Saturday, August 27, 2016

ငလျင်ဒဏ်ကြောင့် ပုဂံဒေသ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများတွင် တန်ဖိုးမဖြတ်နိုင်သော နံရံဆေးရေး ပန်းချီ၊ အင်္ဂတေ ပန်းလက်ရာနှင့် စဥ့်ကွင်း လက်ရာများ ဆုံးရှုံးခဲ့

ငလျင်ဒဏ်ကြောင့် ပုဂံဒေသ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများတွင် တန်ဖိုးမဖြတ်နိုင်သော နံရံဆေးရေး ပန်းချီ၊ အင်္ဂတေ ပန်းလက်ရာနှင့် စဥ့်ကွင်း လက်ရာများ ဆုံးရှုံးခဲ့

ငလျင်ဒဏ်ကြောင့် အင်္ဂတေပန်းနှင့် စဥ့်ကွင်းလက်ရာများ ထိခိုက်ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသမှ တရုတ်ပြေးဘုရားအား သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် သြဂုတ် ၂၄ ရက် ညနေပိုင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအနက် တန်ဖိုးမဖြတ်နိုင်သည့် နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းနှင့် စဥ့်ကွင်းလက်ရာများလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

“အနုပညာလက်ရာ မြောက်တာတွေကတော့ အင်္ဂတေပန်းလက်ရာတို့ ပန်းချီလက်ရာတို့ နောက် စဥ့်ကွင်းလက်ရာတွေ ပါသွားတာပေါ့။ ဒါတွေက အနုပညာ တန်ဖိုးမြင့်တဲ့ လက်ရာတွေပါ။ စူဠာမဏိတို့ အင်္ဂတေပန်းလက်ရာကောင်းတဲ့ တရုတ်ပြေးတို့၊ တရုတ်ပြေးဆိုရင် စဥ့်ကွင်း၊ စဥ့်ချပ်တွေလည်း ပါတယ်။ ပြီးတော့ ဘုရားသုံးဆူတို့ သမ္ဘူလတို့လည်း နံရံဆေးရေး ပန်းချီတွေ ပါသွားတယ်။ အာနန္ဒာ အုတ်ကျောင်းဆိုလည်း နံရံဆေးရေး ပန်းချီတွေ ပါသွားတယ်။ လောကဥသျှောင်တို့၊ မြင်းကပါဂူပြောက်ကြီးတို့ နံရံပန်းချီ နည်းနည်းပါသွားတယ်။ ၀က်ကြီးအင်းဂူပြောက်ကြီးလည်း နည်းနည်းပါသွားတယ်။ ပြုတ်ကျတာကိုး။ အဲဒါတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာ လက်ရာတွေပေါ့။ ပုဂံခေတ် လက်ရာတွေ ပါသလို အာနန္ဒာ အုတ်ကျောင်းဆိုရင် ကုန်းဘောင်ခေတ် လက်ရာတွေပါ” ဟု ရှေးဟောင်းသုတေသန ဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင်လည်း ပုဂံရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် Bagan Heritage Trust အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူးတာဝန် ယူထားသည့် ဦးမျိုးညွန့်အောင်က ပြောကြားသည်။  

“အဓိကတော့ Conservation အတိုင်း ပြုပြင်ဖို့ပါပဲ။ ဒီအဟောင်း ပြုပြင်တယ်ဆိုရင် ရေပိတ်လွှာ လောင်းတာတို့ အနားသတ်ကြားသိပ်တွေ သေချာစနစ်တကျ လုပ်တာတို့။ ထောင့်ချုပ်တွေမှာ ကွန်ကရစ်တွေ ဘာတွေ ထည့်အုတ်နဲ့ ချုပ်တာတွေဟာ ငလျင်ဒဏ်ကို ခံနိုင်တာပေါ့။ တောင်ဂူနီတို့၊ လောကထိပ်ပန်တို့မှာ ထောင့်ချုပ်တွေ ရှိပါတယ်။ အဲဒါတွေက ငလျင်ဒဏ်ခံပါတယ်။ အခုငလျင်မှာလည်း မပါဘူး။ စူဠမဏိဆိုရင် နဂိုအဟောင်းနဲ့ အသစ်ကွန်းတောင် ဘိလပ်မြေတွေ ထည့်သုံးထားတယ်။ အဲဒီမှာ အတုံးလိုက် ပြိုကျတယ်။ အဟောင်းနဲ့အသစ် တွဲပြီး ပါသွားတာပေါ့။ Conservation method ကထုံးရယ်၊ သဲရယ်၊ အုတ်နီမှုန့်ရယ်ပဲ။ ဘိလပ်မြေ မသုံးသင့်ဘူး” ဟု ဦးမျိုးညွန့်အောင်က ပြောကြားသည်။

ပုဂံဒေသတွင် နံရံဆေးရေး ပန်းချီပေါင်း စတုရန်းပေ နှစ်သိန်းခွဲခန့် ရှိကြောင်း သုတေသန ပညာရှင်များ၏ မှတ်တမ်းများအရ သိရှိရပြီး အရှေ့တောင်အာရှတွင် အကောင်းဆုံး လက်ရာများဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

“စူဠာမဏိ ဘုရားက ၇၅ ခုနှစ်နောက်ပိုင်းမှာ ပြုပြင်ထားတဲ့ ကွန်းတောင်ကြီးက ပြိုကျသွားတယ်။ အဲဒီ ပြိုကျသွားတဲ့ အုတ်အပိုင်းအစတွေ အားလုံးဟာ original ဘုရားကြီးရဲ့ အရှေ့ဘက်က အပိုင်းအစတွေ အတော်များများကို ဖျက်ဆီးပစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွေ့အကြုံအရတော့ ဒီတစ်ခါများ ပြန်လည်ပြုပြင်မယ်ဆိုရင် အဲဒီလို အကြီးကြီးတွေ မပြုပြင်စေချင်ပါဘူး။ ရှိနေတဲ့ အတိုင်းလေးပဲ ထိန်းသိမ်းပြုပြင်တာလေးတွေ ဖြစ်စေချင်ပါတယ်။ နှမြောဖို့ ကောင်းတာက တရုတ်ပြေးဘုရားမှာလည်း ကွန်းတောင်အသစ်ကြီးကနေ ပြီးတော့ original အင်္ဂတေပန်းတွေ၊ စဥ့်ကွင်းအုတ်ချပ်တွေ အားလုံး ဖျက်ဆီးပစ်ပါတယ်။ တအားကို အပျက်အစီး များပါတယ်” ဟု Bagan Heritage Trust အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောကြားသည်။
Writer: 
ကိုနော် (ပုဂံ)
 

No comments: