Tuesday, August 23, 2016

မြစ်ဆုံစီမံကိန်းအစား သံလွင်ရေကာတာအား လုပ်ပိုင်ခွင့်ပေးလိုက်မည်ကို အလွန်စိုးရိမ်

မြစ်ဆုံစီမံကိန်းအစား သံလွင်ရေကာတာအား လုပ်ပိုင်ခွင့်ပေးလိုက်မည်ကို အလွန်စိုးရိမ်
23 August 2016
-------- ----- --------
ဧရာဝတီမြစ်ပေါ် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကို လူအများစုက အာရုံစိုက်နေချိန်တွင် မြန်မာအစိုးရက သံလွင်မြစ်ရေကာတာအား မြစ်ဆုံအစား လုပ်ပိုင်ခွင့် ပေးလိုက်မည် ကို အလွန်စိုးရိမ်ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းများက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြောညာလိုက်သည်။
...
တရုတ်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီးစဉ် မသွားရောက်မီ အစိုးရက လျှပ်စစ်စွမ်းအင် ဖြည့်တင်းရေးအတွက် ရေအားလျှပ်စစ်မှ ရယူသွားမည်ဟု အစိုးရ ရက် ၁၀၀ သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားထားမှုများလည်း ရှိသည်။ သံလွင်ပင်များ ရေကာတာများကို တရုတ်နိုင်ငံက တည်ဆောက်မည်ဖြစ်ပြီး ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများက ယူဆောင်သွားမည်ဖြစ်သည်ဟု ရှမ်းလူထုအဖွဲ့အစည်းက ထုတ်ပြန်သည်။
“သံလွင်မြစ်ရေကာတာကို မြစ်ဆုံအစားထိုးလိုက်မှာ ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်။ ကြေညာချက် ထုတ်ပြန်တာ အဓိက ရည်ရွယ်ချက်က လတ်တလော တည်ဆောက်နေတဲ့ သံလွင်မြစ်ပေါ် မှာ တည်ဆောက်နေတဲ့ ရေကာတာ အားလုံးကို ရပ်ဖို့ပဲ” ဟု ရှမ်းလူထုအဖွဲ့အစည်းမှ ကိုစိုင်းခေးဆိုင်က The Ladies သို့ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်က ရှမ်းလူထုအဖွဲ့အစည်းများ စုစည်းကာ ဒေါ်အောင်ဆန်းစုကြည်ထံ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများအားလုံး ရပ်တန့်ထားရန် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့ပြီးဖြစ်သည်။ ရှမ်းလူထုများက တန်ဖိုးမဖြတ်နိုင်သည့် သံလွင်မြစ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းနေ တိုင်းရင်းသား ပြည်သူ လူထုအမြောက်အမြား မှီခိုအားထားနေသော မြစ်တစ်စင်းဖြစ်သည့်အပြင် ရေကာတာများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကြီးအကျယ် ထိခိုက်မည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအစိုးရပိုင် တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီသည် လွန်ခဲ့သော လအနည်းငယ်အတွင်းက မဂ္ဂါဝပ် ၁၂၀၀ ထွက်မည့် ရှမ်းပြည်နယ်အတွင်း ရေကာတာတစ်ခုဖြစ်သည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖာရေကာတာ တည်ဆောက်ရန် ဦးတည်နေသည်။ နောင်ဖာရေကာတာသည် လက်နက်ကိုင်အဖွဲ့အစည်းများ အများစုဝန်းရံလျှက်ရှိသော ဒေသတစ်ခုဖြစ်သလို အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏတိုက်ပွဲ ဖြစ်ရာ ဒေသလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနစ်က နောင်ဖာဒေသအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်များနှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
နောင်ဖာရေကာတာ သတင်း ထွက်ပေါ်စဉ် တန့်ယန်းမြို့နယ် ကျေးရွာ အုပ်စု ၉ စုမှ ဒေသခံလူထုနှင့် လူထုကိုယ်စားလှယ်များ (၂၅၀) ဦးခန့်က သြဂုတ်လ ၅ ရက်နေ့တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ နောင်ဖာရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် SNLD မှလွတ်တော် ကိုယ်စားလှယ် ဦးဆောင်ပါဝင်ခဲ့သည်။ သြဂုတ်လ ၂၁ ရက်နေ့တွင် ဟိုပန်၊ ကွန်လုံ၊ တန့်ယန်း၊ လားရှိုး၊ သိန္နီမှ ရပ်ရွာ လူထုခေါင်းဆောင် အသီးသီး ၆၀ ဦးခန့်နှင့် SNLD လွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့သည် နောင်ဖာရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသာ ရရှိမည့် အရှေ့တောင်အာရှ အကြီးဆုံးရေကာတာ ဖြစ်လာဖွယ်ရှိသော မိုင်းတုံ ရေအားလျှပ်စစ်နှင့် ရေကာတာ စီမံကိန်းကိုလည်း ဒေသခံများမှ ကန့်ကွက်လျက် ရှိနေသည်။
The Ladies News
http://www.theladiesnewsjournal.com/…/tue-2016-08-23-1…/3069

No comments: