Wednesday, August 3, 2016

ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေကို အားပေးဖို့ ဘာတွေ အခက်အခဲဖြစ်နေလဲ

ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေကို အားပေးဖို့ ဘာတွေ အခက်အခဲဖြစ်နေလဲ
|| ထွန်းအောင်ကျော် ( ၇၄ မျိုးဆက် ) ||
 
3 August 2016
 
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်ရှိ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်က မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရန် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ သူတို့ကို မူလနိုင်ငံသားများအဖြစ် ပြန်လည် အသိအမှတ်ပြုရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းကို ပါဝင်၍ ကျသည့်နေရာမှ ဝင်ရောက်လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ “ကျွန်တော်တို့ နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာဆည်းပူး လုပ်ဆောင်ခဲ့တဲ့ ကျွမ်းကျင်ရာ လုပ်ငန်းတွေအလိုက် ကျရာအခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု မွန်အမျိုးသား လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ နိုင်ကဆုမွန်က ဆိုပါသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ပြီး အာဏာပေးအပ်ရန် တောင်းဆိုသော ရွေးကောက်ခံ လွှတ်တော်အမတ်များကို ဖမ်းဆီးလာသည့်အခါ လွှတ်တော်အမတ် တစ်ဦးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲလည်းဖြစ်သူ ဦးစိန်ဝင်းနှင့် အမတ်အချို့ နယ်ခြားသို့ ထွက်ခွာ၍ အဝေးရောက် အမျိုးသားညွန်ပေါင်းအစိုးရ ဖွဲ့စည်းပြီး ဦးစိန်ဝင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ ညွန့်ပေါင်းအစိုးရ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း NLD ကို ကူညီပံ့ပိုးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာသို့ ဖြန့်ဝေရေးဖြစ်သည်။ ဦးစိန်ဝင်းသည် ယခုအခါ အမေရိကန်တွင် နေထိုင်လျက်ရှိပြီး မြန်မာပြည် ပြန်လာရန်အတွက် သံရုံးတွင် လျှောက်ထားသည့်အခါ သူ့အားခံဝန်ချက် လက်မှတ်ရေးထိုးပေးခြင်းနှင့် နိုင်ငံရေးမလုပ်ဟု အာမခံခြင်း၊ ဆွေမျိုးများကိုသာ တွေ့ဆုံရမည် စသည်တို့ကို သဘောတူညီရမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဦးစိန်ဝင်း၏ဇနီး ဒေါ်စီစီသွယ်က ဖေ့စ်ဘွတ်နှင့် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်ထုတ် မိုးမခစာစောင်တွင် ထိုအကြောင်းကို ဆောင်းပါးရေး၍ ဒီမိုကရေစီရေးကို အသက်စွန့် လုပ်ဆောင်ခဲ့သူ တစ်ယောက်ရရှိတဲ့ ဆုလာဘ်က ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလည်း “ခံဝန်ချက်ထိုး၊ အသနားခံစာတင်၊ ဘယ်ထဲမှဝင်မပါနဲ့၊ ဆွေမျိုးတွေနဲ့ပဲ တွေ့တဲ့လား” ဟု တင်ပြပြီး “မြန်မာပြည်အတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက်ထိုးရတဲ့ဘ၀က လွတ်မလဲ” ဟု သူမ၏ “က၀ိအို၏ အိမ်ပြန်ချိန်” ဆောင်းပါးထဲတွင် ရင်နာစွာ ရေးသားတင်ပြခဲ့သည်။
ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ အားလုံး ထိုသတင်းကို ကြားသိရသည့်အခါ အလွန်အံ့သြ တုန်လှုပ်သွားကြသည်။ အကြောင်းမှာ ဦးစိန်ဝင်းဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရိပ်ပင်ဖြစ်ပြီး ဖိနှိပ်ခံရမှုကြောင့် မနေနိုင်တော့သည့်အဆုံး ပြည်ပသို့ ထွက်ပြေးလာသော ဒေါ်အောင်ဆန်းစုကြည် ပါတီဝင် အများစုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သလို NLD ပါတီလုပ်ရပ်များကို ရာခိုင်နှုန်းပြည့် ပြည်ပမှ ထောက်ခံမှုပေးနေသည့် အဖွဲ့လည်းဖြစ်သည်။ ဦးစိန်ဝင်းအပြင် ပြည်ပရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများသည်လည်း ဂုဏ်သိက္ခာရှိရှိ ပြည်တော် ပြန်ချင်ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖြစ်လာသည့်အခါ သူတို့အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်ခေါ်တော့မည်ဟုကြီးစွာ မျှော်လင့်ထား ကြသော်လည်း လက်တွေ့တွင်မူ ဖြစ်မလာခဲ့ချေ။
ထိုသို့ဖြစ်နေသည်မှာ အစိုးရသစ်အနေနှင့် ပြည်ပရောက် လှုပ်ရှားသူများတွင် နိုင်ငံတကာ အတွေ့အကြုံများ ရှိနေပြီး ထိုသူတို့ ဝင်လာပါက မည်သည့်အရာ မှားသည်၊ မှန်သည်၊ မည်သို့လုပ်ဆောင်သင့်သည် စသည်တို့ကို ပွင့်ပွင့်လင်းလင်း ထောက်ပြဆွေးနွေး ဝေဖန်သည့်အခါ အစိုးရကို အကျပ်ရိုက်စေနိုင်မည်ကို စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သည်။ အကြောင်းမှာ အစိုးရသည် တပ်မတော်နှင့် အမျိုးသားရင်ကြားစေ့ရေးကို အစွမ်းကုန် လုပ်နေသော်လည်း ပြည်ပတက်ကြွ လှုပ်ရှားသူများသည် စစ်အစိုးရကို ခါးခါးသီးသီး မုန်းတီးခဲ့သူများဖြစ်၍ ထိုအချက်ကို အလေးထားချင်မှ ထားပေလိမ့်မည်။ အစိုးရသစ်အနေနှင့် ပြည်တော်ပြန်များသည် ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်ဟု စိုးရိမ်မှုများလည်း ရှိနေနိုင်ပေသည်။ အခြားဖြစ်နိုင်ခြေတစ်ခုမှာ ပြည်ထဲရေးဝန်ကြီးဌာန ထိပ်ပိုင်း၌ လုပ်ကိုင်ဆောင်ရွက်နေသော ဗျူရိုကရက်များနှင့် သံရုံးဝန်ထမ်းများသည် စစ်အစိုးရနှင့် အလွမ်းသင့်သူများ၊ အခွင့်ထူး ရနေသူများဖြစ်သလို တချို့သည် မိုးကျရွှေကိုယ်များ ဖြစ်ကြပြီး ထိုသူတို့က ပြည်ပရောက်များကို ဂုဏ်သိက္ခာရှိရှိ ပြန်မလာစေချင်သည့် အတွက်ကြောင့် ယခင်အစိုးရပေါ်လစီအတိုင်း ခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ ပြည်တွင်းရှိ ဆွေမျိုးသားချင်းများထံမှ ထောက်ခံစာ တောင်းခိုင်းခြင်းတို့ကို ပြုလုပ်မြဲ ပြုလုပ်နေခဲ့ကြသည်။ NLD အစိုးရသည် ထိုခေါက်ရိုးကျိုးနေသော စစ်ထွက် ဗျူရိုကရက်များကို မသန့်စင်နိုင်ဘဲ နေမြဲအတိုင်း ဆက်ခန့်ထားပါက ပြည်ပရောက်များ ရွှေပြည်တော်မျှော်တိုင်း ဝေးနေကြဦးမည်သာ ဖြစ်သည်။
ထို့ပြင် ပြည်တွင်းရှိ ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ မိမိလယ်မြေ ပြန်ရရေးအတွက်ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား အစွမ်းကုန် အားပေးထောက်ခံရင်း ပြည်သူများ၏ နစ်နာမှုကို ဗြောင်ထုတ်ဖော်ရင်း ထောင်အကြိမ်ကြိမ်ကျခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို မည်သို့အားပေး ထောက်ခံမည်နည်း။ မြောက်ဥက္ကလာပ မြို့နယ် (င) ရပ်ကွက် ပြည်သူပိုင် နွယ်နီအားကစားကွင်းအား ဂရန်ဖောက်ရောင်းစားခြင်းကို လက်မခံဘဲ ကာကွယ်သူများထဲမှ ပြည်သူသုံးဦးနှင့် MDCF ခေါင်းဆောင်ပါ လေးဦးကို မြောက်ဥက္ကလာပမြို့နယ် တရားသူကြီးက ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် စွဲချက်တင်ခဲ့ခြင်းသည်လည်း ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် မဖြစ်သင့်သည့် အချက်ဖြစ်ပါသည်။ စစ်အစိုးရလက်ထက် မတရားမြေယာသိမ်းမှုများ၊ ပြည်သူပိုင်မြေများ ဖြစ်သည့် ပြည်သူ့ အားကစားကွင်းများနှင့် အပန်းဖြေပန်းခြံများကို မောင်ပိုင်စီး ရောင်းစားမှုများ ရှိခဲ့သည်ကို မပြောလိုသော်လည်း လက်ရှိ ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ထိုမတရား လုပ်ဆောင်မှုများကို ကျူးလွန်သူများအား အမှုမဖွင့်ဘဲ ပြည်သူဘက်မှ ပြည်သူပိုင်မြေကို ကာကွယ်သူများကို အမှုဖွင့်ခြင်းမှာ မဖြစ်သင့်သော ကိစ္စပင်ဖြစ်သည်။ ပြည်သူ့ အားကစားကွင်းဖြစ်ကြောင်း ထင်ရှားသည့်အမှုတွင် ရောင်းစားသည့်သူကို စစ်ဆေးအရေးယူခြင်းမရှိဘဲ ဘက်လိုက်ဆုံးဖြတ်သည့် တရားသူကြီးများကိုလည်း ချက်ချင်း အရေးယူသင့်လှပေသည်။ တရားလိုမှ တရားခံအဖြစ် ရောက်စေသော ခေတ်ကုန်ဆုံးပြီဖြစ်ကြောင်း ပြသရန်လိုပေသည်။ သို့မှသာ တရားဥပဒေစိုးမိုးရေး ကြီးစိုးလာနိုင်မည် ဖြစ်သည်။
နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အခက်အခဲများစွာကို ကျော်လွှားပြီး တိုင်းရင်းသားများနှင့် တပ်မတော်ကြား ငြိမ်းချမ်းရေးရရှိရန် ခက်ခဲစွာ ကြိုးစားရဦးမည် ဖြစ်သလို၊ မိမိနှင့်ခံယူချက် တူညီသော ပြည်တွင်းရှိ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး လူ့အခွင့်အရေးတို့အတွက် လှုပ်ရှားသူများနှင့် လက်တွဲ ပေါင်းစည်းပြီး နိုင်ငံတော်ကြီးကို ထူထောင်ရန်လည်း အမြန်ဆုံး ကြိုးစားရဦးမည်ဖြစ်သည်။ ပြည်ပရောက် အင်အားစုများ ပြည်တွင်းသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လာပြီး တိုင်းပြည် တည်ဆောက်ရေးတွင် လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း ဖွင့်ပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ခက်ခဲမှုမရှိနိုင်ဟု ထင်မြင်ယူဆမိပါသည်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News

No comments: