Saturday, August 13, 2016

မောင်ရစ် - တရုတ်ပြည်အကြောင်း သင် ဘယ်လောက်သိထားလို့လဲ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာဆုန့်ထောင်းနဲ့ သြဂုတ် ၁၁ ရက်က နေပြည်တော် မှာ တွေ့ဆုံစဉ်

မောင်ရစ် - တရုတ်ပြည်အကြောင်း သင် ဘယ်လောက်သိထားလို့လဲ
(မိုးမခပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၄၊ ၂၀၁၆

၂၀၁၃ ဒီဇင်ဘာထုတ် အတွေးအမြင်မဂ္ဂဇင်းပါ (မောင်ရစ် - တပါတီလား ပါတီစုံလား၊ ဘယ်လမ်းရွေးမလဲ မောင်ရေခဲ) ကို ပြန်လည် ဖော်ပြပါတယ်။

အရင်းရှင် နဲ့ ကွန်မြူနစ် လာရာ၊ လားရာ
တလောက TED Talks ဆိုတဲ့ မှတ်သားဖွယ်ဟောပြောပွဲတွေ တင်ဆက်တဲ့ ၀က်ဆိုက်မှာ တရုတ်ပြည်က လုပ်ငန်းရှင်၊ နိုင်ငံရေးသိပ္ပံပညာရှင် Eric X Li က ခေတ်ပြိုင် နိုင်ငံရေးစနစ် ၂ ခုရဲ့ ပုံပြင် (A Tale of two political systems) ကို ဟောပြောသွားတာကို မှတ်ရှုလိုက်ရတယ်။ သူက အရင်းရှင်စနစ်နဲ့ ကွန်မြူနစ်စနစ်ရဲ့ နိုင်ငံရေးပုံသဏ္ဍန်ကို နှိုင်းယှဉ်ဟောပြောသွားတာပါ။ အနောက်အုပ်စုက ရွေးကောက်ပွဲပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကို ဖော်ဆောင်တယ်။ အရှေ့အုပ်စု (တရုတ်ကွန်မြူနစ်) တွေကတော့ ရွေးချယ်ပွဲတွေနဲ့ နိုင်ငံကို တည်ဆောက်နေတယ်လို့ ပြောလိုရင်း ဖြစ်ပါတယ်။ သူ့ဖက်က ပြောဆိုဝေဖန်သွားတာတွေက စိတ်ဝင်စားစရာ စဉ်းစားစရာဖြစ်လို့ သူပြောတာတွေနဲ့ ကိုယ်တွေးမိတာလေးတွေပါ ရောနှောပြီး တင်ဆက်သွားပါ့မယ်။

သူငယ်စဉ်က နိုင်ငံရေးသိပ္ပံသင်ကြားခံခဲ့ရစဉ်မှာ လူ့ဘောင်လောကရဲ့ လမ်းကြောင်းကို အလျားလိုက်ရွေ့လျားပုံနဲ့ ပြဆိုလေ့ရှိပါတယ်။ သမိုင်းဦး ဘုံမြေခေတ်၊ ကျေးကျွန်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ပြီးတော့ ဆိုရှယ်လစ်ခေတ်၊ နောက်ဆုံးမှာ ကွန်မြူနစ်အဖြစ်နဲ့ လမ်းဆုံးမယ်တဲ့။ အဲသည်ကျရင် လူသားတွေ အားလုံး လောကနိဗ္ဗာန်နဲ့ ပျော်ရွှင်စွာ ဇာတ်သိမ်းကြရမှာပေါ့တဲ့။ အဲသည်ကြားထဲမှာ အရင်းရှင်လူဆိုးတွေနဲ့ ဆိုရှယ်လစ် သူရဲကောင်းတွေရဲ့ တိုက်ပွဲကာလ၊ တော်လှန်ရေးကာလကို ဖြတ်သန်းကြရပါသတဲ့။

သူကတော့ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးမှာ မွေးဖွားကြီးပြင်းခဲ့တယ်။ မအောင်မြင်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးမှာ အဝေးကို လွင့်စင်ပြီးတော့ အမေရိကန်ပြည်အနောက်ခြမ်းက လစ်ဘရယ်တို့ (တိုးတက်အမြင်ရှိသူတို့) ခိုလှုံရာ မွေးဖွားရာ ကယ်လီဖိုးနီးယား၊ ဘာကလေယူနီဗာစီတီမှာ ပညာတတ်ကြီး ဖြစ်လာခဲ့ပါသတဲ့။

အဲသည်တော့ အခြားကမ္ဘာတခြမ်းမှာ လူမျိုးခြား၊ ဘာသာခြားတွေ နိုင်ငံအသီးသီးမှာ အတူတကွ နေထိုင် ရှင်သန်ကြီးပြင်းကြ၊ နိုင်ငံတွေ လူ့ဘောင်လောကတွေ တည်ဆောက်ကြတဲ့ဆီမှာ အဓိက သင်ကြားခံရတဲ့ ကိစ္စကတော့ လူတဦး၊ မဲတပြား ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတော့တယ် တဲ့။ သူတို့တွေက နိုင်ငံသားတိုင်းမှာ လူတကိုယ် မဲတပြားနဲ့ အစိုးရတွေကို ရွေးကောက်တည်ဆောက်ကြပြီးတော့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြလေသတည်းလို့ သင်ကြားခံရပြီး ကြီးပြင်းကြပါသတဲ့။ အဲသလိုနဲ့ လောကနိဗ္ဗာန်ကို အရင်းရှင် ဈေးကွက်စနစ်နဲ့ လျောက်လှမ်းကြရမှာ လမ်းတလျောက်မှာလည်း အကောင်းနဲ့ အဆိုးတို့ တိုက်ပွဲဝင်ကြရပါသတဲ့။ အဲသည်တိုက်ပွဲမှာကျတော့ သူရဲကောင်းတွေက အရင်းရှင်တွေဖြစ်နေပြီး လူဆိုးတွေကတော့ ဆိုရှယ်လစ်တွေ ဖြစ်နေပြန်ရော တဲ့။

သူတို့က ဒီမိုကရေစီ လောကနိဗ္ဗာန်ကို ရွေးကောက်ပွဲတွေကနေ တဆင့် တည်ဆောက်ကြရမယ်လို့ တရားဟောပြီးတော့ တပါတီစနစ်နဲ့ အာဏာရှင်လူ့အဖွဲ့အစည်းတွေကို တိုက်ခိုက် ချေမှုန်းကြဖို့ တွင်တွင်ကြီး ၀ါဒဖြန့်ကြပါလေရော လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ ပါတီစုံရွေးကောက်ပွဲတို့ဖြင့် တိုင်းပြည်ကို တည်ဆောက်လည်ပတ်ရေးတို့ဟာ အနောက်အုပ်စုရဲ့ အဓိကလမ်းစဉ်ဖြစ်လာပြီး ကမ္ဘာတလွှားမှာ ပါတီစုံရွေးကောက်ပွဲနဲ့ အစိုးရလုပ်တဲ့ နိုင်ငံတွေ ဖြစ်ပေါ်လာအောင် အနုနည်း အကြမ်းနည်းသုံးပြီး ကြိုးစားကြတာကြောင့် ၁၉၇၀မှာ ကမ္ဘာပေါ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်တဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံ၊ တပါတီ အာဏာရှင်နိုင်ငံက ၁၀၆ နိုင်ငံ အချိုးအစားကနေ ၂၀၁၀ မှာတော့ ပါတီစုံနိုင်ငံက ၁၁၅၊ အာဏာရှင်နိုင်ငံက ၇၉ အထိ အားသာမှုတွေ ရလာပါသတဲ့။

တပါတီတည်း ဒါပေမယ့် ခြင်္သေ့

ဒါပေမယ့် တရုတ်ပြည်ကြီးကတော့ အနောက်အုပ်စုရဲ့ ပါတီစုံရွေးကောက်ပွဲ ဒီမိုကရေစီ ၀ါဒဖြန့်ချိမှုကို လုံးဝ နားယောင်ခြင်း မရှိဘဲနဲ့ အဲသည် နှစ်ပေါင်း ၆၀ကျော် ကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်တဲ့အတိုင်း ရပ်တည်ခဲ့တာကြောင့် ခုချိန်မှာ ဟိုးတုန်းက အဆင်းရဲဆုံး တိုင်းပြည်အဖြစ်ကနေ အခုတော့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာတယ်။ လူဦးရေ အများဆုံး တိုင်းပြည်ကြီးထဲက လူမွဲ သန်း ၆၅၀ကို ဆင်းရဲတွင်းကနေ မတင်ခဲ့တယ်။ အဲသည်အဆင်းရဲဆုံးလူဦးရေဟာ တကမ္ဘာလုံးရဲ့ ၈၀% ဖြစ်တယ်။ ဒါဟာ တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေကော အခြားနိုင်ငံတွေကော လူထုကောင်းစားရေးအတွက် ကြိုးစားကြတာတွေ အားလုံးထက်ကို ဒီမိုကရေစီမရှိတဲ့ ပါတီစုံရွေးကောက်ပွဲ မရှိတဲ့ တပါတီအာဏာရှင်နိုင်ငံ တခုတည်းကနေ လုပ်ဆောင်နိုင်စွမ်း ရှိခဲ့တာကို ပြတယ်လို့ သူက ပြောလိုက်ပါတယ်။ ပြည်သူတွေက မဲပေးစရာတောင် မလိုခဲ့ပါဘူးလို့ သူက ရယ်သွမ်းသွေးလိုက်ပါတယ်။

အနောက်အုပ်စုက ပြောဆိုနေသလို ဆိုရင် လောကနိဗ္ဗာန် တည်ဆောက်ဖို့အတွက် ပါတီစုံဖြစ်ရမယ်၊ မဲပေးကြရမယ်၊ ရွေးကောက်ပွဲတွေ ဖြတ်သန်းရမယ်လို့ ဆိုတယ်။ ဒါတွေ မလုပ်ရင် တိုင်းပြည်တွေဟာ ပြာပုံတိုးပြီး ကာလနာဆိုက်ကုန်ကြမယ်လို့ ဟောကိန်း ထုတ်ကြတယ်။ ဟုတ်ရဲ့လား၊ ရာစုနှစ် ၁၀က် ကျော်မှာ တရုတ်ပြည်ဟာ ဒါတွေ တခုမှ မပါဘဲနဲ့ တိုင်းပြည်ကို ထူထောင် တိုးတက်အောင်၊ လူတွေက ထမင်းဝအောင် လုပ်နိုင်ခဲ့တယ်။ တရုတ်ပြည်ဟာ တပါတီအာဏာရှင်ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီက အုပ်စိုးတယ်။ အဲသည်ပါတီက အနောက်အုပ်စုလိုလားတဲ့ ရွေးကောက်ပွဲတွေ တခါဖူးမှ မလုပ်ပေးခဲ့ဘူး။

အနောက်အုပ်စုက စွပ်စွဲတာကတော့ တပါတီအာဏာရှင်တွေက ဖွှဲစည်းပုံက တင်းကြပ်တယ်။ နိုင်ငံရေးက အပိတ်အဆို့တွေ ဖြစ်နေတယ်။ စိတ်ဓာတ်ပိုင်းမှာလည်း ဖွံဖြိုးမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါတွေက မှားတယ်လို့ ခုချိန်မှာ ငြင်းချက်ထုတ်ရတော့မယ်လို့ သူက ပြောလိုက်ပါတယ်။ ကွန်မြူနစ်တပါတီရဲ့ လမ်းစဉ်ဟာ တကယ်တန်းကျတော့ ဖွဲ့စည်းပုံအရ ပြောင်းလဲနိုင်တယ်၊ နိုင်ငံရေးအရ ထွက်ပေါက်ရှိတယ်၊ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အများလက်ခံတဲ့ ဖွံဖြိုးမှုတွေ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် တဲ့။
တပါတီပဲ ဒါပေမယ့် ပြောင်းလဲချိန်ဆိုတာ ရှိတယ်

တပါတီစနစ်က ပြုပြင်ပြောင်းလဲမှု မရှိနိုင်ဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆင်ခြေပေးကြမယ်ဆိုရင် တရုတ်ပြည်ရဲ့ တပါတီလမ်းစဉ်မှာ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆယ်စုနှစ် ၁ ခါတိုင်းမှာ ရွေ့လျားလာတာတွေ တွေ့နိုင်တယ်လို့ သူက ပြောပါတယ်။ ၁၉၅၀ ပြည်သူပိုင်သိမ်းတယ်၊ ၁၉၆၀ မဟာခုန်ကျော်မှု (ပြုပြင်ပြောင်းလဲမှု) လုပ်တယ်။ ၁၉၇၀ လယ်ယာမြေ ပြုပြင်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေးတွေ လုပ်တယ်။ ၁၉၈၀မှာ တိန့်လျောင်ပိန်ရဲ့ ဈေးကွက်ပြုပြင်ရေးကို ဆောင်ရွက်တယ်။ အဲသည်နောက် ၁၉၉၀ မှာ ကျန်ဇီမင်းကနေ ပါတီကို အရပ်သားတွေကနေ ၀င်ရောက်ဆောင်ရွက်ခွင့် လမ်းဖွင့်ပေးတာတွေ လှမ်းနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ပါတီဟာ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်တယ်။ ပြင်ပက စွက်ဖက်မှု မလိုအပ်ဘူးလို့ ပြောနိုင်ပါတယ်။

ဘာတွေ ပြုပြင်သလဲ။ မော်စီတုန်းခေတ်တုန်းက အသက်အကန့်အသတ်မရှိ အာဏာကို ဆုပ်ကိုင်ခွင့်ရှိရာကနေ နောက်ပိုင်းမှာ အာဏာသက်တမ်းကို ကန့်သတ်နိုင်ခဲ့တယ်။ ပါတီခေါင်းဆောင်တွေဟာ အသက် ၆၈ – ၇၀ မှာ အနားယူရမယ်လို့ သတ်မှတ်နိုင်ခဲ့တယ်။ သည်တော့ သူပြောတာက ပါတီကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ်လုပ်နေတယ်။ နိုင်ငံတော်ကိုယ်တိုင်ကိုလည်း အောက်ခြေကနေ အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်နေခဲ့တယ်။ ဒါကြောင့် အနောက်အုပ်စုက မြင်ချင်သလို သိသာထင်ရှားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကို တရုတ်ပြည်မှာ မမြင်ကြရဘူး။ အချိန်အခါနဲ့ လိုက်ပြီး ရွေ့လျားနေတဲ့ ပြောင်းလဲမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

အာဏာကို အလကားတော့ မရဘူး တဲ့

နောက်တချက် အနောက်အုပ်စုက ပြစ်တင်ဝေဖန်ကြတာက အာဏာကို လူတစုကပဲ ဆုပ်ကိုင်ထားရင် အာဏာကို အလွဲသုံးစားမယ်၊ လာဘ်စားမှု ခြစားမှုတွေနဲ့ လူတစုဟာ ပျက်စီးပြီးတော့ တိုင်းပြည်လည်း ချောက်ထဲကျမယ်လို့ ဆိုကြပါတယ်။ အဲသည် အလွဲသုံးစားလုပ်မှုတွေဟာ ကွန်မြူနစ်ပါတီလိုမျိုး ဖွဲ့စည်းပုံနဲ့ ပွင့်လင်းမှုမှာ ဖြစ်ပေါ်နိုင်ဖို့ အားနည်းတယ်လို့ သူက ငြင်းချက်ထုတ်လိုက်ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အာဏာအရှိဆုံး ပေါလစ်ဗြူရိုမှာ လူ ၂၅ ဦး ပါဝင်ပါတယ်။ အဲသည်ထဲက ၅ ဦးကပဲ အစဉ်အလာကြီးတဲ့ ပါတီဝင်မျိုးဆက်တွေက လာတာ ပါတယ်။ ကျန်တဲ့ လူ ၂၀ မှာ နိုင်ငံတော်သမ္မတနဲ့ ၀န်ကြီးချုပ်အပါအ၀င်တွေဟာ သာမန်ရိုးကျ လူတန်းစားတွေကနေ အဆင့်ဆင့် တက်လာတဲ့ ပါတီခေါင်းဆောင်တွေ ဖြစ်ပါတယ်တဲ့။ ပေါလစ်ဗြူရိုအောက်က ဗဟိုအလုပ်ကော်မီတီက လူ ၃၀၀ ထဲမှာဆိုရင်လည်း အများစုက အောက်ခြေကနေ အဆင့်ဆင့် ပါတီတွင်း အရည်အချင်းအရ ယှဉ်ပြိုင်ပြီး တက်လာတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါသတဲ့။ ဒါကို အနောက်အုပ်စုနဲ့ အခြားနိုင်ငံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူများတိုင်းပြည်တွေက ပါတီအာဏာကို အစိုးရအာဏာကို ဆုပ်ကိုင်ထားသူ နိုင်ငံရေးသမားတွေဟာ အထက်တန်းလွှာ သီးခြားအမွေခံလူနည်းစု အစုအဖွဲ့ သီးသန့်လူတန်းစား သက်သက်လေးတွေ ဖြစ်နေကြတာကို တွေ့ကြရမယ်၊ တရုတ်ပြည်မှာ အဲသည်အချက်ဟာ ကွာခြားမှုဖြစ်တယ်။

အဲသည်လို တရုတ်ပြည်ရဲ့ နိုင်ငံရေးစနစ်မှာ အလွှာပေါင်းစုံက ပါတီခေါင်းဆောင်တွေက အောက်ခြေကနေ အဆင့်ဆင့်နဲ့ အပေါ်ထပ်အဆောက်အအုံကို ဘယ်လိုမျိုး တက်လှမ်းလာနိုင်ရသလဲ။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။

ပါတီ၏ ဖွဲ့စည်းပုံ၊ အဆင့်ဆင့်တက်ရသည့် လှေခါးများ

လူအများမသိတဲ့ ကွန်မြူနစ်ပါတီရဲ့ အချက်တခုကတော့ ပါတီရဲ့ ကျောရိုးဖြစ်တဲ့ ပါတီအလုပ်အဖွဲ့ တခုရှိနေတယ် ဆိုတာပါပဲ။ Party Organization Department လို့ ခေါ်ပါတယ်။ ဒါဟာ ပါတီရဲ့ အနောက်နိုင်ငံတွေအခေါ် Human Resources Department ပေါ့။ ဖွဲ့စည်းပုံဌာန လို့ခေါ်မလား၊ ရုံးအဖွဲ့လို့ ခေါ်မလား၊ အဲသလို ခေါ်ရင် ရမယ် ထင်ပါတယ်။ ဒါက အနောက်နိုင်ငံတွေက ကော်ပိုရေးရှင်းကြီးတွေ၊ institution ကြီးတွေ အားကျကြတဲ့ ကျောရိုးအလုပ်လည်ပတ်မှု ဖြစ်ပါတယ် တဲ့။

အဲသည် ဖွဲ့စည်းပုံဌာနဟာ မဏ္ဍိုင် ၃ ခုနဲ့ ထူထောင်ရပ်တည်တဲ့ ပိရမစ်သဏ္ဍန် ရှိပါတယ်။ အဲသည် မဏ္ဍိုင် ၃ ရပ်ကတော့ Social Organization, State-owned Enterprise and Civil Service တို့ဖြစ်ပါတယ်။ Social ဆိုတာက ပညာရေး၊ လူမှုရေး အဖွဲ့အစည်းမဏ္ဍိုင်၊ State-owned Enterprise ကတော့ ပြည်သူပိုင် လုပ်ငန်းများ မဏ္ဍိုင် နဲ့ Civil Service ကတော့ ပြည်သူ့ဝန်ထမ်း (အစိုးရ၊ အရပ်ဖက်ဆိုင်ရာ လခစားများ) မဏ္ဍိုင်ဆိုပြီး ဖြစ်ပါတယ်။ ဒီ မဏ္ဍိုင် ၃ ခု ဟာ သီးခြားစီဖြစ်ပေမယ့် ချိတ်ဆက်မှုရှိတဲ့ မဏ္ဍိုင်တွေအဖြစ် တိုင်းပြည်နဲ့ ပါတီကို မတည် ထူထောင်ထားပြီးတော့ တရုတ်အရာရှိများအတွက် အသက်မွေးဝမ်းကြောင်း ရွေးစရာလမ်းတွေ ဖြစ်ပါတယ်။

အဲသည်မဏ္ဍိုင် ၃ ခုအတွက် အလုပ်လုပ်နိုင်မယ့် အရည်အချင်း အလားအလာရှိသူတွေကို အဲသည် ရုံးအဖွဲ့က ကောလိပ်တွေ တက္ကသိုလ်တွေက ဘွဲ့ရတွေကြားထဲဆင်းပြီး အလုပ်ခေါ်ပါတယ်။ အဲသည်က ရွေးချယ်ခံရသူတွေကို ပါတီရဲ့ မဏ္ဍိုင် ၃ ရပ်မှာ အသီးသီးသော အောက်ခြေ၀န်ထမ်းများအဖြစ် စတင် ခန့်ထားပြီး တာဝန်ထမ်းဆောင်စေပါတယ်။ အဲသည်အောက်ခြေ၀န်ထမ်းဘ၀ကနေ (Kuyan – စာရေး) ရာထူးအဆင့်ဆင့် (၄ ဆင့်) ခန့်တိုးပြီး တာဝန်တွေ ပေးပါတယ်။ ထမ်းဆောင်ရပါတယ်။ တရုတ်လိုကတော့ Fuka , Ka, (ဌာနခွဲ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ) Fuyu, Yu (ဌာနစိတ် မန်နေဂျာ၊ လက်ထောက်မန်နေဂျာ) လို့ သတ်မှတ်ထားပါတယ်။ သူတို့တွေဟာ မြို့နယ် အုပ်ချုပ်ရေးအလုပ်၊ ရင်းနှီးမြုပ်နှံမှုအလုပ်၊ ဒါမှမဟုတ် စက်ရုံလည်ပတ်သူ စတဲ့ တာဝန်တွေကို ကျွမ်းကျင်ရာအလိုက် ထမ်းဆောင်ကြရတာ ဖြစ်ပါတယ်။

၁ နှစ် ၁ ခါ ဆိုသလို အဲသည် (ရုံးအဖွဲ့)က ၀န်ထမ်းတွေရဲ့ စွမ်းဆောင်မှုတွေကို စိစစ် သုံးသပ်မှုတွေ လုပ်ပါတယ်။ အဲသည်လို လုပ်တဲ့ဆီမှာ အထက်အရာရှိကိုကော အောက်ဝန်ထမ်းကိုပါ အင်တာဗျုးတယ်၊ လူတဦးချင်းပေါ်ကို စုံစမ်းတယ်။ ပြီးတော့ လူထုဆီက စစ်တမ်းကောက်တယ်။ အဲသည်ထဲကမှ အကောင်းဆုံးဝန်ထမ်းကို ရာထူးတိုးပေးတာ ဖြစ်ပါတယ်။ အဲသည် အရာရှိတွေ၊ ပါတီခေါင်းဆောင်တွေဟာ မဏ္ဍိုင်တခုတည်းမှာတင် တာဝန်ထမ်းဆောင်တာ မဟုတ်ဘဲ အခြားမဏ္ဍိုင်တွေမှာလည်း သွားရောက် ထမ်းဆောင်တာတွေ ရှိပါတယ်။ 

အဲသည်လိုနဲ့ အတော်ဆုံး၊ အကောင်းဆုံးဝန်ထမ်းတွေဟာ သုံးမြှောင့်မဏ္ဍိုင်ထိပ်ဆုံးက ဌာနမှုး (Fu)၊ လက်ထောက်ဌာနမှုး (Fu Ju) အဆင့်ကို တိုးမြှင့်ခံထားခွင့်ရကြပါတယ်။ အဲသည်မှာမှ သူတို့ဟာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် အဆင့်ထဲကို ရောက်ရှိကြတာ ဖြစ်ပါတယ်။ အဲသည်တော့မှ အဲသည် ပါတီခေါင်းဆောင်ဟာ လူဦးရေ ၁ သန်းရှိတဲ့ မြို့နယ်စု သို့မဟုတ် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီတဲ့ ကုမ္မဏီကို အုပ်ချုပ်ခွင့် ရရှိကြတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့ဆီမှာ ဘယ်လောက် အပြိုင်အဆိုင်များတယ်၊ အရည်အချင်းအတွက် ဘယ်လောက် ကြိုးစားရတယ်ဆိုတာကို ပြဆိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရုတ်ပြည်ရဲ့ ၁.၃၅ ဘီလျံ (ကုဋေ) လူဦးရေမှာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် (၀န်ထမ်းတွေ)ရဲ့ အရေအတွက်ကို ကြည့်မယ်ဆိုရင် ဌာနစိတ်မှူး ၉ သိန်း၊ ဌာနခွဲမှူး ၆ သိန်း နဲ့ ဌာနမှူး ၄ သောင်း ရှိတဲ့ မဏ္ဍိုင် ၃ ရပ်နဲ့ စုစည်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။ အဲသည် Ju level ဌာနမှူးအဆင့်ကနေ သူ့ထက်မြင့်တဲ့ ပါတီရဲ့ထိပ်တန်း အဆင်မြင့်ရာထူးတွေ တာဝန်ယူ စွမ်းဆောင်နိုင်ပြီးတော့မှသာ ဗဟိုကော်မီတီဝင်အဖြစ်ကို ရောက်ပါတယ်။ အဲသည်မှာတော့ လူဦးရေက ၃၀၀ ကျော်ပဲ ရှိပါတော့တယ်။ အဲသည်လို ထိပ်ဆုံးကို ရောက်ဖို့အတွက် ပါတီဝင် ခေါင်းဆောင်အဆင့်တဦးဟာ နှစ်ပေါင်း ၂၀ ကနေ ၃၀ အချိန်ယူပြီး အဆင့်ဆင့် တက်လှမ်းရတယ်လို့ ဆိုပါတယ်။ လူကြီးတွေက လက်သင့်ရာ ရွေးချယ်လို့ တက်လာနိုင်တယ်၊ အရှင်မွေးလို့ ချက်ခြင်း မကြီးနိုင်ဘူးလားလို့ စောဒကတက်နိုင်ပေမယ့်၊ ကိုယ်တိုင် အရည်အချင်းရှိဖို့၊ ဖွံဖြိုးတိုးတက်မှုရှိဖို့က အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ တရုတ်တွေရဲ့ ရာစုနှစ်ချီပြီး ထိန်းသိမ်းလာတဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ လက်ဆင့်ကမ်း သင်ကြားပေးခြင်း (Mentoring) စနစ်ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရုတ်ခေါင်းဆောင်နဲ့ အမေရိကန်ခေါင်းဆောင် နှိုင်းယှဉ်ပုံ

ဥပမာတခု ပြရရင် လက်ရှိတရုတ်သမ္မတကြီး ဇီဂျင်ပင်း ဟာ တရုတ်ပါတီခေါင်းဆောင်ဟောင်းရဲ့ သားဖြစ်တယ် ဆိုပေမယ့် သူ ဒီရာထူးကို ရရှိဖို့အတွက် အနှစ် ၃၀ အလုပ်လုပ်ခဲ့ရပါတယ်။ သူက ကျေုးရွာခေါင်းဆောင် တဦးအဖြစ်ကနေ စခဲ့ရတယ်။ သူ ပေါလစ်ဗျူရိုထဲ ရောက်ရှိချိန်မှာ သူဟာ လူ သန်း ၁၅၀ ရှိတဲ့ နယ်မြေတခုကို အုပ်ချုပ်တဲ့ မန်နေဂျာဖြစ်နေပြီ၊ သူ့နယ်မြေဟာ အမေရိကန်ဒေါ်လာ ကုဋေပေါင်း ၁၅၀၀ ရှိတဲ့ စီးပွားရေး GDP ရှိတဲ့ အဆင့်မှာ ရှိပါတယ်။

အဲသည်မှာ သူက အနောက်အုပ်စုထဲက အမေရိကန်နိုင်ငံရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်လိုက်ပုံကတော့ … ခင်ဗျားတို့ဆီက တက္ကဆပ်ပြည်နယ်မှုးဘ၀က တက်လာတဲ့ သမ္မတ ဘုရှ်တို့၊ အခုသမ္မတကြီး ဖြစ်လာတဲ့ အိုဘားမားတို့ဆိုတာ တရုတ်ပြည်ရဲ့ ပါတီစနစ်အတိုင်းဆိုရင် ကျေးရွာအဆင့်မန်နေဂျာတောင် ဖြစ်လာဖို့ မလွယ်ပါဘူး …တဲ့။

အနောက်အုပ်စုတွေက တသက်လုံး ပြောဆို ၀ါဒဖြန့် လုပ်ကိုင်နေကြတာက ဒီမိုကရေစီလူဘောင်ကို ထူထောင်ဖို့အတွက် ပါတီစုံ ရွေးကောက်ပွဲတွေကို ပြည်သူလူထုရဲ့ မဲနဲ့ ဆုံးဖြတ်ခံပြီး သွားကြရမယ်လို့ ဆိုကြတယ်။

ဆိုတော့ တရုတ်ပြည်မှာ ပါတီဟာ ရွေးကောက်ပွဲနဲ့ လည်ပတ်တာ မဟုတ်လို့ တရားသဖြင့် မဟုတ်ဘူးလို့ မေးခွန်းတွေ အထုတ်ခံရတယ်။ သည်တော့ သူက ပြန်မေးပါတယ်။ How about competency? စွမ်းဆောင်မှု ယှဉ်ပြိုင်ခြင်းဆိုရင်ကော ဘာပြောမလဲ ပေါ့။


မဲနဲ့ ရွေးမှ တိုင်းပြည်ကြီးက ကောင်းစားမှာတဲ့လား၊ သမိုင်းကို ပြန်ကြည့်ပါဦး
လွန်ခဲ့တဲ့ အနှစ် ၆၀ တရုတ်ပြည် စထူထောင်စဉ်မှာ အဆင်းရဲဆုံးနဲ့ လူ့သက်တမ်း ၄၀ ပဲ ရှိခဲ့ရာက အခုချိန်မှာ တရုတ်ပြည်ဟာ ဒုတိယအကြီးဆုံး စီးပွားနိုင်ငံနဲ့ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်နေပါပြီတဲ့။ အနောက်အုပ်စုက စစ်တမ်းကောက်ကြည့်တော့ ကိုယ့်တိုင်းပြည်သွားနေတဲ့ လမ်းကို သဘောကျတဲ့ ပြည်သူတွေစာရင်းထဲမှာ တရုတ်ပြည်သား ၈၅%က အကောင်းဖက်ကို မြင်နေပြီး၊ အမေရိကန်မှာ ၆၄%က တိုင်းပြည်က အနှုတ်ဖြစ်နေတယ်လို့ ပြောနေကြပါသတဲ့။ တရုတ်ပြည်က လူငယ်မျိုးဆက်သစ် ၉၀% က သူတို့အနာဂတ်အတွက် စိတ်ချယုံကြည်မှု အပြည့်ရှိနေကြပါသတဲ့။ သည်လိုဆိုရင် တရုတ်ပြည် နိုင်ငံရေးစနစ်ဆိုတာ အများလက်ခံမှုမရှိတဲ့စနစ် မဟုတ်ဘူး၊ တရားသဖြင့် မဟုတ်ဘူး လို့ ဘာအကြောင်းပြချက်နဲ့ ညင်းချက်ထုတ်ချင်နေတာလဲလို့ သူက ပြန်လှန်မေးခွန်းထုတ်လိုက်ပါတယ်။

အဲသည်အချိန်မှာ ရွေးကောက်ပွဲနဲ့ လည်ပတ်နေတဲ့ နိုင်ငရေးစနစ်တွေ၊ နိုင်ငံတွေဟာ အကြပ်အတည်းတွေ ပြသနာတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်တဲ့။ မျက်မှောက်မှာ ရွေးကောက်ပွဲတွေနဲ့ လည်ပတ်နေတဲ့ အမေရိကန်တို့ ဥရောပတို့မှာ ဘာတွေ ဖြစ်နေကြသလဲကို ကြည့်နိုင်တယ်။ ပြီးတော့ ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖွဲ့စည်း ဆောင်ရွက်နေကြတယ် ဆိုတဲ့ ဖွံဖြိုးဆဲနိုင်ငံတွေကို ကြည့်ရင်လည်း ပြည်တွင်းစစ်တွေ ဆင်းရဲတွင်းတွေကနေ ရုန်းမထွက်နိုင်ကြသေးတာကို တွေ့နိုင်တယ်။ အစိုးရတွေက ရွေးကောက်ပွဲကနေ တက်လာတယ်။ ပြီးတော့ နှစ်တောင်မကူးသေးဘူး၊ လူထုက အစိုးရကို မကြိုက်တော့ဘူး၊ ကန့်ကွက်သံတွေ ထွက်လာပြန်တယ်။ ၅၀% လောက်က အစိုးရကို လက်မခံကြတော့ပြန်ဘူးတဲ့။ သည်လိုနဲ့ နောက်ရွေးကောက်ပွဲ မတိုင်ခင်အထိ ပြသနာတွေ အငြင်းပွားမှုတွေ စိတ်တိုင်းမကျတာတွေနဲ့ ဖြတ်သန်းကြရပြန်တယ်။ သည်တော့ ဒီမိုကရေစီ ရွေးကောက်ပွဲ စနစ်မှာ ဘာသံသရာက လည်ပတ်လာသလဲဆိုတော့ (Elect & Regret) ရွေးကောက်ပွဲ ပြီးတာနဲ့ နောင်တတွေရကြ၊ ပြန်ရွေးကောက်ကြ၊ နောင်တတွေ ရကြနဲ့ သံသရာလည်နေတယ်လို့ သူက ဝေဖန်လိုက်ပါတယ်။

သည်လိုဆိုရင် ပါတီစုံဒီမိုကရေစီ စနစ်ဆိုတာက ပြုပြင်ပြောင်းလဲမှုတို့၊ တိုးတက်မှုတို့နဲ့ ဖွံဖြိုးမှုတွေ ခေါင်းပါးနေတာ ဖြစ်နေသလားလို့ တပါတီကွန်မြူနစ်စနစ်ကနေ မေးခွန်းထုတ်ရမလို ဖြစ်နေတယ်လို့ သူက ပြောလိုက်ပါတယ်။

စကားအဖြစ် ပြောရတာပါ၊ စကားနိုင်လုတာ မဟုတ်

သည်နေရာမှ သူက အလေးအနက်ထားပြီး ပြောကြားလိုတာက ပါတီစုံဒီမိုရေစီ ရွေးကောက်ပွဲစနစ်နဲ့ တပါတီ ရွေးချယ်မှုစနစ် ၂ ခု နှိုင်းယှဉ်ပြီးတော့ စကားနိုင်လုတာ၊ သူသာတယ်၊ ကိုယ်သာတယ် တိုက်ခိုက်ချင်တာ မဟုတ်ပါဘူးတဲ့။ ပါတီစုံဒီမိုကရေစီကို လက်ခံတဲ့သူတွေက လက်ခံတဲ့အတိုင်း နေထိုင်ကြ၊ သည်ထက် ပိုကောင်းမွန်အောင် ကြိုးပမ်းကြ၊ ဒါပေမယ့် ဒါဟာ ကမ္ဘာပေါ်မှာ စံပြ၊ တခုတည်းသော ရွေးချယ်စရာစနစ်ဖြစ်တယ်လို့ အခြားပထ၀ီဒေသတွေမှာ အဓမ္မ ၀ါဒဖြန့် ပုံစံသွင်းနေစရာတော့ မလိုဘူးဆိုတာ လက်ခံကြဖို့ပဲ ဖြစ်ပါတယ်တဲ့။ တရုတ်ပြည်မှာ သူတို့နည်း သူတို့ဟန်၊ သမိုင်း၊ အစဉ်အလာ၊ ပထ၀ီ၊ ယဉ်ကျေးမှုအရ သူတို့နဲ့ လိုက်ဖက်တဲ့ စနစ်တွေ လမ်းစဉ်တွေ ရှိနေပါတယ် တဲ့။ သူ့အရပ် သူ့ဇာတ်နဲ့ အဆင်ပြေတဲ့ အခြားရွေးချယ်စရာ စနစ်တွေ ရှိတာကို လက်ခံဖို့ ဖြစ်ပါတယ် တဲ့။

သို့သော်လည်း ဖွံဖြိုး တိုးတက် လက်ခံမှုရှိလာတဲ့ တရုတ်ပြည်မှာလည်း ပြသနာတွေ ရှိပါတယ် တဲ့။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ လူဦးရေမထိန်းသိမ်းနိုင်မှုတွေ ရှိနေတယ်။ အဆိုးဆုံးတခုကတော့ ခြစားမှုတွေ၊ လာဘ်စားမှုတွေ ဖြစ်ပါတယ် တဲ့။ သည်တော့ ပါတီစုံရွေးကောက်ပွဲသမားတွေက ဘာပြန်ပြောကြသလဲဆိုတော့ ခြစားမှုတွေဟာ တပါတီစနစ်ကြောင့် ဖြစ်တာ၊ ဒါကို မြေလှန်ပစ်ရမယ်လို့ ဆိုကြပြန်တယ်။ သည်မှာ သူက ငြင်းချက်ထုတ်တာကတော့ Transparency International အဖွဲ့ကြီးရဲ့ စစ်တမ်းမှာ တရုတ်ပြည်ဟာ ပွင့်လင်းမြင်သာမှုအဆင့် ၇၀ (တိုင်းပြည်ပေါင်း ၁၇၀ အနက်) မှာ ရှိနေပြီး၊ အိန္ဒိယပြည်ဆိုတဲ့ အကြီးမားဆုံးသော ပါတီစုံဒီမိုကရေစီနိုင်ငံက အဆင့် ၉၄ မှာ ရောက်နေတယ်၊ သည်ထက်လည်း အမှတ်က ကျဆင်းဖို့ ရှိနေပါသတဲ့။ တရုတ်ပြည်အောက်မှာ ပွင့်လင်းမြင်သာမှု ရမှတ် နည်းတဲ့ တိုင်းပြည်အများအပြားမှာ ပါတီစုံရွေးကောက်ပွဲ ကျင့်သုံးနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ (အာဂျင်တီးနား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား) လည်း ရှိနေပါတယ်။ သည်တော့ ရွေးကောက်ပွဲတွေကနေ ခြစားမှု၊ လာဘ်စားမှုတွေကို ဖယ်ရှားနိုင်တဲ့ ဆေးတခွက်လည်း မဟုတ်ပါဘူး လို့ သူက ငြင်းချက်ထုတ်လိုက်ပါတယ်။

အနာဂတ် တရုတ်ပြည် ဘယ်လဲ 

ဒါကြောင့် နိုင်ငံရေးသိပ္ပံပညာရှင်လည်းဖြစ် ရင်းနှီးမြုတ်နှံမှု စီးပွားရေးသမားလည်း ဖြစ်တဲ့ အဲရစ်ဇီလိုင်က နောက်ဆယ်နှစ်ကို နမိတ်ဖတ်ရာမှာ … တရုတ်ပြည်ဟာ စီးပွားရေးအဖွံ့ဖြိုးဆုံးအဖြစ် အမေရိကန်ကို ကျော်တက်မယ်။ လူတဦးချင်း ၀င်ငွေကလည်း ဖွံဖြိုးဆဲနိုင်ငံတွေအားလုံးထက် သာမယ်။ ခြစားမှုတွေကို ကန့်သတ် တားဆီးနိုင်မယ်၊ လုံးလုံးတော့ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။ စစ်တမ်းတွေမှာ ထိပ်ဆုံး ၆၀ ထဲ ၀င်လာအောင် တရုတ်က လုပ်နိုင်မယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့်လာမယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတော့ စဉ်ဆက်မပြတ် ဆက်ဖြစ်နေမှာပဲ။ တရုတ်ပြည်ရဲ့ တပါတီစနစ်ဟာ ဆက်လက် အောင်ပွဲခံနေဦးမှာ ဖြစ်တယ် … လို့ ဆိုလိုက်ပါတော့တယ်။

ကျနော်တို့ဟာ ခေတ်တခေတ်ရဲ့ နေ၀င်ချိန်ကို ရောက်နေပြီတဲ့။ ၂၀ ရာစုမှာ အရာရာကို ပုံသေကားချပ် တွက်ပြီး တဖက်သတ်ကောက်ချက်ဆွဲခြင်းအလေ့ဟာ (metta-narrative) မှားယွင်းကြောင်း သက်သေပြခဲ့ပါပြီ။ ၂၁ ရာစုမှာလည်း ပုံစံခွက်တခုတည်း ရိုက်သွင်းကြဦးမယ်ဆိုလည်း မှားကြဦးမှာပဲ တဲ့။ တပုံစံတည်း တလမ်းတည်း သွားရမယ်ဆိုတဲ့ သဘောတရားဟာ ဒီမိုကရေစီစနစ်မှာ အတွင်းကနေ လှိုက်စားနေတဲ့ ကင်ဆာဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။

ဗဟု လမ်းစဉ် ဆိုတာ

ဒီနေရာမှာ သူက ထပ်ပြီး ရှင်းချက်ပေးတာက အနောက်ဒီမိုကရေစီစနစ်၊ ပါတီစုံ ဒီမိုကရေစီလမ်းစဉ်ဟာ မှားယွင်းတယ် စွန့်လွှတ်ရမယ်လို့ ပြောနေတာ မဟုတ်ပါဘူးတဲ့။ အနောက်လမ်းစဉ်ဟာ သူတို့နိုင်ငံတွေနဲ့ ကမ္ဘာကြီးကို ဖွံဖြိုးတိုးတက်မှုတွေ အကျိုးစီးပွားတွေ အများကြီး ဖြစ်ထွန်းစေခဲ့ပါတယ် တဲ့။ ဒါပေမယ့် တချို့သော နိုင်ငံရေးသိပ္ပွညာရှင်တွေ တချို့အနောက်အုပ်စု ခေါင်းဆောင်တွေ ကြွေးကြော် ကိုင်စွဲ ၀ါဒဖြန့်နေသလို ငါတို့ပဲ မှန်တယ်၊ သူများတွေ မှားတယ်လို့ အစွန်းမာနရောက် နေတာကို ပြုပြင်ကြစေချင်ပါတယ်တဲ့။ သူများတွေကို ကိုယ့်ပုံစံခွက်ထဲ အတင်းသွင်းနေကြတာထက်၊ ကိုယ့်အိမ်တွင်းရေး၊ ကိုယ့်ပြည်တွင်းရေးမှာပဲ အပြစ်အနာအဆာတွေကို ရှာဖွေ ပြင်ဆင်ကြစေချင်ပါတယ်တဲ့။ ဒါဆိုရင် ဒီမိုကရေစီစနစ် သက်ဆိုးရှည်ဖို့ ပိုမို မျှော်လင့်ချက် ရှိလာပါလိမ့်မယ် လို့ သူက ပြောလိုက်ပါတယ်။

တရုတ်ပြည်ရဲ့ တပါတီလမ်းစဉ်ကလည်း သူ့နည်းသူ့ဟန် သူ့အလှနဲ့ ဆိုသလို၊ အနောက် ပါတီစုံလမ်းစဉ်ကလည်း သူ့အထွာနဲ့ အလွှာနဲ့ပါပဲ လို့ ဆိုပါတယ်။ တခုက တခုကို အသာစီး အနိုင်ရသွားတာ၊ တခုခုကနေ အစားထိုး လဲလှယ်လိုက်တာမျိုး ဖြစ်ဖို့ မလိုအပ်ပါဘူးတဲ့။ ပြောချင်တာက ဘယ်စနစ် ဘယ်လမ်းစဉ်ကမှ ထာဝရအမှန်တရား မဟုတ်ပါဘူး။ တနေရာမှာ ထွန်းကားနေတဲ့ စနစ်ကို တခြားနေရာမှာ သွားပြီး ပြောင်းစိုက်ဖို့၊ တင်ပို့လို့ မရနိုင်ပါဘူးတဲ့။ သူပြောချင်တာက အနောက်တိုင်းမှာ ပါတီစုံစနစ် ထွန်းကားနေသလို အရှေ့တိုင်းမှာလည်း တပါတီစနစ်ဆိုတာ ရှိနေတယ်၊ ထွန်းကားနေတယ်ဆိုတာကို လက်ခံနိုင်ကြဖို့ပဲ ဖြစ်တယ်။ တခုတည်း ရှိရမယ် မှ မဟုတ်ဘူး၊ ၂ ခု လည်း ရှိနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ် လို့ နိဂုံးချုပ် သွားပါတယ်။

NGO သည် တရုတ်မှာတော့ GO ပဲ

သူပြောသမျှက ဒီလောက်နဲ့ ရပ်လိုက်ပေမယ့် ပရိသတ်ထဲက မေးခွန်းတခုကတော့ ရွေးကောက်ပွဲမရှိတဲ့ အစိုးရတရပ်က ပြည်သူ့ဆန္ဒကို ဘယ်လိုမျိုး ဖော်ဆောင်မှာလဲလို့ မေးပါတယ်။ သူက ပြန်ဖြေရာမှာ တရုတ်အစိုးရဟာ နားစွင့်နေတဲ့ အာဏာရှင်တွေလို ပြောပါတယ်။ တရုတ်ပြည်မှာ စစ်တမ်းကောက်တဲ့ လုပ်ငန်းတွေ၊ ကုမ္မဏီတွေရှိတယ်။ အဓိက ဗဟိုအစိုးရက ပြည်သူတွေအသံကို စစ်တမ်းတွေ ကောက်ခံပြီး အမြဲ နားစွင့် စောင့်ကြည့် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သူက ပြန်ဖြေလိုက်ပါတယ်။ သူက ပြန်ပြီး ထောက်ပြတာက ရွေးကောက်ပွဲ ပြီး ရွေးကောက်ပွဲတွေ လုပ်နေတာနဲ့တင် ပြည်သူဆန္ဒကို နာခံတယ်ဆိုပြီး တယူသန် စွဲနေတာကိုလည်း အနောက်အုပ်စုက စဉ်းစားပါဦးလို့ တုန့်ပြန်ပါတယ်။

အဲသည်မှာ ထပ်ပြီး မေးတဲ့မေးခွန်းကတော့ တရုတ်ပြည်ဟာ လူမှုအဖွဲ့အစည်းတွေ ထွန်းကားမှုအတွက် နေရာမရှိဘူး။ တရုတ်ပြည်က မတူညီတဲ့ ဆန္ဒသဘောထားတွေ ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်တယ်၊ နှစ်တိုင်းမှာ ဆန္ဒပြလို့ ထိန်းသိမ်းခံရသူတွေ၊ အရေးယူခံရသူတွေ ရှိနေတယ်။ သည်တော့ အဲသည်လို လူမှုအဖွဲ့အစည်းတွေ အရပ်ဖက်လူ့ဘောင်တွေအတွက် ပါတီက နေရာပေးထားခြင်း မရှိဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ သူက ပြန်လည် ဖြေကြားရာမှာ အနောက်အုပ်စုက သဘောပေါက်ထားတဲ့ civil society ဆိုတာက အစိုးရအဆောက်အအုံနဲ့ သီးခြားဖြစ်သော (သို့မဟုတ်) အတိုက်အခံဖြစ်သော အစုအဖွဲ့၊ အဖွဲ့အစည်းမှသာလျင် လူမှုအဖွဲ့အစည်းလို သတ်မှတ်တဲ့ ညင် စွဲကပ်နေပါတယ်တဲ့။ တရုတ်ပြည်မှာ လူမှုအဖွဲ့အစည်းဆိုတာ စနစ်အတွင်းမှာတင် တသားတည်း ရှင်သန်နေတယ်။ ဒါဟာ တရုတ်တွေရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာ သဘာဝပဲ ဖြစ်နေတော့တယ် တဲ့။ တရုတ်တွေဟာ လူမှုအဖွဲ့အစည်းဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ လှုပ်ရှားမှုတွေကို နိုင်ငံရေး၊ အာဏာပိုင်အဖွဲ့အစည်း စနစ်နဲ့ အတူတူ လှုပ်ရှားရပ်တည်နေခဲ့ကြတာဟာ အကျင့်အဖြစ် စွဲမြဲပြီးသား ဖြစ်နေပြီ လို့ သူက ဖြေကြားလိုက်ပါတော့တယ်။

နိဂုံး

ကဲ … စာကလည်း ရှည်သွားပြီ။ သူရဲ့ ပါတီစုံနဲ့ တပါတီစနစ်တို့အကြောင်း နှိုင်းယှဉ် ဆွေးနွေးမှုကလည်း သည်မျှလောက်နဲ့ ရပ်နားလိုက်ပါတော့မယ်။ 

သို့သော် မောင်ရစ်အနေနဲ့ ပြန်လှန်စဉ်းစားကြည့်လိုက်တော့ အစိုးရတွေ နိုင်ငံတွေကို လည်ပတ်တဲ့ လုပ်ကိုင်တဲ့နေရာမှာ ပြည်သူ့မဲဆန္ဒနဲ့ တက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်ကို အာဏာအပ်ပြီး အနောက်နိုင်ငံတွေက လှုပ်ရှားကြပေမယ့် အနောက်အုပ်စုက စီးပွားရေးကော်ပိုရေးရှင်းတွေ၊ အရင်းရှင်လုပ်ငန်းကြီးတွေကတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီလို သူတို့စိတ်တိုင်းကျ အရည်အချင်းရှိသူတွေကို ခေါင်းခေါက်ရွေးချယ်ပြီး အဆင့်ဆင့် တင်မြှောက် လည်ပတ်နေကြတာပဲ လို့ မြင်မိပါတယ်။ 

အနောက်အုပ်စုက နိုင်ငံရေးပါတီစုံတွေကလည်း သူတို့ပါတီတွင်းက အမတ်အဖြစ် ခေါင်းဆောင်အဖြစ် ရွေးချယ်ရာမှာလည်း သူတို့ပါတီတွင်း စိတ်တိုင်းကျတဲ့သူကိုသာ ဗျာဒိတ်ပေး ရွေးချယ်ပြီးမှ ပြည်သူတွေရဲ့ မဲဆန္ဒရုံတွေဆီကို စေလွှတ်ကြတာ ဖြစ်ပါတယ်။ 

ဆိုတော့ ပါတီစုံနဲ့ တပါတီစနစ်ဆိုတာဟာ အချင်းချင်း ကျောချင်းကပ်နေကြတဲ့ လမ်းစဉ်ပါပဲ။ ပြည်သူတွေမှာသာ မဲလက်မှတ်လေး တရွက်နဲ့ စိတ်ကူးထီထိုးခွင့်ရကြတာလား၊ လူကြီးတွေ ကောင်းမယ်ထင်တာ ခေါင်းငြိမ့်ပြီး အလိုက်သင့် နောက်လိုက်ကြဖို့ပဲလား ဆိုတာ စဉ်းစားချင်စရာ … ။ ။


(အညွှန်း – http://www.ted.com/talks/eric_x_li_a_tale_of_two_political_systems.html )

၂၀၁၃ အတွေးအမြင်မဂ္ဂဇင်း ဒီဇင်ဘာလထုတ်တွင် ဖော်ပြပြီး၊ ပြန်လည်ကူးယူဖော်ပြသည်။
 

No comments: