Friday, August 12, 2016

အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့ သမိုင်းပြဋ္ဌာန်းစာအုပ်တွေကို ပြင်ကြစို

အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့ သမိုင်းပြဋ္ဌာန်းစာအုပ်တွေကို ပြင်ကြစို
|| စိုင်းထွန်းအောင်လွင် ||
 
12 Audgst 2016
 
သမိုင်း ဘာသာရပ်နဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ အယူအဆ ဆိုရိုးစကားတွေ အများအပြားရှိပါတယ်။ သမိုင်းဆိုတာ အောင်နိုင်သူကပဲရေးတာဆိုတဲ့ ဆိုရိုးစကားလည်းရှိသလို ၊ သမိုင်းဆိုတာ အချက်လက်ပေါ်မှာ မှီခိုသလို ဒီသမိုင်းကို ဘယ်သူရေးသလဲ ပြောသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်နေတယ်။ (History is about facts and who's telling the story ) ဆိုတဲ့ ကိစ္စရပ်တွေလည်း ရှိနေပြန်ပါတယ်။
သမိုင်းကို မအအောင်လို့ သင်တာဆိုတဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ စကားလည်း ရှိနေပြန်ပါတယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီရှိပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ တော်တော်များများမှာတော့ ရှေးပဒေသရာဇ်ခေတ်တွေ အာဏာရှင်ခေတ်တွေက အသုံးပြုခဲ့တဲ့ လိုသလိုရေးဆွဲထားခဲ့တဲ့ သမိုင်းတွေကို တတ်နိုင်သမျှ ပြန်လည်စိစစ်ပြီး လွတ်လပ်စွာ ကွဲလွဲနိုင်ခွင့်အတွက် တိုင်းပြည်အတွင်းမှာပဲ နေထိုင်တဲ့ လူနည်းစု မျိုးနွယ်စုငယ်တွေရဲ့ သမိုင်းမှတ်တမ်းအချက်လက်တွေ ၊ တခြားရှုံးနိမ့်ခဲ့သူတွေရဲ့ သမိုင်းမှတ်တမ်းတွေကိုပါ ခေတ်ပြိုင်အနေနဲ့ ဖော်ပြခွင့်ပေးကာ ပြည်ထောင်စုနဲ့ အမျိုးသားနိုင်ငံတော်အဖြစ် ပေါင်းစည်းမှုတွေက ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတဲ့ သမိုင်းတွေကို တတ်နိုင်သမျှ တိတိကျကျ လေ့လာပြုစုပြီး ကျောင်းသင်ရိုးညွှန်းတမ်းတွေအဖြစ် သင်ယူစေခဲ့တာ နှစ်ပေါင်းကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံမှာဆိုရင် နိုင်ငံသမိုင်းနဲ့ ပတ်သက်လို့ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲရာမှာ နိုင်ငံအတွင်းမှာနေထိုင်တဲ့ ဂျာမန်စကားပြော ၊ အီတာလျံစကားပြော ၊ ရိုးမန့်စ်ရှ် နဲ့ ပြင်သစ်စကားပြော လူမျိုးတွေ နိုင်ငံမှာ အခြေချနေထိုင်လာပုံ အချင်းချင်းစစ်ပွဲတွေ ဖြစ်လာပုံကစလို့ ဘယ်အချိန်မှာ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြဖို့ ကြိုးစားခဲ့ကြတယ် ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်လက်တွေကို နိုင်ငံအတွင်းမှာနေထိုင်တဲ့ လူမျိုးစုတွေအားလုံး မနစ်နာစေရအောင် အတတ်နိုင်ဆုံးမှန်မှန်ကန်ကန်နဲ့ ရေးသားပြုစု ဖော်ပြစေတာဖြစ်ပါတယ်။
မတူညီတဲ့မျိုးနွယ်စုတွေအကြား သမိုင်းနဲ့စာပေ ဘာသာစကားအတွက် အငြင်းပွားမှုမဖြစ်အောင်လို့ ဒေသအလိုက် သုံးနှုန်းတဲ့ ဘာသာစကားတွေကို တရားဝင် ဘာသာစကားတွေအဖြစ် သတ်မှတ်ထားသလို ပညာရေး သင်ရိုးညွှန်းတမ်းတွေကလည်း ကွန်မြူးအလိုက် ( မြို့အလိုက် ၊ ကျေးရွာအလိုက် နယ်မြေခွဲခြားမှု ) သင်ရိုးညွှန်းတမ်း ၊ ပြဋ္ဌာန်းစာအုပ် ၊ ပညာသင်ချိန် ၊ ပညာသင်နှစ်နဲ့ ဘာသာစကားမတူကြပါဘူး။ ဒီလိုမတူကြပေမယ့် သမိုင်းပြဋ္ဌာန်း စာအုပ်တွေမှာတော့ နိုင်ငံအတွင်းမှာနေထိုင်တဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အသာစီးရယူနိုင်ရေးအတွက် (သို့မဟုတ်) အသာစီးရယူနိုင်ခဲ့တဲ့ သမိုင်းတွေကို ဖော်ပြတာမျိုးမဟုတ်ဘဲ တတ်နိုင်သမျှ မျှမျှတတ ဖော်ပြကြပါတယ်။
ဥပမာ- ပြင်သစ်စကားပြော ဒေသထဲမှာပါဝင်တဲ့ ဂျနီဗာဒေသက အခြေခံပညာသင် စာသင်ကျောင်းတွေရဲ့ သမိုင်းနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းမှာ အခြားဘာသာစကားပြော ဒေသက မျိုးနွယ်စုတွေကို နှိမ်သလိုဖြစ်စေမယ့် လိုသလိုပုံဖော်တဲ့ သမိုင်းတွေ မိမိပဲအသာဖြစ်နေတဲ့ သမိုင်းတွေ သင်တာမျိုးမဟုတ်ဘဲ ကွဲပြားမှုတွေအခြေခံပြီး အားလုံးပါဝင်နိုင်တဲ့ မျှတမှုအပေါ် အခြေခံတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေကိုသာ သင်ခွင့်ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေ ကွဲပြားနေသော်ငြားလည်း အမျိုးသားသင့်မြတ်ရေး၊ ညီညွတ်မှု ၊ မျှတမှု ၊ လွတ်လပ်မှု ၊ ကွဲပြားမှုကို လက်ခံတတ်မှု စတဲ့ မူဝါဒတွေအပေါ် အခြေခံပြီး ရေးဆွဲကြတာဖြစ်တဲ့အတွက် ဘယ်နေရာ ဘယ်ဒေသက
သင်ရိုးညွှန်းတမ်းနဲ့သင်သင် သမိုင်းနဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုတွေနဲ့ပတ်သက်လို့ မျိုးနွယ်စုတစ်စုနဲ့ တစ်စု အပေါ်စီးကနေ ဖော်ပြတဲ့ဟာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း စာရေးသူတို့နိုင်ငံလိုပဲ မြို့ပြနိုင်ငံခေတ်တွေ မျိုးနွယ်အလိုက် အုပ်ချုပ်တဲ့ခေတ်တွေ အပြိုင်အဆိုင် ပေါ်ထွန်းခဲ့ဖူးပြီး ၁၈၄၈ ခုနှစ်မှာမှ ကွန်ဖက်ဒရေးရှင်းအနေနဲ့ နယ်မြေတွေပူးပေါင်း ပြည်ထောင်စုတည်ထောင်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ကျောင်းသမိုင်း သင်ရိုးညွှန်းတမ်းတွေမှာဆိုရင်လည်း ခုနက ပြောတဲ့ ဘာသာစကားနဲ့ မျိုးနွယ်စုအလိုက် ကွဲပြားမှုတွေကနေဆင့်ကဲ ပြောင်းလဲလာတဲ့ နိုင်ငံတွင်းမှာရှိခဲ့တဲ့ မျိုးနွယ်စုတွေရဲ့ ခေတ်ပြိုင်သမိုင်းတွေကို နောက်ဆုံး သူတို့ညီညွတ်ရေးရလာခဲ့တဲ့ နေရာမျိုးတွေ ရောက်လာပြီဆိုရင်တော့ ကျယ်ပြန့်တဲ့ သမိုင်းဖော်ပြချက်တွေနဲ့ အဆုံးသတ်လေ့ ရှိတာပဲဖြစ်ပါတယ်။ ခေတ်နဲ့အညီပြောင်းလဲရတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာလည်း ခေတ်စနစ်နဲ့အညီ မျှမျှတတ လိုက်ပါပြောင်းလဲကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာစကား စာပေ သမိုင်းကြောင်းဆိုင်ရာ အသုံးချခွင့် ကွဲလွဲခွင့် ဖော်ပြနိုင်ခွင့်တွေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် ပဋိပက္ခတွေ မဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း နိုင်ငံသမိုင်းကြောင်းနဲ့ ပတ်သက်လို့ နိုင်ငံမှာ အဓိက အခြေချနေထိုင်သူတွေ ဖြစ်ခဲ့တဲ့ မွန်၊ ခမာအနွယ်ဝင်တွေရဲ့ သမိုင်းကြောင်းတွေကော ၊ တရုတ်လာအိုနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်က ဆင်းသက်လာတဲ့ သျှမ်းမျိုးနွယ်စုဝင်တွေရဲ့ သမိုင်းကြောင်းတွေကိုပါ ခေတ်ပြိုင်အနေနဲ့ ဖော်ပြလေ့ရှိပါတယ်။ နိုင်ငံက လက်ရှိသတ်မှတ်ထားတဲ့ မျိုးနွယ်စု ၄၀ ကျော်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ သမိုင်းတွေကိုပါ အားလုံးပါဝင်နိုင်အောင် မျိုးနွယ်စု တစ်ခုနဲ့ တစ်ခု အသာစီးရယူထားတဲ့ လုပ်ကြံဖန်တီးတဲ့ သမိုင်းတွေမဖြစ်အောင် အတတ်နိုင်ဆုံး အားလုံးပါဝင်တဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေ ဖြစ်အောင် ပြုစုသင်ကြားပေးနေပါတယ်။
ဥပမာအားဖြင့် ခေတ်ပြိုင်မျိုးနွယ်စု ဘုရင်တွေရဲ့ သမိုင်းတွေကို စတင်ဖော်ပြပြီး ချက္ကဖတ်ဘုရင်က ဘယ်အချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်တယ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ဘယ်အချိန်မှာ စတင်ကျင့်သုံးတယ်၊ ဒီမိုကရေစီကို ဘယ်လို ကူးပြောင်းခဲ့တယ်ဆိုတဲ့ အခန်းကဏ္ဍတွေမှာ အဆုံးသတ်ကာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖော်ပြပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မျိုးနွယ်စု တစ်စုနဲ့တစ်စုအကြား လူဦးရေနည်းခြင်းများခြင်း အပေါ် မူတည်ပြီး မဟာလူမျိုးကြီးဝါဒ ဆိုတာမျိုးမဖြစ်အောင် အားလုံးက Siam သို့မဟုတ် Thailand ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်သားတည်းဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့စည်းအတွင်း ဖြစ်ပေါ်ပြောင်းလဲလာပုံ အချင်းချင်း လေးစားမှုရှိကာ ညီညွတ်လာပုံတွေနဲ့အတူ ဆင့်ကဲ့ ပြောင်းလဲလာပုံတွေကို သင်ရိုးညွှန်းတမ်းတွေမှာ ဖော်ပြထားတဲ့အတွက် သူတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှုနဲ့ သင့်မြတ်မှုရှိစေဖို့ ၊ စိတ်ဝမ်းကွဲပြားမှု မရှိစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ တခြား တိုးတက်တဲ့ ဘယ်နိုင်ငံမှာမဆို ဒီလိုညီညွတ်မျှတတဲ သမိုင်းသင်ရိုးညွှန်းတမ်းတွေကိုပဲ များသောအားဖြင့် တွေ့ရမှာဖြစ်ပါတယ်။
မြန်မာမှာတော့ အခြေအနေက များစွာခြားနားပါတယ်။ မိမိတို့ ခေတ်တစ်လျှောက်သင်ခဲ့ရတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေက ဗမာ ( သို့မဟုတ် ) လူမျိုးစုတစ်စုကိုသာ အခြေပြုတဲ့ သမိုင်းတွေသာ များပါတယ်။ မြန်မာမှာလည်း မြို့ပြနိုင်ငံတွေ ပဒေသရာဇ်နိုင်ငံတွေက လူမျိုးစုအသီးသီး အခြေချမှုအပေါ်မူတည်လို့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်စနစ်ကျင့်သုံးဖူးတဲ့ ကျင့်သုံးခဲ့တဲ့ လူမျိုးစုတွေကို ကြည့်မယ်ဆိုရင် မွန် ၊ ရခိုင် ၊ ရှမ်း ၊ ဗမာ ၊ ကရင်ဆိုပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း ဗမာတစ်မျိုးတည်း ကြိုးပမ်းခဲ့တာမဟုတ်ဘဲ တိုင်းရင်းသား ပြည်သူအားလုံး ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။ လိုသလိုရေးဆွဲ ပုံဖော်ခဲ့တာတွေလည်း အမြောက်အမြားပါပဲ ။ ဦးနေ၀င်းက သူအာဏာသိမ်းတာကို ပြည်သူတွေ စိတ်မကွက်စေချင်တော့ “ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား” ဆိုတာတွေအထိပါ။ သူ့ရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကိုပဲ ဗိုလ်ချုပ်အောင်ဆန်းက လမ်းကြောင်းဖော်ပေးခဲ့သယောင်ပါ။
အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အားကောင်းဖို့က အမျိုး ၊ ဘာသာ ၊ သာသနာ ဆိုတဲ့ကိစ္စတွေနဲ့ သမိုင်း ၊ စာပေတွေက အခရာကျတဲ့ ဒေါက်တိုင်တွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ နယ်မြေအစိတ်အပိုင်းတွေ အားလုံး ဗမာတွေပိုင်တယ် ထင်အောင် လုပ်တဲ့နည်းလမ်းတွေထဲမှာ အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရားတို့ရဲ့ သမိုင်းကို ကောင်းကောင်းအသုံးချခဲ့တာပါ။ အနော်ရထာဘုရင်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေးတဲ့အနေနဲ့ မွန်မင်းသမီးကို မိဖုရားမြှောက်တယ် ဆိုတဲ့အထိပါပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မွန်နိုင်ငံတွေကိုသွားတိုက်တာ သိမ်းပိုက်တာက သဘာဝကျမကျ စဉ်းစားသင့်တဲ့ အရာပါ။ အနော်ရထာသမိုင်းကြောင်းကို သမိုင်းဖတ်စာတွေထဲသင်ပေမယ့် အနော်ရထာနဲ့ ခေတ်ပြိုင်ဖြစ်သူတွေရဲ့ သမိုင်းတွေကိုတော့ ညီတူမျှတူဖော်ပြတာ မတွေ့ရပါဘူး။ အနော်ရထာရဲ့ မိဖုရားစောမွန်လှဟာ မောဝ်သျှမ်းဘုရင်ရဲ့ သမီးတော်လို့ ရှမ်းသမိုင်းတွေမှာ ဖော်ပြထားတာရှိပါတယ်။ အဲဒီအချိန်မှာ ရွှေလီမြစ်ဝှမ်းမှာ မောဝ်သျှမ်းဘုရင့်နိုင်ငံ ရှိပါတယ်။ ရခိုင်မှာလည်း ရခိုင်ဘုရင် ရှိနေပါတယ်။ ခေတ်ပြိုင်သမိုင်းတွေကို ဖော်ပြထားတာ မရှိပါဘူး။ ဘုရင့်နောင် ၊ အလောင်းမင်းတရားတို့နဲ့ သက်ဆိုင်တဲ့ သမိုင်းတွေမှာလည်း အဲဒီအတိုင်းပါပဲ။ သူတို့ရဲ့ ခေတ်ပြိုင်တွေကို ဖော်ပြတာမရှိဘဲ တစ်ဖက်သတ် အမွှန်းတင်တာတွေပဲ များတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
အင်းဝခေတ်က ရှမ်းဘုရင်တွေကိုလည်း မြန်မာဘုရင်တွေလိုလို ဖော်ပြတာတွေရှိပါတယ်။ နှိမ့်ချဖော်ပြတာတွေလည်း ရှိပါတယ်။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ပါမောက္ခ ရိုဆယ်လီ မက်ထရိုက ကာလတာရှည် ပြည်တွင်းစစ်ဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ ပြဋ္ဌာန်းကျင့်သုံးနေတဲ့ သမိုင်းသင်ရိုးညွှန်းတမ်း စာအုပ်တွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ပါဝင်တယ်လို့ ဆိုပါတယ်။ မစ်ဆူရီတက္ကသိုလ်က ပါမောက္ခဖြစ်တဲ့ သူမဟာ အရင်က History of Burma ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူလည်း ဖြစ်ပါတယ်။ သူအဓိက ထောက်ပြတာကတော့ သမိုင်းပြဋ္ဌာန်းစာအုပ်တွေမှာ ဗမာလူမျိုးစုကိုသာ အသားပေးတဲ့ သမိုင်းဖော်ပြချက်တွေကို အဓိက ဖော်ပြနေတဲ့အတွက် ကျန်တဲ့မျိုးနွယ်စုတွေအနေနဲ့ ဒုတိယတန်းစား နိုင်ငံသားတွေလို ဖြစ်ကုန်တယ်လို့ ဆိုထားပါတယ်။
သမိုင်းကို လိုရာပုံစံသွင်းရေးဆွဲသူတွေထဲမှာ စစ်အာဏာရှင် အဆက်ဆက်အပြင် ပါလီမန် ဒီမိုကရေစီခေတ်ကလို အစိုးရတွေလည်း ပါဝင်တယ်လို့ သူမက ဆိုပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ အနော်ရထာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြည်ထောင်စု စိတ်ဓာတ်တွေကို ဖော်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ မဆလ ခေတ်မှာတော့ အနော်ရထာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သူဆိုတဲ့ ကိစ္စအပြင် လယ်သမားအရေးတွေ အလုပ်သမားအရေးနဲ့ စစ်သားအရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပြန်ပါတယ်။ ပြည်ထောင်စုနေ့တို့ ပင်လုံစာချုပ်ချုပ်ဆိုမှုတို့နဲ့ ပတ်သက်လို့လည်း သွေးခွဲအုပ်ချုပ်တာကို စုပေါင်းလွတ်လပ်ရေးယူဖို့ သဘောတူတယ် လောက်သာ ဖော်ပြတာပါ။ တကယ့်ပင်လုံရဲ့ အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသား တန်းတူရေးနဲ့ ဒီမိုကရေစီမူဆိုတာကို မဖော်ပြပြန်ပါဘူး။ နယက ၊ န၀တ ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို အနည်းငယ် မှေးမှိန်အောင်လုပ်တဲ့အပြင် ထိုင်းတွေကိုပါ ရန်သူအဖြစ်ဖော်ပြခဲ့ပြီး ထိုင်းနဲ့ ဆက်နွှယ်မှုရှိတဲ့ မျိုးနွယ်စုဖြစ်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ TAI တိုင်း နာမည်ကိုပါ နှိမ့်ချစော်ကား ဖော်ပြမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အလောင်းမင်းတရား၊ ဘုရင့်နောင်တို့ကို မကြာခဏ ထုတ်သုံးခဲ့ပါတယ်။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ပညာရေးစနစ် တစ်ခုလုံးမှာ ဗမာလူမျိုးတွေကိုသာ အမွှန်းတင်ထားပြီး ကျန်တိုင်းရင်းသားတွေကို မျက်ကွယ်ပြုထားခဲ့သလို ဗမာတွေက ကျန်တိုင်းရင်းသားတွေအပေါ် သြဇာကြီးတဲ့အသွင်လည်း ပုံဖော်ခဲ့တယ်လို့ ရိုဆယ်လီမက်ထရိုက ဆိုပါတယ်။
လူမျိုးကြီးဝါဒ ၊ အာဏာရှင်ဝါဒကို လက်ဆင့်ကမ်းနိုင်အောင် ကျင့်သုံးတဲ့ နေရာမှာ အဲဒီ ပြဋ္ဌာန်းချက်တွေက တကယ်ပဲ အထောက်အကူပြုခဲ့တဲ့ သဘောလည်းရှိပါတယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ပွားရာမှာ အချို့ကိစ္စတွေဟာ တိုင်းရင်းသား ဘာသာတွေကို ပိတ်ပင်ပြီး မြန်မာဘာသာကို တစ်မျိုးတည်း အတင်းအကျပ် တရားဝင်အဖြစ် ပြဋ္ဌာန်းမှု ၊ လူမျိုးဘာသာ ပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သွတ်သွင်းပြဋ္ဌာန်းမှုတွေက အခရာကျတယ် ဆိုတာလည်း သတိပြုမိဖို့ လိုပါတယ် ။
တစ်နိုင်ငံလုံး နယ်မြေအားလုံး ငါတို့ပိုင်တယ်ဆိုတဲ့ အယူအဆဟာ အနော်ရထာ ၊ ကျန်စစ်သား ၊ ဘုရင့်နောင် ၊ အလောင်းဘုရားစတဲ့ စစ်ဘုရင်တွေကို အမွှန်းတင်ပုံဖော်ခဲ့တာတွေနဲ့ အတွေးအခေါ်ပိုင်းအရ ဆက်စပ်မှုရှိနေပါတယ်။ နောက် အဲဒီဘုရင်တွေက သာသနာပြုမင်း ၊ မင်းကောင်းမင်းမြတ်ဆိုတဲ့ ကိစ္စတွေကလည်း အမျိုးဘာသာ ၊ သာသနာ ဆိုတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြန်ပါတယ်။ တစ်နိုင်ငံလုံး ငါတို့ပိုင်တာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတွက် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ်ဆိုတဲ့ အယူအဆနဲ့ ချင်းပြည်နယ်က ခရစ်ယာန် လက်ဝါးကပ်တိုင်တွေဖျက်ပြီး စေတီတည်တဲ့ကိစ္စတွေက ဘယ်လို ဆက်စပ်သလဲဆိုတာ စဉ်းစားစရာဖြစ်စေပါတယ်။
နောက် ပိုဆိုးတာက တိုင်းရင်းသားနယ်မြေတွေထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနားမှာ တပ်ဝင်စွဲခဲ့တဲ့ ကိစ္စမျိုးတွေရော ပါပါတယ်။ ဘုရားရှိခိုးကျောင်းတွေ လက်ဝါးကပ်တိုင်တွေတောင် အဲလိုဖြစ်ခဲ့ရင် အခြားဘာသာဝင်တွေအပေါ် သဘောထားက ဘယ်လိုရှိနိုင်မလဲဆိုတာကလည်း ဆက်စပ် စဉ်းစားစရာကိစ္စပါပဲ။ အမျိုးသားရေးဆိုတာ ရှိရမှာမှန်ပေမယ့် အစွန်းရောက်လာရင် ကောင်းတဲ့အရာတွေ မဟုတ်ပါ။ တကယ်တော့ တောင်တန်းနယ်တွေ တော်တော်များများဟာ အင်္ဂလိပ်သာသနာပြုတွေ မရောက်ခင်က အများသောအားဖြင့် နတ်ကိုးကွယ်သူတွေသာ များတဲ့ နယ်မြေတွေသာဖြစ်ပါတယ်။ ရှမ်း ၊ ရခိုင် ၊ မွန်တို့လို တိုင်းရင်းသား နယ်မြေတွေကလွဲလို့ပါ။ ပြည်မမှာ အခြေစိုက်တဲ့ မြန်မာဘုရင်တွေကလည်း တောင်တန်းဒေသတွေကို များသောအားဖြင့် သိပ်စိတ်ဝင်စား အလေးထားဟန်တောင် ရှိမဲ့ပုံမပေါ်ပါဘူး။ စာပေသမိုင်းနဲ့ ပတ်သက်လို့်ပိုဆိုးတာက သမိုင်းဖျောက်ခံရတဲ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသား စာပေ ဘာသာစကားတွေ သင်ကြားမှုတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ပြခဲ့တဲ့အထိ တစ်ပြည်ထောင် အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒတွေက အားကောင်းခဲ့ပါတယ်။ မြန်မာ့သမိုင်းတွေမှာ ဖော်ပြထားတဲ့ သီပေါဘုရင် ပါတော်မူပြီးနောက် ကျွမ်ဘိခ့် ( ချင်း ) ၊ ၀န်းသိုစော်ဘွားဦးအောင်မြတ် ၊ စောလဖော် ( ကရင်နီ ) ၊ ရှမ်းစော်ဘွားတွေက လင်းပင်မင်းသားနဲ့ပေါင်းပြီး အင်္ဂလိပ်ကို တော်လှန်ကြတာဟာ မိမိတို့ရဲ့ ရေမြေ့သခင် ရှင်ဘုရင်ပါတော်မူလို့ တော်လှန်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ ၊ မျိုးနွယ်စုပိုင်နယ်မြေတွေကို အင်္ဂလိပ်က ကျူးကျော်သိမ်းပိုက်လာတဲ့ အတွက်ပဲဖြစ်ပါတယ်။ သီပေါပါတော်မမူခင်က တချို့ဒေသတွေက ပဏ္ဍာဆက်နိုင်ငံအဖြစ် ရှိနေကောင်းရှိနေမှာ ဖြစ်ပေမယ့် ဥပမာအားဖြင့် သီပေါနယ်ကို သီပေါမင်းက တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ သူ့နယ်ခံ စော်ဘွားကသာ တိုက်ရိုက်အုပ်ချုပ်တဲ့ နယ်မြေဖြစ်ပါတယ်။ မျိုးနွယ်စုတိုင်းရင်းသားတွေနဲ့ ဗမာတွေပေါင်းပြီး အင်္ဂလိပ်ကိုတော်လှန်တာ လွတ်လပ်ရေးရအောင် တောင်းဆိုကြတာဟာ သူတို့နယ်မြေတွေကို သူတို့ပြန်ရအောင် အုပ်ချုပ်ခွင့်ရအောင် ဘုံရန်သူတူညီတဲ့အတွက် ပူးပေါင်းကြတာပဲဖြစ်ပါတယ်။
ပါမောက္ခရိုဆယ်လီကတော့ လူမျိုးတစ်မျိုးကို အကြီးမြတ်ဆုံးအနေနဲ့ ဖော်ပြထားတာဟာ မုန်းတီးမှုကို အားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ တချို့သမိုင်းစာအုပ်တွေမှာ ကရင် ၊ ရှမ်းတို့လို နည်းနည်းလူဦးရေများတဲ့ တိုင်းရင်းသားအသံတွေ တွေ့နိုင်ပေမယ့် တအာင်းပလောင် ၊ မီဇိုချင်း စတဲ့ မျိုးနွယ်စုတွေ အကြောင်းကလည်း ဖော်ပြမှု ကင်းမဲ့နေတာ (သို့မဟုတ် ) နည်းပါလွန်းတာ ၊ နှုတ်သမိုင်းသာရှိတဲ့ မျိုးနွယ်စုတွေကို စကားပြောစာသား သင်ခန်းစာတွေနဲ့ စာအုပ်တွေထုတ်ပြီး သင်ကြားစေသင့်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာမှာ သမိုင်းပြဋ္ဌာန်းစာအုပ်တွေကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ တစ်စိတ်တစ်ပိုင်း ကူညီဖို့ ပါမောက္ခရိုဆယ်လီက အကြံပြုပါတယ်။
တိုက်ဆိုင်မှုလို့ ပြောရမလားမသိပါ။ ယခုအချိန်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် အစိုးရသစ်လက်ထက်မှာ ကြိုးပမ်းနေချိန်လည်းဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ကြိုးစားမယ်ဆိုပြီး အစိုးရသစ်က ကြေညာထားချိန်လည်း ဖြစ်ပါတယ်။
တိုင်းရင်းသား ဘာသာစာပေစကား သင်ကြား၊ အသုံးချမှုတွေကို အားပေးရင်း တစ်ဖက်မှာလည်း မှန်ကန်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ သမိုင်းပြဋ္ဌာန်း စာအုပ်တွေဖြစ်အောင် အပြောမဟုတ် လက်တွေ့ကြိုးပမ်း အကောင်ထည်ဖော်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဖခင်ကိုယ်တိုင် သမိုင်းပြဋ္ဌာန်းချက်တွေမှာ လိုရာဆွဲ ပုံဖော်ခြင်းလည်း ခံခဲ့ရပြီးဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပြည်သူအားလုံး ပိုင်ဆိုင်ခွင့်ရှိတဲ့ နိုင်ငံဖြစ်သင့်နေတာ ကြာပြီဖြစ်ပါတယ်။
စိုင်းထွန်းအောင်လွင်
The Ladies News
http://www.theladiesnewsjournal.com/…/thu-2016-08-11-1…/2925

No comments: