Saturday, August 27, 2016

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား ယန်းဘီလီယံ ၁၀၀ (ကန်ဒေါ်လာ သန်း တစ်ထောင် နီးပါး) အတိုးမဲ့ ချေးရန် ကမ်းလှမ်းမည်ဟု ဆို

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား ယန်းဘီလီယံ ၁၀၀ (ကန်ဒေါ်လာ သန်း တစ်ထောင် နီးပါး) အတိုးမဲ့ ချေးရန် ကမ်းလှမ်းမည်ဟု ဆို
27 August 2016
---------------------
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ယန်း ၁၀၀ ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင် Japan Times သို့ ပြောကြားခဲ့သည်။
...
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက် ဂျပန်နိုင်ငံက ထိုသို့ ငွေချေးရန် ပထမဆုံး ကမ်းလှမ်းမှုဖြစ်ပြီး အခြားနိုင်ငံများကလည်း မြန်မာနိုင်ငံသို့ ချဉ်းကပ်နေချိန်တွင် ကမ်းလှမ်းခြင်းဖြစ်သည်။
လာမည့်လတွင် လာအိုနိုင်ငံ၌ ကျင်းပမည့် အာစီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံအား ငွေချေးမည့် အစီအစဉ်ကို ထိုအစည်းအဝေး၌ ကြေညာဖွယ်ရှိသည်။
မြန်မာနှင့်လာအို အိမ်နီးချင်းနှစ်နိုင်ငံလုံးမှာ အာစီယံအဖွဲ့ဝင်များ ဖြစ်သည်။ သယံဇာတကြွယ်ဝပြီး လျင်မြန်စွာ ဖွံ့ဖြိုးလာနေသော မြန်မာနိုင်ငံအပေါ် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ဂျပန်က အကူအညီ အထောက်အပံ့များ ပေးရန် ဆန္ဒရှိနေသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ရွေးကောက်ခံ အရပ်သားအစိုးရနှင့် ဆက်ဆံရေးမြှင့်တင်ရန် အခြားနိုင်ငံများကလည်း ကြိုးစားလျက်ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် ယင်းနှင့်တွေ့ဆုံခဲ့သည့် တရုတ်သမ္မတ ဇီကျင်ပင်းကလည်း မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ကူညီမည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Hiroto Izumi အား မနေ့က နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။
KHTun
The Ladies News

No comments: