားဖြစ်သူက ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပီကင်းရောက်နေတုန်းမှာပဲ KIA ဌာနချုပ် လိုင်ဇာဘက်ကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ထုတဲ့ သတင်းတွေ ထွက်လာပါသေးတယ်။ ဦးခင်ဇော်ဦးပြောတာက အစိုးရက A ဆိုရင် တပ်မတော်က B လုပ်လို့မရဘူး။ ဒါဟာ တစ်ထပ်တည်းပဲလို့လည်း ဆိုထားပါတယ်။ လက်နက်စွန့်ရေးမူဝါဒက အစိုးရနဲ့ တပ်မတော် တစ်ထပ်တည်း ကျမကျဆိုတာတော့ အရပ်သားအစိုးရဘက်က ဘယ်သူမှ ထွက်ရှင်းလင်းတာ မတွေ့ရသေးပါဘူး။ မနှစ်က အတိုက်အခံဘ၀မှာ အားလုံးပါဝင်ခွင့် မရှိတဲ့အတွက် ကိုယ်တိုင်သက်သေအဖြစ် လက်မှတ်မထိုးခဲ့တာ ၊ ၂၁ ပင်လုံမှာ အားလုံးပါဝင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အားသွန်ခွန်စိုက် ကြိုးစားနေတာကြည့်ရင် ဒီဖြေဆိုချက်က စဉ်းစားစရာဖြစ်နေပါတယ်။
အားလုံးခြုံငုံကြည့်ရင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသာစီးရယူထားတဲ့ ဖြစ်စဉ်မျိုးအဖြစ် ဆက်ရှိလိုနေပြီး ဟိုဟာချန်ထား ၊ ဒီဟာခွဲထား ၊ အားလုံးပါဝင်ရေးဆိုတာ တစ်ချိန်တည်းနဲ့ အားလုံးပါဝင်ရေးက မဖြစ်နိုင်ဘူး။ တစ်ချိန်မှာတော့ ဖြစ်သွားလိမ့်မယ်၊ တရုတ်နဲ့နီးတယ်ဆိုပြီး အဖွဲ့ ငါးဖွဲ့လောက်ကို အကြောင်းပြဆိုတဲ့ ကိစ္စမျိုးကို လိုလားနေပုံရသလား သံသယဝင်စရာပါ.
အခုကြည့်မယ်ဆိုရင်ပဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ ( KNU၊ RCSS တို့ ဦးဆောင် ) ၊ UNFC မှာ KIA ဦးဆောင်တဲ့ အဖွဲ့ ခုနစ်ဖွဲ့က တစ်စု ၊ အင်အားအကြီးအဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA “၀” တပ်ဖွဲ့ ဦးဆောင်တဲ့ အဖွဲ့တွေကတစ်စု ဆိုတဲ့ အနေအထားမျိုးကို မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ အားလုံးပေါင်းကြည့်ရင် ၁၃ ဖွဲ့က NCA လက်မှတ်မထိုးရသေးသလို ကရင်နီနဲ့ မွန်ကလွဲလို့ ကျန်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ အမှန်တော့ လက်နက်စွန့်ရန် ဆန္ဒရှိကြောင့် လက်မှတ်ထိုးခိုင်းထားတဲ့ အဖွဲ့ သုံးဖွဲ့စလုံးဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေစတင်တဲ့ ၂၀၁၃ ကတည်းက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့မှာ ပါလာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ၂၀၁၅ ခုနစ်က ဖြစ်ခဲ့တဲ့ ကိုးကန့်တိုက်ပွဲဟာ ဘေးပယောဂပါမပါ မပြောလိုပေမယ့် လက်မှတ်ရေးထိုးမှုမှာ ပါဝင်နိုင်ခွင့်အတွက် ဘယ်လို အဆင့်သတ်မှတ်သလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ခဲ့ပါတယ်။ လူအင်အား ၊ နယ်မြေ ထိန်းချုပ်မှု စသဖြင့်ပါ။ အစိုးရက လက်ခံထားတဲ့ ချင်းအမျိုးသားတပ်ဦးဆိုရင် တိုက်ပွဲတစ်ခါမှ မဖြစ်ဖူးဘူးလို့ တပ်ချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ အင်အားလည်း မရှိဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း ပြောဆိုထားပါတယ်။ အဲဒီတော့ မေးခွန်းထုတ်စရာရှိတာက အဲဒါဆို အဲအဖွဲ့နဲ့ ဘာကြောင့် ငြိမ်းချမ်းရေးလုပ်နေလဲ ၊ သူ့ထက် အင်အားများတဲ့ AA ရခိုင်အဖွဲ့က ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းပါ။ AA ထားလိုက်ပါဦး ။ တကယ်တော့ ကိုးကန့်နဲ တအာင်းပလောင် အဖွဲ့တွေ ပြန်ပေါ်လာတာဟာ အရင်စစ်အစိုးရ လက်ထက်က လုပ်ခဲ့တဲ့ မူမမှန်တဲ့ ငြိမ်းချမ်းရေး ပေါ်လစီကြောင့်သာ ဖြစ်ပါတယ်။ ဦးနုလက်ထက်က ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လဲလှယ်တဲ့ ပေါ်လစီ ၊ ဦးနေ၀င်းလက်ထက်က လက်နက်ချပေါ်လစီ ၊ နအဖ န၀တ စစ်အစိုးရ လက်ထက်က ခေါင်းဆောင်ပိုင်းတွေ စည်းရုံး၊ အပစ်ရပ်ထား၊ ဖွံ့ဖြိုးရေးလုပ်၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြေရှင်းမှု မရှိဆိုတဲ့ မူဝါဒတွေနဲ့ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခင် နယ်ခြားစောင့်တပ် လုပ်ဆိုတဲ့ ပေါ်လစီဟာ တစ်ခါမှ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ အစပိုင်းမှာ လွှတ်တော်အတွင်း အခြေခံ ဥပဒေပြင်ဆင်ရေး ဒီဘိတ်တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုတွေဟာ အပြိုင်ဖြစ်ပေမယ့် အခြေခံကျတဲ့ အခြေခံဥပဒေ ပြင်ဆင်မှုမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ အုပ်ချုပ်မှု ၊ ဥပဒေပြု အာဏာ သယံဇာတ ခွဲဝေမှုတွေအတွက် လိုက်လျောမှုတွေ မရှိခဲ့တာကြောင့် အပစ်ရပ်ရေးဖြစ်စဉ်မှာ အားလုံးပါဝင်မှု မရှိမှုနဲ့အတူ တစ်ပိုင်းတစ်စနဲ့သာ ဖြစ်သွားတာ အားလုံးအသိပါပဲ။
နောက် အခုလို ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်မှာ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားနေချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ တပ်မတော်ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်နေသူက နိုင်ငံရဲ့ အစိတ်အပိုင်းအားလုံး တည်ငြိမ်အေးချမ်းဖို့ အတွက် အထောက်အကူ ဖြစ်စေမယ့် စကားတွေမပြောဘဲ နိုင်ငံရေးအရ လိုက်လျောမှု မပေးနိုင်ခင် လက်နက်စွန့်ဖို့ ပြောနေတာဟာ မေးခွန်းထုတ်စရာ အနေအထားပါ။ အားလုံးပါဝင်ခွင့် မရဘူးပဲထားပါဦး၊ နိုင်ငံရေးအရ လက်တွေ့ လိုက်လျောနိုင်ခြေအတွက် အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စကိုပဲ ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးညီလာခံမှာ အသုံးပြုခဲ့တဲ့ နိုင်ငံရေးမူဘောင်ကို ပြင်ဆင်နိုင်မှု မရှိသေးပါဘူး။ အဲဒီမူဘောင်အတိုင်း ဆက်သွားရင် ကိုယ်စားလှယ်တွေများပြီး တပ်က သီးသန့်ဖြစ်နေတဲ့အတွက် အမျိုးသားညီလာခံလို တောင်တစ်ပေါက် မြောက်တစ်ပေါက်ပြော၊ ဘာမှ အဖြေမထွက်ဆိုတဲ့ ညီလာခံ ဖြစ်လာဦးမှာ အသေအချာပါပဲ။ အခုထိလည်း တပ်မတော်က သူသီးသန့်ယူထားတဲ့ ကိုယ်စားလှယ် ၁၅၀ ကို သီးသန့်အစုအဖွဲ့ အနေနဲ့ပဲ ထားချင်တဲ့ ရပ်တည်ချက်မျိုး ပြနေပါတယ်။ ဦးခင်ဇော်ဦး ဆိုခဲ့သလိုဆိုရင် နိုင်ငံတော်နဲ့ တပ်မတော်ဟာ အတူတူပဲဆိုရင် အစိုးရနဲ့ ပေါင်းပြီး တစ်စုအနေနဲ့ ဘာလို့ မဆွေးနွေးနိုင်တာလည်းလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဦးခင်ဇော်ဦးပြောခဲ့တာက “တပ်မတော်ရဲ့ သဘောထားနဲ့ နိုင်ငံတော်ရဲ့ သဘောထားက တစ်ထပ်တည်း ကျပါတယ်။ ကျွန်တော်တို့ သွားတာကတော့ တပ်မတော်ကရော နိုင်ငံတော်ကရော ပေးတဲ့ သဘောထားကိုယူပြီး သွားတာပေါ့။ တပ်မတော်က A လမ်းသွားပြီး နိုင်ငံတော်က B လမ်းသွားမယ် ဆိုတာတော့ မဟုတ်ပါဘူး‘” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အချုပ်အခြာ အာဏာဆိုတဲ့ စကားလည်းပြောခဲ့တာ သတိထားမိပါတယ်။
အမှန်တော့ တိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့ နိုင်ငံတွေမှာတော့ အချုပ်အခြာအာဏာက ပြည်သူတွေကနေ ဆင်းသက်တယ် ဆိုတာပဲရှိပါတယ်။ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်၌ တည်သည်ဆိုတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄ အရဆိုရင် နိုင်ငံတော်ဆိုတာ စာရေးသူတို့ တစ်သက်လုံး အာဏာရှင်စနစ် လက်အောက်မှာ ရင်းနှီးလာခဲ့တဲ့ နိုင်ငံတော်လားဆိုတာပါ မေးခွန်းထုတ်စရာရှိပါတယ်။
တရုတ်နယ်စပ်က တရုတ်နဲ့နီးနိုင်မယ်ထင်တဲ့ အဖွဲ့တွေကို ချန်ထား ကျန်တဲ့အဖွဲ့တွေနဲ့ ဆွေးနွေးဆိုတဲ့ အနေအထားမှာတောင် မူဘောင်တွေ ကောင်းကောင်းမွန်မွန် ပြင်ဆင်လိုခြင်းမရှိတာ ကြည့်ရင် နိုင်ငံရေးအရ တိုင်းရင်းသားတွေကို အခွင့်ရေးပေးလိုစိတ် ရှိမရှိဆိုတာ ပေါ်လွင်နေပါတယ်။ မူဘောင်အဆင်ပြေမှ လွတ်လွတ်လပ်လပ် ဆွေးနွေးးဆုံးဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။ တရုတ်နဲ့နီးတယ်ဆိုပြီး ဟိုဟာချန်ချင် ဒီဟာချန်ချင် ဆိုတဲ့ အနေထားက ဟိုး မဆလ အစိုးရလက်ထက်က ကွန်မြူနစ်တွေရှိတယ်ဆိုပြီး အကြောင်းပြ၊ အမေရိကန်ဆီက ဘိန်းတိုက်ဖျက်ရေးနဲ့ ကွန်မြူနစ်နှိမ်နင်းရေး အကူညီယူဆိုတဲ့ ခြေလှမ်းနဲ့ သိပ်မကွာပါဘူး။ ဒီလိုနည်းလမ်းတွေ ပြန်ကျင့်သုံးရင်လည်း အဖြေထွက်ဖို့ မလွယ်ပါဘူး။ အခုအနေအထားက ချန်လိုက်ရင် သီးခြား သံလွင် အရှေ့ဘက်ကမ်းမှာတင် သုံးဖွဲ့က သီးသန့်ကျန်နေပြီး အန္တရာယ်တောင်များနိုင်တဲ့ အခြေအနေပါ။ ခွဲထွက်တို့ ဘော်လကန်နိုက်ဇေးရှင်းတို့ဆိုတာ အဲလိုချန်ထားရင် ပိုတောင်ဖြစ်လာနိုင်ပါသေးတယ်။
အမှန်တော့ အမေရိကန်နဲ့ ပေါင်းပြီးလည်း မဆလခေတ်မှာ တိုင်းပြည်က အလုပ်မဖြစ်ခဲ့သလို တရုတ်နဲ့ပေါင်းပြီး စစ်အစိုးရလက်ထက်မှာ တိုင်းပြည်က အလုပ်ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အမှန်တော့ မြန်မာပြည်ရဲ့ ကာလရှည် ပြည်တွင်းစစ်ပြသ၁နာဟာ လွတ်လပ်ရေး ရကတည်းက ဗမာအများစုဖြစ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား ပဋိပက္ခအပေါ် အခြေပြုစတင်ခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့် ပိုမိုရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်ဖြစ်တဲ့ ဦးနုလက်ထက်မှာ KNDO ကိစ္စနဲ့ ပတ်သက်လို့ အနောက်အုပ်စုကြောင့်သာလို့ ဦးဗဆွေက ပြောခဲ့ပေမယ့် လက်တွေ့ကျတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှု မရှိခဲ့တာကြောင့် ဘာမှမဖြစ်ခဲ့တာကလည်း ဟိုနိုင်ငံကြောင့် ဒီနိုင်ငံကြောင့် ၊ အချုပ်အခြာအာဏာ အကြောင်းပြဆိုသူတွေအတွက် မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သင်ခန်းစာအဖြစ် သမိုင်းမှာ ထင်ထင်ရှားရှား ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး မအောင်မြင်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။
စိုင်းထွန်းအောင်လွင်
The Ladies News
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကူညီ
theladiesnewsjournal.com


No comments: