Saturday, August 20, 2016

“ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးသန်းစိုးနိုင် နှင့် မေးမြန်းချက်”

ငြိမ်းချမ်းရေးအောင်မြင်ဖို့ တပ်မတော်အနေနဲ့ သီးသန့်သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့လုပ်ဖို့ထက် နိုင်ငံတကာ သဘောတရားအမြင်တွေ မြင်တတ်ဖို့လိုတယ်
 
20 August 2016
 
|| အင်တာဗျူး ||
 
“ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးသန်းစိုးနိုင် နှင့် မေးမြန်းချက်”
 
မေးမြန်းသူ - စိုင်းဟန်
ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်မှ မြစ်ဆုံကိစ္စ ညှိနှိုင်းအဖြေရှာရေး သဘောတူညီချက်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွင် သူတတ်နိုင်သည့်ဘက်က ကူညီသွားမည်ဟု ပြောဆိုခဲ့ပါသည်။ ၂၁ ပင်လုံစတင်ရန် နီးကပ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည် ၊ တရုတ်-မြန်မာနယ်စပ်မှ လက်နက်ကိုင် ပဋိပက္ခများအတွက် ဖြေရှင်းနိုင်မှု လမ်းကြောင်းပေါ်လာမည်ဟု ထင်မြင်ချက် ပေးနေသော်လည်း တပ်မတော်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးခင်ဇော်ဦးက ကိုးကန့် ၊ တအာင်းပလောင်နှင့် အေအေ ရခိုင်အဖွဲ့များမှာ လက်နက်စွန့်ရန် ဆန္ဒရှိကြောင့် ကြေညာချက်ထုတ်ပြန်မှသာ ညီလာခံတက်ခွင့်ရမည်ဟု ဆိုလာပြန်ပါသည်။
ယမန်နှစ်ကလည်း အဆိုပါ အဖွဲ့ ၃ ဖွဲ့ပါဝင်မှုနှင့် ပတ်သက်၍ အငြင်းပွားခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်တွင် အဖွဲ့ ၈ ဖွဲ့သာ ပါဝင်နိုင်ခဲ့ပါသည်။ တပ်မတော်မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးအနေဖြင့် ပြောဆိုခဲ့မှု အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့် ဆက်စပ်၍ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့ အလားအလာ ရှိသည်ကို တရုတ် - မြန်မာ ဆက်ဆံရေးနှင့် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ကို The Ladies မှ ဆက်သွယ်မေးမြန်းထားပါသည်။
*** *** ***
မေး - ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားတဲ့ခရီးစဉ်မှာ သူ ဟိုမှာဆွေးနွေးခဲ့တာတွေကို ကြည့်ရင် ဘယ်လိုအနေအထား ရောက်နေပါသလဲ ခင်ဗျ။
ဖြေ - ကျွန်တော်တော့ ခြုံငုံပြီးသုံးသပ်ရရင် အောင်မြင်တဲ့ ခရီးစဉ်တစ်ရပ်လို့ ယူဆပါတယ်။
မေး - ဘယ်အချက်တွေကြောင့် အောင်မြင့်တဲ့ခရီးစဉ်လို့ ယူဆရပါသလဲခင်ဗျ။
ဖြေ - တစ်ခုကတော့ ဒီတရုတ်-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းပြီးတော့ ဆောင်ရွက်သွားဖို့ ကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူတဲ့လက္ခဏာကို တွေ့ရပါတယ်ခင်ဗျ။ ဒီထဲမှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ ကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကို နှစ်ဦးနှစ်ဖက် သင့်တင့်လျှောက်ပတ်စွာ ဖြေရှင်းနိုင်ဖို့အတွက် ကော်မရှင်ဖွဲ့တဲ့အကြောင်း တစ်စုံတစ်ရာ ဖြေရှင်းမယ့်အကြောင်း ဆွေးနွေးပွဲမှာ ပြောဆိုသွားတာ ရှိပါတယ်။
မေး - တံတားဆောက်ပေးမယ် ဆိုတဲ့ကိစ္စကလည်း မဟာဗျူဟာအရ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ကိစ္စထဲမှာ ပါဝင်တယ်လို့ ပြောနိုင်မလား။
ဖြေ - ကွမ်းလုံတံတားရယ်။ ဆေးရုံကြီးနှစ်ခုရယ်။ ကွမ်းလုံတံတားကလည်း ချင်းရွှေဟော်ကနေပြီးတော့ တရုတ်- မြန်မာ နယ်စပ်ဂိတ်တစ်ခုကို တရုတ်ပြည်ဘက်ကနေ လူ နှစ်သန်းလောက် လာရောက် လည်ပတ်ကြည်ရူနိုင်တဲ့ အနေအထားလောက် ဖြစ်စေနိုင်တယ်လို့ ထင်တယ်။ အဲ့ဒီဘက်ကနေ မူဆယ်လမ်းကြောင်းကလည်း အတော်လေး နိုင်ငံခြားခရီးသည်တွေ ၀င်ရောက်နိုင်အောင် အဆင်ပြေအောင်လို့ တိုးချဲ့နိုင်မယ်လို့ ယူဆပါတယ်။
မေး - အခု ရှီကျင်းပင်က one Belt, one road ကိစ္စလုပ်နေတယ်လို့ သိရတယ်။ ဒီတစ်ခေါက် ခရီးစဉ်မှာလည်း အဲ့ဒီကိစ္စအပေါ် အရိပ်အမြွက် ပြောဆိုသွားတာမျိုးကော ရှိသလားခင်ဗျ။
ဖြေ - ဟုတ်ကဲ့ သူကပြောပါတယ်။ သူတို့ရဲ့ဒီ one Belt, one Road ကိစ္စမှာ မြန်မာနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မဟာဗျူဟာအရ အရေးကြီးတယ်လို့ သူကပြောတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ယူဆတာပေါ့။ မြစ်ဆုံကိစ္စမှာကိုလည်း ပြေလည်အောင် ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ မြစ်ဆုံထက် ပိုအရေးကြီးတဲ့ ကျောက်ဖြူစီမံကိန်းက သူရဲ့ one Belt ,one Road စီမံကိန်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဒီကိစ္စကို နှစ်ဦးနှစ်ဖက် ပူးပေါင်းဖြေရှင်းမယ်ဆိုရင် တရုတ်ပြည်အတွက်လည်း သူရဲ့မဟာဗျူဟာ ရည်မှန်းချက် အောင်မြင်တယ်။ မြန်မာပြည်နဲ့လည်း မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတွေ အဆင်ပြေသွားလို့မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်မှန်းပါတယ်။
မေး - ဆွေးနွေးပွဲမှာပေါ့၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အကူအညီ ပေးမယ်ဆိုပြီး တရုတ်သမ္မတ ရှီကျင်းပင်က ကတိပေးတယ်လို့ ဆိုတယ်။ အဲဒီ အနေအထားက မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခနဲ့ တိုင်းရင်းသားအရေး ဖြေရှင်းဖို့ ဘယ်လောက် အရေးပါပါသလဲ။
ဖြေ - မြန်မာပြည်မှာ အခုကမြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေက ဖြစ်နေတယ်။ ဖြစ်နေတဲ့သူတွေက KIA ၊ ပလောင်အဖွဲ့၊ အေအေအဖွဲ့ ကိုးကန့်အဖွဲ့တွေ ဖြစ်နေတာဖြစ်တယ်။ အဲ့ဒီအဖွဲ့တွေရဲ့ အင်အားရေသောက်မြစ်က “၀” မြေ UWSA နဲ့ အဆက်အစပ်ရှိတယ်လို့ ပြောလို့ရတယ်။ အဲ့လိုအခြေအနေမှာ အခု UWSA က တကယ်လို့ ပင်လုံညီလာခံ မတက်ရောက်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားလုံးပါဝင်ရေးမူဟာ အတော်လေး ထိခိုက်သွားနိုင်ပါတယ်။ ဘာကြောင့်ဆိုရင် UWSA ကို မတက်လို့ရှိရင် မိုင်းလားလည်း တက်ဖို့ အခက်အခဲရှိပါတယ်။ နောက် ပလောင်တို့ TNLA တို့ ကိုးကန့်တို့ AA ရခိုင်အဖွဲ့တွေလည်း တက်ရောက်နိုင်မယ် မထင်ပါဘူး။ မြောက်ပိုင်းမှာ အရေးပါတဲ့ အင်အားစု တော်တော်များများက ပင်လုံညီလာခံမှာ ပါဝင်မှုမရှိတာ ဖြစ်သွားနိုင်တယ်။ အဲ့ဒါအပြင် ပိုဆိုးတဲ့ကိစ္စက အဲ့ဒီမှာဖြစ်နေတဲ့ ၂၀၁၁ ခုနှစ်က စပြီးဖြစ်နေတဲ့ တိုက်ပွဲတွေက NCA လက်မှတ်ရေးထိုးထားလည်း မရပ်ဘဲနဲ့ ဆက်ပြီးတော့ ဖြစ်ပွားနိုင်တဲ့ အလားလာရှိပါတယ်။ ဒီနေ့ KIA ဒေသမှာ၊ SSPP ရှမ်းပြည်ဒေသမှာ TNLA ပလောင်ဒေသမှာ ဒုက္ခသည်ပေါင်း ၁ သိန်းနဲ့ ၅ သောင်းရှိပါတယ်။ ဒါတွေဆက်ဖြစ်နေရင် ဒုက္ခသည်တွေက ပိုများလာမှာပါ။ နောက်တစ်ခုက တရုတ်-မြန်မာ စီးပွားရေးဆက်သွယ်မူ လမ်းကြောင်းဖြစ်တဲ့ မူဆယ် လမ်းကြောင်း ကလည်း ခြိမ်းခြောက်ခံရမယ့် အနေအထားမှာ ရှိနေပါတယ်။ အဲ့ဒီတော့ ဒီပင်လုံညီလာခံအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေပဲချုပ်ချုပ် ဒီဖြစ်စဉ်က ရပ်မှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပင်လုံညီလာခံနဲ့အတူ ငြိမ်းချမ်းတည်ငြိမ်တဲ့ နိုင်ငံတစ်ခု တည်ဆောက်ရေးဆိုတာဟာ တော်တော်လေး အခက်အခဲ ရှိပါတယ်။ အဲ့ဒီအခက်အခဲမှာ အချက်အခြာကျတာက UWSA ဖြစ်ပါတယ်။ UWSA နဲ့ AA ၊ မိုင်းလား အဲ့ဒီဒေသက အင်အားစုတွေက တရုတ်ပြည်နဲ့ မလွဲမရှောင်သာ ဆက်ဆံရပ်တည်နေရတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် ကိုးကန့်နဲ့ တပ်မတော် တိုက်ပွဲတော်တော်လေးကို ပြင်းထန်တယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် တရုတ်ပြည်ထဲမှာ ထိခိုက်မှုတွေ ဖြစ်လာတဲ့အချိန်မှာ တရုတ်ပြည်ကနေပြီးတော့ ကိုးကန့်အဖွဲ့ကို တစ်ဖက်သတ်စစ်ရပ်စဲဖို့ တိုက်တွန်းတဲ့အခါမှာ ကိုးကန့်က လိုက်လျောတာ တွေ့ရတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစုပင်လုံ အောင်မြင်ရေး အားလုံးပါဝင်နိုင်ရေး တရုတ်ပြည်အနေနဲ့ UWSA ကို တိုက်တွန်းမယ်ဆိုရင် အားပေးမယ်ဆိုရင် သူတို့ မလွဲမရှောင်သာ လက်ခံမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်က ၂၁ ရာစုပင်လုံညီလာခံ အပြည့်အ၀ အောင်မြင်မှုရရှိရေးအတွက် အရေးကြီးတယ်။
မေး - ငြိမ်းချမ်းရေးမှာ တပ်မတော်က အရေးကြီးတယ်လို့ ဆိုသူတွေလည်း ရှိတယ်။ ငြိမ်းချမ်းရေး အောင်မြင်ဖို့ တရုတ်ဘက်က အရေးသာလား ဒါမှမဟုတ် တပ်မတော်ဘက်က ပိုပြီးအ ခရာကျလား။ ဘယ်က ပိုအရေးကြီးတယ်လို့ ဆရာမြင်ပါသလဲ ခင်ဗျ။
ဖြေ - အဓိက အခရာကျတာကတော့ တပ်မတော်ဘက်က အခရာကျတာပေါ့။ ဒါပေမယ့် တပ်မတော်အနေနဲ့ သီးသန့် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဖို့ထက် နိုင်ငံတကာ သဘောတရားအမြင်တွေ မြင်တတ်ဖို့ သူ့အနေနဲ့ လိုအပ်ပါတယ်။ ဒီဟာကတော့ ကိုးကန့် ဒီနေ့အခြေအနေက ထင်ဟတ်စေပါတယ်။
မေး - အခုလို အခြေအနေမျိုးမှာပေါ့၊ မနေ့က ငြိမ်းချမ်းဆွေးနွေးတဲ့ ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီနဲ့ အင်တာဗျူးမှာ ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ လက်နက်ကိုင်တွေကို ဆွေးနွေးပွဲဆိုတာ တောင်ပြုံးပွဲလို လွယ်လွယ်သွားလို့ မရဘူးဆိုပြီး ပြောခဲ့တာရှိတယ်။ ဒီလိုမျိုးပြောဆိုလိုက်တဲ့ အချက်ကိုကြည့်ရင် ငြိမ်းချမ်းဆွေးနွေးပွဲ လုပ်မယ့်ကိစ္စအပေါ် အခက်အခဲ ဖြစ်သွားစေနိုင်ပါသလား။
ဖြေ - အခက်အခဲတွေ ဖြစ်စေနိုင်တာတော့ သေချာတာပေါ့ခင်ဗျား။ အခု ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံမှာ အားလုံးပါဝင်ရေးမူနဲ့ လုပ်နေတာ။ သို့သော် ဒီတပ်မတော်ဘက်က ကျတော့ အဖွဲ့အစည်း သုံးဖွဲ့ပေါ့၊ ပလောင် ၊ ကိုးကန့် ၊ ရခိုင်တပ်ဖွဲ့ အဲ့ဒီသုံးဖွဲကိုတော့ ဦးခင်ဇော်ဦးကပဲ တောင်းဆိုခဲ့တာပါ။ တစ်ခုကတော့ လက်နက်စွန့်ဖို့ ၊ နောက်တစ်ခုကတော့ သူတို့ ပြီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ဖို့ကိစ္စ တောင်းဆိုခဲ့တယ်။ ဒါ မိုင်းလားဆွေးနွေးပွဲမှာ ပေါ့နော်။ ဒါပေမယ့် အဲ့ဒီလို တောင်းဆိုမူကိုတော့ သူတို့အဖွဲ့အစည်း သုံးဖွဲ့က လက်ခံပုံမရဘူး။ သူတို့က ၂၁ ရာစုပင်လုံကို တက်ချင်တဲ့ဆန္ဒရှိတယ်။ နောက်တစ်ခုက NCA နဲ့ လက်မှတ်ထိုးဖို့အသင့်ပဲ။ ဒါကြောင့်လည်း ဆွေးနွေးပွဲတွေမှာ သူတို့ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် တပ်မတော်ကနေပြီးတော့ ခုနက တောင်းဆိုချက်နှစ်ရပ်ကို ဆက်လက် တောင်းဆိုနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီးတော့ တုံ့ပြန်ခဲ့တယ်။ ဒါက တပ်မတော် အစိုးရအပေါ်မှာ အခြေတည်တယ်။ ဒါပေမယ့် တရုတ်ပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှီကျင်းပင် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှာတော့ အခုနောက်ဆုံး တက်လာတဲ့ သတင်းတွေအရ UWSA လည်း ၂၁ ရာစုပင်လုံတက်မယ်။ နောက်ပြီးတော့ အဖွဲ့အစည်း ၃ ဖွဲ့လည်း တကယ်လို့ သူတို့ကို ဖိတ်ကြားလို့ရှိရင် တက်မယ်လို သဘောထား ထုတ်ပြန်ခက်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ တရုတ်ပြည်ရဲ့ တိုက်တွန်းမှု တစ်စုံတစ်ရာ ပါနေမလားဆိုပြီး စဉ်းစားပါတယ်။
မေး - ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် တရုတ်ရောက်တဲ့ အချိန်မှာပဲ အဖွဲ့သုံးဖွဲ့ကနေပြီးတော့ စာထုတ်ခဲ့တာ ရှိတယ်။ ဒါပေမယ့် အဲ့ဒီနေ့မှာပဲ ကချင်ပြည်နယ်ဘက်မှာပဲ တိုက်ပွဲဖြစ်ပေါ်တဲ့ သတင်းတွေကြားကတယ်။ ဒီလိုဖြစ်တဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လို ထင်မြင်ယူဆပါသလဲ ခင်ဗျ။
ဖြေ - အဲ့ဒီပြသ၁နာတွေက အရင်တုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ အစိုးရတပ်မတော် အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ အဆက်ပဲ။ ဆိုလိုတာကတော့ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖွဲ့ထားတဲ့ အဖွဲ့တွေထဲက နောက်ပိုင်း တောင်ပိုင်းမှာရှိတဲ့ အဖွဲ့တွေက နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့ထားတော့ ထိန်းနိုင်တယ်။ ဒါပေမယ့် မြောက်ပိုင်းမှာရှိနေတဲ့ KIA နဲ့အခြားလက်နက်ကိုင် အဖွဲ့တွေကျတော့ သူတို့ကြားမှာ ထိန်းညှိပေးနိုင်တဲ့ ကော်မတီတွေ မဖွဲ့ရသေးဘူး။ ဒီဟာတွေကလည်း ၂၁ ရာစုပင်လုံကို သူတို့ဆက်ပြီးတော့ တက်မလား၊ မတက်မလား၊ တက်ခွင့်ရမလား ဆိုတာ မသေချာသေးတဲ့အောက်မှာ ဆက်ဖြစ်နေတာပေါ့။ တကယ်လို့ တက်ခွင့်ရပြီ ဆွေးနွေးခွင့် ကျပြီဆိုရင် နှစ်ဖက်ညှိနှိုင်း ကွပ်ကွဲရေးအဖွဲ့တွေက မြောက်ပိုင်းမှာ ဖွဲ့နိုင်မှာဖြစ်တယ်။ ဒါမှစစ်ရေးပဋိပက္ခတွေက ထိန်းချုပ်သွားနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ ပထမဦးဆုံး အားလုံး သူတို့ ၂၁ ရာစုငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ခွင့်ရဖို့က အရေးကြီးပါတယ်။
မေး - ဒါဆိုရင် သြဂုတ် ၃၁ ရက်နေ့မှာစတင်မယ့် ၂၁ ရာစုပင်လုံညီလာခံကို အားလုံးပါဝင် တက်ရောက်ခွင့်ရဖို့က တကယ့်ကို အရေးကြီးတဲ့ကိစ္စလို့ ပြောနိုင်မလား။
ဖြေ - ဟုတ်ပါတယ်။ NCA ကတော့ ဒုတိယပြသ၁နာ ဖြစ်တယ်။ အဲ့မှာလည်း တက်ရောက်ပြီးတော့ အားလုံးပြောဆိုကြ၊ ဆွေးနွေးကြရင်လည်း NCA လက်မှတ်ထိုးဖို့လည်း သိပ်တော့ အခက်အခဲမရှိပါဘူး။ ဘာဖြစ်လို့ဆိုရင် “၀” မိုင်းလားနဲ့က ၁၉၇၄ ခုနှစ် ငြိမ်းချမ်းရေးယူပြီး ကတည်းက တစ်ခါမှ အတိုက်အခိုက် မဖြစ်ခဲ့ဘူး။ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းထားနိုင်တယ်။ နောက်ပြီးတော့ UNFC ထဲက NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေကလည်း NCA ကို ရေးဆွဲတဲ့နေရာမှာ အားလုံးပါဝင်ခဲ့ကြတာပါပဲ။ တပ်မတော်ကနေပြီးတော့ ဒီအဖွဲ့ သုံးဖွဲ့လုံး မပါရဘူး သဘောထားကြောင့် အခုအခက်အခဲ ဖြစ်နေတာဖြစ်တယ်။ အဲ့ဒါတွေ ပြေလည်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းနိုင်မယ်ဆိုရင် အားလုံးပါဝင်ရေးဟာ ဖြစ်လာနိုင်မှာ ဖြစ်တယ်။
- ဟုတ်ကဲ့အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …
စိုင်းဟန်
The Ladies News

No comments: