Wednesday, August 3, 2016

အဏုမြူလက်နက်နဲ့ ငြိမ်းချမ်းရေး

အဏုမြူလက်နက်နဲ့ ငြိမ်းချမ်းရေး
|| ဒေါက်တာခင်မောင်ညို ||
 
3 August 2016
 
တကယ်တော့ အဏုမြူလက်နက်နဲ့ ငြိမ်းချမ်းရေးဆိုတာ ဆန့်ကျင်ဘက်နှစ်ခုပါပဲ။ ဒါပေမဲ့ ယနေ့မှာ အဏုမြူလက်နက်ကြောင့် စစ်ပွဲတွေ ကြီးကြီးကျယ်ကျယ်မဖြစ်တာလို့ အချို့လူတွေက ဆိုနေတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ အဏုမြူလက်နက်ဟာ လူတွေတကယ်ပဲ လိုပါသလား၊ ဒါမှမဟုတ် အဏုမြူလက်နက်ကို ဖျက်ဆီးပစ်သင့်ပါသလား။ အမျိုးမျိုး ငြင်းခုန်နေကြတယ်။
ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကတော့ “ကျွန်တော့်ဘ၀မှာ ကြီးမားတဲ့အမှားတစ်ခုပဲ လုပ်ဖူးပါတယ်။ အဲဒါကတော့ သမ္မတကို အဏုမြူဗုံးထုတ်ဖို့ တိုက်တွန်းမိလိုက်တာပဲ” လို့ ပြောသွားခဲ့တယ်။ သူဟာ နိုင်ငံရေး ပရိယာယ်ကို ကြောက်လွန်လွန်းလို့ စစ်အပြီး အစ္စရေးနိုင်ငံကို တည်ထောင်တဲ့အခါ သူ့ကို သမ္မတခန့်ဖို့ ဆွေးနွေးနေတာကို လုံးဝ လက်မခံခဲ့ပါဘူး။
*** ၁ ***
ကမ္ဘာတည်စကတည်းက လူတွေဟာ စစ်တွေနဲ့ နေထိုင်ခဲ့ကြတယ်။ လူတွေ အကြောက်ရဆုံးကတော့ လူတွေကိုပါပဲ။ ယနေ့ခေတ်မှာတော့ ငြိမ်းချမ်းခြင်းနှင့် ပေါင်းစည်းခြင်းတွေ လိုအပ်တယ်ဆိုတာကို သဘောပေါက်လာကြတယ်။ ဒါပေမဲ့ စစ်ကိုလိုလားတဲ့ အနည်းစုတော့ ကျန်နေသေးတယ်။
စစ်ဟာ အရာရာကို ပျက်စီးစေတယ်။ အဆောက်အအုံတွေ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံမကဘူး စိတ်ဓာတ်လည်း ပျက်စီးစေတာပါပဲ။ တကယ်တန်း စစ်ဆိုတာ ဘာကိုမှ အကျိုးမပြုဘူး။ စစ်ပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လိုဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် သတ်တာက စစ်ပွဲရဲ့ ဦးတည်ချက် ဖြစ်နေတယ်။ မိမိလိုချင်တာရဖို့ သတ်နေကြတယ်။
သိပ္ပံပညာဟာ စစ်ပွဲတွေနဲ့ အများကြီး ဆက်စပ်နေတယ်။ သိပ္ပံပညာတိုးတက်လေလေ လက်နက်တွေက ကောင်းလေလေဆိုသလို ဖြစ်ခဲ့တယ်။ လက်နက်ကောင်းကောင်း ဆိုတာ လူများများကို သတ်နိုင်တာကို ခေါ်တာပါပဲ။ တကယ်လည်း ဒုတိယကမ္ဘာစစ်အတွင်းက လူအများဆုံးကို အသေသတ်နိုင်တဲ့ အဏုမြူဗုံးလက်နက်ကို အမေရိကန်က သုံးခဲ့သည်။ ဒီအတွက်ကြောင့် စစ်ကြီးပြီးသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
*** ၂ ***
ဒုတိယကမ္ဘာစစ်ကြီး ပြီးလုပြီးခင် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်တို့ရဲ့ Little Boy လို့ အမည်ရတဲ့ အဏုမြူဗုံးကို ဟီရိုရှီးမားမှာ ကြဲချခဲ့ပါတယ်။ ချက်ချင်းဆိုသလို လူရှစ်သောင်းကနေ တစ်သိန်းလေးသောင်းအကြား သေဆုံးသွားတယ်။ နောက်ထပ် လူတစ်သိန်းကျော်ဟာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားတယ်။ ဒါဟာ အဏုမြူခေတ်ထဲကို စတင်ဝင်ရောက်တယ်လို့ သတ်မှတ်တဲ့နေ့ပါပဲ။
စာရေးဆရာကြီး H.G Well က သူရဲ့နော်တီလပ်စ်ဆိုတဲ့ ရေငုပ်သင်္ဘောဟာ ရေအောက်မှာ နှစ်ပေါင်းများစွာ (အဏုမြူစွမ်းအင်နဲ့) ရွေ့လျားသွားလာနိုင်တဲ့အကြောင်းကို ရေးခဲ့ပါတယ်။ အဲဒီခေတ်က အဏုမြူစွမ်းအင် မပေါ်ပေါက်သေးပါဘူး။ သူ့ရဲ့စိတ်ကူးယဉ် အိပ်မက်ဟာ နောက်ပိုင်းမှာ တကယ့်ကို အကောင်အထည်ဖော်နိုင်လာခဲ့တယ်။ အမေရိကန်တို့ရဲ့ ပထမဆုံး အဏုမြူရေငုပ်သင်္ဘောကို Nautilus လို့ပဲ အမည်ပေးခဲ့ပါတယ်။
လူသားတွေဟာ အက်တမ်ရဲ့ သဘောသဘာဝကို သေသေချာချာ နားလည်ပြီးနောက် အက်တမ်ဆီက စွမ်းအင်ကို ထုတ်ယူအသုံးချနိုင်ခဲ့တယ်။ အက်တမ်ရဲ့ စွမ်းအင်ဟာ အင်မတန်ကြီးမားလှတယ်။ အက်တမ်တွေ ဒြပ်ထုကနေ စွမ်းအင်ပြောင်းလဲပုံ ညီမျှခြင်းဖြစ်တဲ့ E = MC2 ဆိုတဲ့ ညီမျှခြင်းနဲ့ ၁၉၀၅ ခုနှစ်က ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းက ထုတ်ဖော်ခဲ့ပါတယ်။ m ဟာ ဒြပ်ဖြစ်ပြီး c ဟာ အလင်းရဲ့ အလျင်ဖြစ်တယ်။ ( c ) ရဲ့ တန်ဖိုးကြီးမားလေတော့ ( 299,792,458 meters per second ) သူ့ရဲ့ ထပ်ကိန်းတန်ဖိုးဟာ အင်မတန်ကြီးမားလှပါတယ်။ ဒါကြောင့်လည်း အဲဒီအက်တမ်တွေမှာရှိတဲ့ စွမ်းအင်တွေဟာ အဆမတန်ကြီးမားတဲ့ စွမ်းအင်ကိုရရှိတာပဲ ဖြစ်တယ်။
ဒီစွမ်းအင်ကို လက်နက်အနေနဲ့ သော်လည်းကောင်း သို့တည်းမဟုတ် ဓာတ်ပေါင်းဖိုတွေမှာ စွမ်းအင်ထုတ်ဖို့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာ ဦးဆောင်တဲ့ နာဇီဂျာမနီတို့ဟာ ဥရောပကို လွှမ်းမိုးရန် ကြံစည်ကြပြီး ဂျူးလူမျိုးတွေကို စတင်နှိပ်ကွပ် သတ်ဖြတ်ခဲ့တယ်။ ဒီအတွက် အိုင်းစတိုင်း အပါအ၀င် ဂျူးအနွယ်များ၊ သိပ္ပံပညာရှင်အများဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိသွားတယ်။
နာဇီတွေ ဒီအက်တမ်ကို ဖြိုခွဲနိုင်ရင် စွမ်းအင်ထွက်လာနိုင်တဲ့အကြောင်း ကောင်းကောင်း သိပါတယ်။ အဲဒီကရတဲ့ စွမ်းအင်ဟာ ဗုံးလုပ်လို့ရတယ်ဆိုတာကို သိနေကြတယ်။ ဒီအတွက် သိပ္ပံပညာရှင်များကို စုစည်းပြီး အဏုမြူဗုံးကို စမ်းသပ်လုပ်ကိုင်စေတယ်။
*** ၃ ***
တကယ်လို့ အာဏာရှင် ဟစ်တလာသာ ဒီဗုံးကိုရသွားရင်တော့ အန္တရာယ်အင်မတန်ကြီးမှာပဲ။ ကမ္ဘာကြီးဟာ ဒုက္ခရောက်သွားနိုင်တယ်။ ဒါကိုသိတဲ့ အိုင်းစတိုင်းဟာ အဲဒီအချိန်က အမေရိကန် သမ္မတဖြစ်နေတဲ့ သမ္မတကြီး ရုစပဲ့ထံ စာရေးခဲ့ပါတယ်။ သူရဲ့စာထဲမှာ ဂျာမန်တွေဟာ ယူရေနီယံတွေကိုစုနေပြီး ဗုံးလုပ်ဖို့ ကြိုးစားနေပြီလို့ သတင်းအတိအကျကိုလည်း ဖော်ပြထားတယ်။ တကယ်တော့ ယူရေနီယံဟာ အဏုမြူစွမ်းအင်းထုတ်လုပ်ဖို့အတွက် အထူးအရေးပါတဲ့ ဒြပ်စင်ဖြစ်တယ်။ သဘာဝ ယူရေနီယံမှာ အိုင်ဆိုတုပ် နှစ်မျိုးပါဝင်တယ်။ အိုင်ဆိုတုပ်ဆိုတာ ဒြပ်စင်တစ်ခုတည်း တစ်မျိုးတည်းဖြစ်ပေမဲ့ အလေးချိန်မတူတဲ့ အက်တမ်တွေ ပါဝင်တဲ့သဘောကို ပြောတာဖြစ်တယ်။ အဏုမြူဗုံးအတွက် ပရောဂျက်ကို သမ္မတရုစပဲ့လက်ထက်မှာ စလုပ်ခဲ့ပေမဲ့လည်း သမ္မတ ထရူးမင်းလက်ထက်ရောက်မှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့တယ်။ ဒီစွမ်းအင်ဟာ အင်မတန်ကြီးမားတယ်။ အဖျက်အားလည်း ကြီးတာပေါ့။
၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ကချခဲ့တဲ့ Little Boy အဏုမြူဗုံးဟာ ဟီရိုရှီးမားတစ်မြို့လုံးကို ပြာပုံဖြစ်စေခဲ့သလို နဂါစကီမြို့မှာ သြဂုတ်လ ၉ ရက်နေ့က ချခဲ့တဲ့ Fat Man ဗုံးဟာလည်း လူပေါင်း ခုနစ်သောင်းကျော်ကို ချက်ချင်း သေစေပြီး တစ်မြို့လုံး မြေမှာ ပြားပြားဝပ်သွားစေပါတယ်။
စစ်ကြီးပြီးသွားပါတယ်။ ဒါပေမဲ့ လက်နက်တွေ တိုးချဲ့ စုဆောင်းကာ စစ်ပြင်ဆင်မှုတွေကတော့ ပြီးမသွားခဲ့ပါဘူး။ အဏုမြူလက်နက်ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံအများက တပ်ဆင်လာတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် ဖြစ်တဲ့ ကုလသမဂ္ဂ အမြဲတမ်းလုံခြုံရေးကောင်စီဝင် နိုင်ငံငါးနိုင်ငံလုံးမှာ အဏုမြူလက်နက်တွေ ရှိကြတယ်။
ပါကစ္စတန်၊ အိန္ဒိယနဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း အဏုမြူဗုံးတွေရှိကြတယ်။ ၂၀၀၅ ခုနှစ်က မြောက်ကိုရီးယားဟာလည်း သူ့ဆီမှာ အဏုမြူဗုံးရှိကြောင်း ကြေညာဖူးတယ်။ ဂျပန်မှာ အဏုမြူဗုံးနှစ်လုံး ကြဲချပြီးသည့်နောက်ပိုင်းမှာ အဏုမြူစစ်ပွဲ လုံးဝရပ်နေသလို ဖြစ်နေပါတယ်။ တကယ်လည်း အဏုမြူစစ်ပွဲသာ ဖြစ်ပွားခဲ့လျှင် ကမ္ဘာကြီးဟာ အဖတ်ဆည်လို့ မရအောင် ပျက်စီးမှာ အသေအချာပါပဲ။
*** ၄ ***
ဘာကြောင့်လဲဆိုတော့ ယနေ့ အဏုမြူဗုံးတွေဟာ ဟီရိုရှီးမားနဲ့ နဂါစကီမြို့တွေမှာ ချခဲ့တဲ့ ဗုံးတွေထက် အင်အား အဆပေါင်းများစွာ ပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေ ပါဝင်နေလို့ပါပဲ။ အဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး ကံအဆိုးဆုံးကတော့ ဂျပန်ပါပဲ။ သူဟာ အဏုမြူဗုံးဒဏ်သာမက အဏုမြူဓာတ်ပေါင်းဖို ပြိုပျက်မှုဒဏ်ကိုပါ ခံခဲ့ရတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် ဂျပန် ဆန်ဒိုင်းမြို့အနီး ဖူကူရှီးမားမှာ ဓာတ်ပေါင်းဖိုတစ်လုံး Meltdown ဖြစ်ခဲ့ရတယ်။ ဒါဟာ သမိုင်းမှာ ဒုတိယအဆိုးရွားဆုံးသော အဏုမြူဓာတ်ပေါင်းဖို ပြိုကွဲခြင်းပါပဲ။ ပထမအဆိုးရွားဆုံးကတော့ ဆိုဗီယက်ယူနီယံမှာ ဖြစ်ပေါ်ခဲ့တဲ့ ချန်နိဘိုင်းဓာတ်ပေါင်းဖို ပေါက်ကွဲမှုပါပဲ။ အဏုမြူဗုံးတွေဟာ ကမ္ဘာဖျက် လက်နက်တွေဖြစ်သလို အဏုမြူဓာတ်ပေါင်းဖိုတွေဟာလည်း လူသားတွေကို ခြိမ်းခြောက်နေတဲ့ နတ်ဆိုးကြီးတွေလို့ ပြည်သူတွေက မြင်နေကြပါတယ်။
လျှပ်စစ်စွမ်းအင် ငတ်မွတ်နေတဲ့ မြန်မာနိုင်ငံမှာလည်း အဏုမြူဓာတ်ပေါင်းဖို ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံအားလျော်စွာ ယနေ့တိုင်မဖြစ်မြောက်ခဲ့ပါဘူး။ အဏုမြူဗုံးဟာ ကြောက်စရာကောင်းလှပါတယ်။ ဟီရိုရှီးမားရဲ့ ဗုံးကျတဲ့နေရာမှာ အဏုမြူဗုံးချခဲ့တဲ့ ငြိမ်းချမ်းရေးအမှတ်တရ ပန်းခြံကို တည်ဆောက်ထားရှိတယ်။ ၁၉၄၉ ခုနှစ်ကစပြီး ဟီရိုရှီးမားကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အမှတ်တရဌာန (an international shrine of peace) အဖြစ် ဂျပန်တို့က သတ်မှတ်ခဲ့ပါတယ်။
*** ၅ ***
၂၀၀၆ ခုနှစ် ဧပြီလဆန်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဟီရိုရှီးမားကို တရားဝင် အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ ဟီရိုရှီးမားမြို့တော်ဝန်နဲ့ အစိုးရအဖွဲ့ဝင်များဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရ အကြီးအကဲများထဲမှ ဟီရိုရှီးမားကို ရောက်ခဲ့သူကတော့ ဂျွန်ကယ်ရီသာ ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက အမေရိကန် အစိုးရ အကြီးအကဲတွေဟာ ဟီရိုရှီးမားကို လာရောက်ဖို့ နောက်တွန့်ခဲ့ကြတယ်။
တကယ်လည်း ဒီနေရာဟာ လူပေါင်းတစ်သိန်းခွဲလောက်ရဲ့ အသက်ကို ချွေနုတ်ခဲ့တဲ့ နေရာပါပဲ။ ဒီအတွက် အမေရိကန်အစိုးရဟာ တာဝန်ရှိခဲ့ပါတယ်။ ဟီရိုရှီးမားပြတိုက်မှာ အဏုမြူဗုံးဒဏ်ခံရသူ အသီးသီးရဲ့ ဒုက္ခတွေကို ပြထားတယ်။ ဒီဓာတ်ပုံတွေကြည့်ပြီး ဂျွန်ကယ်ရီက သူ့အနေနဲ့ အင်မတန် စိတ်ထိခိုက်ရကြောင်း ပြောခဲ့ပါတယ်။
“လူတွေပဲ၊ ဒါတွေကိုမြင်တွေ့ရတဲ့အခါ ဘယ်သူက စိတ်မထိခိုက်ဘဲ နေပါ့မလဲ” လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။ ဟီရိုရှီးမားမှာ “အဏုမြူဗုံးအားလုံး ဖျက်ဆီးလိုက်ရင် မကောင်းဘူးလား” လို့ ဂျပန်အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။
ဒါက ဖြစ်နိုင်ဖို့ခက်တယ်။
လက်နက်တွေနဲ့ ငြိမ်းချမ်းပြီး ပေါင်းစည်းသွားဖို့ဆိုတာ ဖြစ်နိုင်ပါသလား။
နောက်ထပ်အဏုမြူဗုံးတွေကို လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အီရန်နဲ့ မြောက်ကိုရီးယားတို့ကို ကမ္ဘာကတော့ အပြင်းအထန် ရှုတ်ချနေတယ်။ အမှန်တော့ အဏုမြူစွမ်းအင်ဟာ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါတယ်။ အိုင်းစတိုင်းရဲ့ အက်တမ်တွေ ၊ ဒြပ်ထုကနေ စွမ်းအင်ပြောင်းလဲပုံ ညီမျှခြင်းဖြစ်တဲ့ E = mc2 ဆိုတဲ့ ညီမျှခြင်းအရ မီးရထားလက်မှတ် တစ်စောင်ကနေ စွမ်းအင်ထုတ်ယူနိုင်ရင် ကမ္ဘာတစ်ပတ် မီးရထားသွားဖို့ စွမ်းအင်ရပါတယ်။
လူတွေသတိပြုကြဖို့ပါ ။
ဒေါက်တာခင်မောင်ညို
The Ladies News

No comments: