Thursday, August 4, 2016

သဘာဝ ဘေးအန္တရာယ် ရေကြီးရေလျှံမှု များပြားလာနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ဘယ်လို ကုစားမလဲ -

သဘာဝ ဘေးအန္တရာယ် ရေကြီးရေလျှံမှု များပြားလာနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ဘယ်လို ကုစားမလဲ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ) 
 
4 August 2016
 ===============================================================
လွန်ခဲ့သော ၂၀၁၅ခုနှစ် မိုးရာသီကာလ ဇွန်၊ ဇူလိုင်လတွေမှာ မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းခန့် နေရာဒေသများမှာ မိုးကြီးမှု၊ မြစ်ရေတိုးရေလျှံမှုများ ခံစားခဲ့ကြရသည်ကို အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကလေးမြို့ဆိုရင် တစ်မြို့လုံးနီးပါး ရေမြုပ်ခံခဲ့ရပြီး၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းမြို့ အပါအ၀င် မြို့ငယ် အတော်များများမှာလည်း ရေကြီးမှု သဘာဝဘေး ဒုက္ခကို ကြုံခဲ့ကြရပါတယ်။
ထိုအချိန်က နိုင်ငံတစ်ဝှမ်းက ပရဟိတ ကူညီသူလူငယ်များ အင်နဲ့အားနဲ့ ပါဝင်လာခဲ့ကြပြီး ရန်ကုန် မန္တလေးလို မြို့ကြီးများရဲ့ လမ်းဆုံ၊ လမ်းမတွေပေါ်မှာ ရေဘေးကူညီမှုအတွက် အလှူခံနေခဲ့ရသည့် မြင်ကွင်းများကလည်း မှတ်မိနေကြဆဲပါ။ ယခုနှစ် ၂၀၁၆ခုနှစ် မိုးရာသီကာလ ဇွန်၊ ဇူလိုင်လများ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါပြီ။ ထူးခြားမှုအနေနဲ့ နှစ်ပေါင်း ၆၀ကျော် အာဏာရှင်စနစ်ဟောင်းကို ကျော်လွန်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီ လက်ထက် ဖြစ်နေခဲ့ပါပြီ။ နှစ်ပေါင်းများစွာ တိုးတက်မှု နောက်ကျခံခဲ့ရတဲ့၊ ဆင်းရဲခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်သည် စိတ်သစ်လူသစ်၊ စနစ်သစ် ခြေလှမ်းသစ်များ ချီတက်ကြတော့ မည့်ကာလဆိုလျှင် မှားမည်မထင်ပါ။ ၂၀၁၆ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြည်သူ့ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းရယူ ဦးဆောင်ခဲ့ပါသည်။ အစိုးရသစ် အနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းရယူ ဦးဆောင်ခဲ့ပါပြီ။ အစိုးရသစ် အနေနဲ့ တာဝန်ယူပြီး အချိန် သုံးလကျော်ခန့်အကြာ ဇွန်လ မိုးရာသီမှာ ၂၀၁၅ ခုနှစ်ကဲ့သို့ သဘာဝ ဘေးအန္တရာယ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်လာခဲ့ပါတယ်။
၂၀၁၅ခုနှစ်က နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းသော တိုင်းနှင့် ပြည်နယ်များမှာ ရေကြီးမှုခံခဲ့ရသလို ဒုတိယအကြိမ်အဖြစ် ယခုနှစ်မှာလည်း ရေကြီးရေလျှံမှုများ စတင်ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ လတ်တလော အခြေအနေမှာ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌ၀တီ၊ င၀န်မြစ်ရေများ တိုးနေကြောင်း ၄င်းမြစ်များရဲ့ မြို့ရွာအသီးသီးအပေါ် တည်ရှိနေတဲ့ စိုးရိမ်ရေအမှတ်တွေ ကျော်လွန်နေကြောင်း၊ မြစ်ကမ်းများအနီး အနိမ့်ပိုင်းကရွာတွေ၊ လယ်ကွင်းတွေ၊ လမ်းတွေ ရေဖုံးနေကြောင်း ပြည်သူများ၊ ကျောင်းသူ ကျောင်းသားတွေ ကားလမ်းကို အသုံးမပြုနိုင်တော့ဘဲ စက်လှေတွေနဲ့ သွားလာနေကြပြီဖြစ်ကြောင်း သတင်းများအရ သိရှိရပါတယ်။ ဇူလိုင်လ ၂၇ရက်နေ့ မန္တလေးတိုင်း မတ္တရာဘက်မှာ စက်လှေတစ်စင်း မှောက်လို့ ကျောင်းဆရာမတစ်ဦးနဲ့ တခြား လူနှစ်ဦး ပျောက်နေကြောင်း၊ သုံးရက်ခန့်ကြာမြင့်သည်အထိ ပြန်မတွေ့သေးကြောင်း ၀မ်းနည်းကြေကွဲဖွယ်ရာ ကြားသိမြင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ပထမပတ်ကလည်း ရခိုင်ပြည်နယ်ရှိ မြို့ရွာအများအပြား ရေကြီးမှုဘေး ဒဏ်ခံစားခဲ့ရကြောင်း သိရပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့မှ စတင်ပြီး ဧရာဝတီမြစ်ရေ တိုးမှုများဟာ မြန်မာနိုင်ငံ အထက်ပိုင်း မြို့ကြီးများနဲ့ မန္တလေးမြို့ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ၃၀၊ ၃၁ရက်များမှာ မြင်းမူမြို့ ရေကြီးလာခဲ့ပြီး မန္တလေးမြို့ကြီးရဲ့ အနိမ့်ပိုင်း နေရာများကိုလည်း ရေများဝင်ရောက်လာခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။ မိုးလေ၀သ ပညာရှင် ဆရာ ဦးထွန်းလွင်၏ သုံးသပ်ချက်များအရ တောင်တရုတ် ပင်လယ်ဘက်မှာ မုန်တိုင်းတွေ ဆက်တိုက်လိုလို တန်းစီဖြစ်နေပါတယ်။ တစ်နှစ်မှာ ပျမ်းမျှ ၂၉ လုံးဖြစ်တဲ့ဒေသဆိုတော့ မုန်တိုင်းတွေ လာတော့မှာပေါ့။ လက်ရှိဖြစ်နေတာက တစ်လုံး၊ နောက်ထပ်ဖြစ်ဖို့က တစ်လုံး၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းဘက်လည်း မုန်တိုင်းဖြစ်ဖို့ အလားအလာ ရာခိုင်နှုန်းတွေ မြင့်တက်လာနေပါတယ်။ သေချာပေါက် အားကောင်းလာဦးမယ့် မုတ်သုံရဲ့ ရှေ့ပြေးဖြစ်ပါလိမ့်မယ်။ ရခိုင်ကမ်းရိုးတန်း တလျှောက် မိုးတွေ၊လေတွေ၊ လှိုင်းတွေ တစ်ကျော့ပြန်ဦးမော့ လာပါလိမ့်ဦးမယ်။ မွန်၊ တနင်္သာရီဘက်မှာတော့ ဒီတစ်ပတ်အတွင်း မုတ်သုံလေ အားကောင်းဖို့ရှိနေပါတယ်။ ရေတွေက ဆက်တက်နေပါလိမ့်မယ်။ နောက်ထပ်မြစ်ရေတွေလည်း တိုးပြီးတက်လာပါဦးမယ်။ မြန်မာ ကမ်းရိုးတန်း တလျှောက်လေတွေ၊ လှိုင်းတွေ၊ မိုးတွေတိုးလာဖို့ ရှိနေပါတယ်။ ပင်လယ်ပြင် ကမ်းရိုးတန်း မိုးလေ၀သ အခြေအနေ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတွေ မိုးပိုလာနိုင်ပါတယ်။ ဇူလိုင်လ ၃၁ရက်နေ့မှ သြဂုတ်လ ၆ရက်နေ့အထိ ရက်သတ္တပတ်အတွက် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင် မုတ်သုံလေဟာ အားပြန်ကောင်းလာနိုင်ပါတယ်။ အထူးသဖြင့် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ် ပိုင်းဒေသတွေဖြစ်တဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဆက်စပ်ဒေသတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် (၃၁.၇.၂၀၁၆) ရက်နေ့မှ စတင်ကာ နောက်သုံးရက်၊ ငါးရက်၊ ခုနစ်ရက် ကာလအလိုက် မိုးရွာ သွန်းနိုင်မှုတွေကို လေ့လာတဲ့အခါ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသတွေမှာ မိုးကောင်းနိုင်ပြီး တစ်ပတ်အတွင်း မိုးရေချိန် အများဆုံး ၁၂-၁၄ လက်မခန့်အထိ ရရှိနိုင်ပါလိမ့်မယ်လို့ ခန့်မှန်းရရှိထားပါတယ်”လို့ ပြောဆိုထားပါတယ်။
ဒါကြောင့် နှစ်နှစ်တာ ရေကြီးရေလျှံမှု သဘာဝ ဘေးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ဥစ္စာ စီးပွားများစွာ ထိခိုက်ဆုံးရှုံးမှုများ ရှိနေခဲ့ပြီး နိုင်ငံတော် အနေနဲ့လည်း လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံနေကြရပါတယ်။ ယခင်က သစ်တောတွေ ဖုံးလွှမ်းနေတဲ့ တိုင်းပြည်ဖြစ်နေခဲ့ခြင်း၊ ကမ်းရိုးတန်းများမှ ရေကာလေကာ သစ်တောများ ရှိနေခဲ့ခြင်းစတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းထားနိုင်မှုများ ရှိနေခဲ့သော်လည်း စီမံခန့်ခွဲမှုမရှိ၊ ရေရှည် အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုမစိုက်သည့် အုပ်ချုပ်သူများ လက်ထက်၌ အဆမတန် သစ်ထုတ်လုပ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် အတားအဆီးများ ပျောက်ကွယ်ခဲ့ရပြီး မုန်တိုင်းများ လွယ်လင့်တကူ အကြိမ်ကြိမ် ၀င်ရောက်လာခဲ့ခြင်းများကို နာဂစ်မုန်တိုင်း တိုက်ခိုက်မှုဖြစ်စဉ်မှ စတင်ပြီး ယနေ့အချိန်ထိ ကြုံတွေ့ခဲ့ရပါတယ်။
ဒါအပြင် မြစ်ချောင်းများကို မလိုအပ်ပဲ ပိတ်ဆို့ကာ ဆည်များတည်ဆောက်ခြင်း၊ EIA စနစ်တကျ တွက်ချက်လေ့လာမှု မရှိဘဲ မြစ်ကူးတံတားများ တည်ဆောက်ခြင်း စတဲ့အကြောင်းတရားများကြောင့် ယနေ့ကာလမှာ နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌ၀တီ၊ င၀န်မြစ်များမှာ ရေကြီးရေလျှံမှုများ တိုး၍တိုး၍ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
ထို့ကြောင့် နှစ်စဉ် တစ်နှစ်တစ်နှစ် ဆိုးရွားလာနေသည့် သဘာဝ ဘေးအန္တရာယ် ရေကြီး ရေလျှံမှုများအပေါ် နိုင်ငံတော်အစိုးရ အနေဖြင့် ထိထိရောက်ရောက် လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ လိုအပ်သော ပြုပြင်ရေးလုပ်ငန်း များ၊ တားဆီးရေးစီမံချက်များ ချမှတ်သွားရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်များ ဆက်တိုက်ကြုံတွေ့မှု များပြားလာပါက ၄င်းနိုင်ငံ၏ ပြည်သူ့ဘ၀များ၊ ထိခိုက်နစ်နာမှုများ၊ ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းများအပြင် နောက်ဆုံး အသက်အန္တရာယ် ဆုံးရှုံးမှုများအထိ ဆိုးကျိုးများ ဖြစ်လာမည် ဖြစ်ပါတယ်။ ထိုအခြေအနေများအပေါ် အုပ်ချုပ်သူ အစိုးရအနေဖြင့်လည်း နိုင်ငံသား ပြည်သူ့ဘ၀များ အေးချမ်းတည်ငြိမ်းရေးအတွက် သဘာဝ ဘေးအန္တရာယ်များ အကြိမ်ကြိမ် ကျရောက်နေခြင်းများ အပေါ် အမြန်ဆုံး ထိန်းသိမ်းပြုပြင်ရေး စီမံကိန်းများ ချမှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါအပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြည်တွင်းပြည်ပ အလှူရှင်များ အနေဖြင့်လည်း ရေဘေးသင့် ပြည်သူ့ဘ၀များ ပြန်လည်ထူထောင်ရေးအတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ရေကြီးရေလျှံမှု သဘာဝ ဘေးအန္တရာယ် ကျရောက်မှုသည် ၂၀၁၅-၂၀၁၆ခုနှစ် နှစ်နှစ်ဆက် ကြုံတွေ့နေကြရပြီး ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့ဒီမိုကရေစီ အစိုးရလက်ထက်တွင် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပြီ ဖြစ်ပါတယ်။
နိုင်ငံသား ပြည်သူ့ဘ၀များ ထိခိုက်နစ်နာမှု၏ နောက်ဆက်တွဲများအဖြစ် အနာဂတ်တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးမဏ္ဍိုင်ကိုပါ ထိခိုက်စိန်ခေါ်လာနိုင်သည့် အခြေအနေ ဖြစ်လာနေပါတယ်။ ပြည်သူများ အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးခဲ့ရခြင်းကြောင့် အကျင့်စာရိတ္တများလည်း ပျက်ပြားလာနိုင်မည် ဖြစ်ပါတယ်။
သို့ဖြစ်ပါသောကြောင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ်အနေဖြင့် နှစ်စဉ်ရေကြီးမှု ဘေးအန္တရာယ်များ တိုးပွားလာနေမှုအပေါ် ဆေးမြီးတိုများဖြင့် ကုစားမှုများ မပြုလုပ်ပဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေကြီးရေလျှံမှုများ တားဆီးနိုင်ရေး အထူးစီမံချက်များ ရေးဆွဲဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။
ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

No comments: