Wednesday, August 17, 2016

တွဲရေး ခွဲရေး နှင့် ပင်လုံ

တွဲရေး ခွဲရေး နှင့် ပင်လုံ
|| ဒေါက်တာခင်မောင်ညို ||
 
17 August 2016
 
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးစီးခဲ့တဲ့ ငြိမ်းချမ်းရေး ပင်လုံညီလာခံဟာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရယူတာနဲ့ ဆိုင်ပါတယ်။ ယနေ့ ပင်လုံညီလာခံကတော့ ပြည်သူတွေအားလုံး ညီညွတ်ရေး ငြိမ်းချမ်းရေးနဲ့ ဆိုင်ပါတယ်။
*** ခေါင်းဆောင်များ၏ ပြသ၁နာ ***
အာဏာရှင် တိုင်းပြည်တွေမှာ ခေါင်းဆောင်တွေက သူတို့ရဲ့ ဆန္ဒအတိုင်း တိုင်းပြည်ကို တည်ဆောက်တယ်။ သူခိုင်းတာကို သူ့ လက်အောက်ငယ်သားတွေက အကောင်အထည် ဖော်ပေးရတယ်။ ဒီမိုကရေစီ နိုင်ငံတွေကျတော့ ခေါင်းဆောင်က အာဏာရှင် မဟုတ်ရတော့ပါ။ သူလုပ်ချင်တာကို သူက ပြည်သူ့သဘောထားကို ရယူရပါတယ်။ သို့သော် တစ်ခါတစ်ရံမှာ သူလုပ်ချင်တာတွေ ရယူချင်တာတွေကို မမှန်မကန်နည်းနဲ့ ရယူတာတွေ ရှိတတ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ပြသ၁နာတွေ ပေါ်ပေါက်လာတာတွေကို တွေ့မြင်ရမှာပါ။
ဥပမာ - အမေရိကန် သမ္မတ ရစ်ချတ်နစ်ဆင် ဆိုရင် ၁၉၆၉ ခုနှစ်မှာ သမ္မတအဖြစ် အရွေးခံရတယ်။ နောက်လေးနှစ်အကြာ ၁၉၇၃ ခုနှစ်မှာ နောက်တစ်ကြိမ် အရွေးခံရတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် အရွေးခံရဖို့ မမှန်မကန်လုပ်တဲ့ ၀ါတာဂိတ် ပြသ၁နာ (Watergate Scandal) ကြောင့် သူ နုတ်ထွက်ခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တစ်ဦးတည်းသော နုတ်ထွက်ဖို့ ဖိအားပေးခံရတဲ့ သမ္မတ ဖြစ်တယ်။
ဒီအတိုင်းပါပဲ။ ၄၂ ဦးမြောက် အမေရိကန်သမ္မတဖြစ်တဲ့ ဘီလ်ကလင်တန်ဟာလည်း ဒီလိုဖိအားပေးစွပ်စွဲ ပြစ်တင်တာခံရတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပြသ၁နာဟာ သူ့ရဲ့ အိမ်တွင်းရေးပြသ၁နာလို့ သတ်မှတ်ပြီး သူဟာ သမ္မတ သက်တမ်းနှစ်ခုကို လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။
**** ခေါင်းဆောင်နှင့် ပြည်သူ့ဆန္ဒ ****
ပြည်သူ့ဆန္ဒကို အတော်လေး လေးစားတဲ့ နိုင်ငံကတော့ ယူနိုက်တက်ကင်းဒမ်း (ဗြိတိသျှ)လို့ပဲ ပြောချင်ပါတယ်။ သူ့ရဲ့ ပါလီမန်ဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ( House of Lords and House of Common ) ဆိုပြီး ပါလီမန်နှစ်ခု ထားရှိတယ်။ သူဟာ နေမ၀င်အင်ပါယာဆိုပြီး တစ်ကမ္ဘာလုံးကို ကိုလိုနီပြုခဲ့တဲ့အတွက် အာဏာရှင်တွေလို့ ပြောနိုင်ပါတယ်။ သို့သော် သူဟာ ဘယ်နေရာကို ရောက်ရောက် ဒီမိုကရေစီနည်းကို ကျင့်သုံးလို့ရအောင် ဆောင်ရွက်တတ်တာကို တွေ့ရတယ်။
ဥပမာ - ကျေးရွာတွေမှာ သူကြီးတွေကို ရွေးကောက်ပွဲနဲ့ ဆောင်ရွက်တာကို တွေ့နိုင်တယ်။ ဒါပေမဲ့ တစ်ဖက်ကတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မှုမရှိတာတွေ အများကြီးကို တွေ့ရမယ်။ သူတို့အလိုကျ လူတွေကို သူကြီးဖြစ်လာအောင် ဆောင်ရွက်တာမျိုးလည်း ရှိတတ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်ဟာ အိန္ဒိယနဲ့အတူ တစ်နိုင်ငံတည်းလို အင်္ဂလိပ်က အုပ်ချုပ်ထားတယ်။ ပါကစ္စတန်တို့ ၊ ဘင်္ဂလားဒေ့ရှ်တို့ဟာလည်း အိန္ဒိယနိုင်ငံထဲမှာ ပါတယ်။ ဆိုလိုတာက မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုလို ဖြစ်နေတယ်။ ဒီလို တွဲနေတဲ့အတွက် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့နိုင်ငံ ဇော်ဝိတ်ကြီးပေါ့။ ဦးဇော်ဝိတ်ဆိုတာ ကာယဗလဦးရှိန်တို့ လေ့ကျင့်ပေးမှုကြောင့် ဂျာမနီမှာ ကျင်းပပြုလုပ်တဲ့ အိုလံပစ်ပြိုင်ပွဲမှာ အလေးမပြိုင်ပွဲဝင် ဖြစ်လာတယ်။ သူက ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူပြိုင်ပွဲကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ခဲ့ရတယ်။ ဒါဟာ မြန်မာတွေရဲ့ နှလုံးကို အထိခိုက်ဆုံးပါပဲ။ ဒီတော့ အိန္ဒိယနဲ့ ခွဲထုတ်ဖို့ လှုံ့ဆော်ချက်တွေ ဖြစ်လာတယ်။ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ခွဲချင်တဲ့သူတွေ ရှိသလို မခွဲထွက်ချင်သူတွေလည်း ရှိတယ်။ ဒီအတွက် အများဆန္ဒဆိုတော့ အင်္ဂလိပ်အစိုးရက ဆုံးဖြတ်ပေးဖို့ လိုတယ်။ ဒါကို ခွဲရေးတွဲရေးဆိုပြီး မဲဆန္ဒ တောင်းခံမှုတွေကို ပြုလုပ်ခဲ့တယ်။ ခွဲရေးအနိုင်ရလို့ မြန်မာလည်း အိန္ဒိယကနေ ခွဲထွက်ခွင့် ရပါတယ်။
*** ဥရောပနှင့် ဗြိတိသျှ ***
တွဲရေးဟာ ကောင်းလား၊ ခွဲရေးဟာ ကောင်းလားဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။ တစ်ခေတ်က ရောမအင်ပါယာဟာ အင်မတန်ကြီးတယ်။ ဥရောပတစ်ခုလုံးနဲ့ အင်္ဂလန်ကျွန်းကိုပါ အောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရောမအင်ပါယာဟာ နောက်ဆုံး စစ်တွေဖြစ်ပြီး အစိတ်အစိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရတယ်။ ဒီအတိုင်းပါပဲ၊ ရှေးခေတ် ဂျင်ဂစ်ခန်ရဲ့ မွန်ဂိုအင်ပါယာ ဟာလည်း တရုတ်ကနေ ဥရောပအထိ ကျယ်ပြန့်တဲ့ နိုင်ငံပေါင်းစုံ အင်ပါယာပါပဲ။ ဒါပေမဲ့ နောက်ဆုံး ပြိုကွဲသွားရတယ်။
ခေတ်သစ်မှာတော့ ရုရှားတို့ရဲ့ USSR လို့ခေါ်တဲ့ ဆိုဗီယက် ရီပတ်ဘရစ် အင်ပါယာကြီးဟာ အင်အား အင်မတန်ကြီးပေမယ့် ပြိုကွဲသွားတယ်။ ဒါပေမဲ့ ကြီးမားတဲ့ နိုင်ငံတွေအနေနဲ့ အင်အားရှိတာတော့ အမှန်ပါပဲ။ ဥပမာ - အမေရိကန် ပြည်ထောင်စုဆိုရင် ကမ္ဘာမှာ အချမ်းသာဆုံး နိုင်ငံဖြစ်တယ်။ စီးပွားရေး ကောင်းတယ်။ ခေတ်မီနည်းပညာမှာ ဦးဆောင်နေပြီး ယနေ့ ကွန်ပျူတာအင်တာနက် လုပ်ငန်းတွေကနေ အကျိုးအမြတ် အများကြီးရရှိတယ်။ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးတွေလည်း အဆင်ပြေကြတယ်။ ခုလောလောဆယ် Rio မှာပြုလုပ်နေတဲ့ အိုလံပစ်ပွဲမှာ လည်း ရွှေတံဆိပ် ၂၁ ခုနဲ့ ဦးဆောင်နေတယ်။ သူ့ရဲ့ အင်အားကို ကမ္ဘာက လေးစားတယ်။
ဒါကိုအတုယူပြီး ဥရောပ ဘုံဈေးကို စတင်တည်ထောင်ကာ နောက်ပိုင်းမှာ ဥရောပသမဂ္ဂဆိုတာ ဖြစ်လာတယ်။ ဥရောပ သမဂ္ဂ ( European Union ) ဆိုတဲ့ EU အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှ ပေါ်ပေါက်လာတာဖြစ်တယ်။ မူလ ၁၉၆၇ နှစ်က စတင်ဖွဲ့ထားသော European Community သုံးနိုင်ငံအဖွဲ့ကနေ တဖြည်းဖြည်း နိုင်ငံများစွာ ပါဝင်လာတဲ့ အဖွဲ့ဖြစ်လာပါတယ်။ ယနေ့ နိုင်ငံ ၂၈ နိုင်ငံ ပါဝင်တယ်။ လူဦးရေ သန်းပေါင်း ၅၁၀ ရှိပါတယ်။ ဒီအတိုင်းပါပဲ အာဆီယံ ၁၁ နိုင်ငံရှိပြီး အရှေ့တောင်အာရှက နိုင်ငံငယ်လေးတွေဟာလည်း စုပေါင်းကာ စီးပွားရေး အဖွဲ့ ဖွဲ့ကြတယ်။ တကယ်တော့ တရုတ်နဲ့ အိန္ဒိယတို့ဟာ လူဦးရေ အင်မတန်များပြီး အာဆီယံနိုင်ငံငယ်လေးများကို စုစည်းစေအောင် တွန်းအားပေးတယ်လို့ ဆိုတယ်။ ဘာလိုဖြစ်ဖြစ် တွဲရေးနဲ့ ခွဲရေးကတော့ ဘယ်ဟာ ပိုကောင်းတယ်ဆိုတာမျိုး ဆုံးဖြတ်လို့ မရပါဘူး။
*** ခေါင်းဆောင်နဲ့ ခံယူချက် ***
မကြာသေးမီက ဗြိတိသျှမှာ ဘရက်ဇစ် ( Brexit ) ဥရောပသမဂ္ဂမှာ ခွဲရေး တွဲရေး ကိစ္စ ပေါ်ပေါက်လာတယ်။ တွဲရေးခွဲရေးဟာ အရေးပါတယ်ဆိုတဲ့အတိုင်း ဗြိတိသျှတို့ဟာ သူတို့နိုင်ငံအရေးကို ပြည်သူတွေကို ဆုံးဖြတ်ခိုင်းခဲ့ပါတယ်။ မဲဆန္ဒတွေကောက်ခံတော့ ၄၉.၁ ရာခိုင်နှုန်းဟာ တွဲဖို့ဆုံးဖြတ်တယ်။ ၅၁.၉ ရာခိုင်နှုန်းကတော့ ခွဲထွက်ဖို့ ဆုံးဖြတ်တယ်။ မဲပေးခွင့်ရှိသူ အရေအတွက် ၇၂.၂ ရာခိုင်နှုန်းက မဲပေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်တယ်။
ဒီတော့ ဗြိတိန်က ဥရောပသမဂ္ဂကနေ ခွဲထွက်မှာဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်စဉ်က ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ တွဲရေးဘက်က ရပ်တည်တယ်။ ပြည်သူတွေကို တွဲရေးရဲ့ အကျိုးကို ထောက်ပြတယ်။ ဒါပေမဲ့ ခွဲရေးက အနိုင်ရသွားပါတယ်။ ဒေးဗစ်ကင်မရွန်ဟာ သူ မယုံကြည်တဲ့လမ်းစဉ် သူ ဦးဆောင်ဖို့ မသင့်ဘူးလို့ ယူဆတယ်။ တိုင်းသူပြည်သူတွေရဲ့ ဆန္ဒဟာ ကျွန်တော့်ရဲ့ဆန္ဒနဲ့ မကိုက်ညီပါဘူးဆိုတာကို သူ ထုတ်ဖော်ပြောကြားပြီး ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အမှန်တော့ သူဟာ ရာထူးမက်သူတစ်ယောက်ဖြစ်ရင် အလိုက်သင့်လေး နေထိုင်သွားလို့ ရပါတယ်။ သူ့လိုပဲ တွဲရေးကို ထောက်ခံသူ ပြည်သူ ၄၈.၁ ရာခိုင်နှုန်း ရှိပါတယ်။ မဲမပေးသူ ၂၇.၈ ရာခိုင်နှုန်းရဲ့ သဘောထားက ဘယ်လိုရှိမှာလဲ။ ဒါတွေကို စဉ်းစားရင် သူအနေသာကြီးပါ။ ဒါပေမဲ့ ဒီမိုကရေစီအရ အများဆန္ဒကို လေးစားတဲ့အနေနဲ့ သူ နုတ်ထွက်ခဲ့တာပါပဲ။ ကျွန်တော်တို့ တွေ့ဖူးတဲ့ အာဏာရှင်စနစ်မှာ ဒီလိုနုတ်ထွက်သွားတယ်ဆိုတာ ရှားပါတယ်။ ခေါင်းဆောင်တွေမှာ Principle ဆိုတဲ့ ခံယူချက်တွေ ရှိရပါတယ်။
*** ပြောင်းလဲမှု ***
ပြည်သူတွေဟာ ဘယ်လို ပြောင်းလဲချင်လဲ၊ ဘာကို ပြောင်းလဲချင်လဲ၊ သူတို့သွားချင်တဲ့ နေရာက ဘယ်လိုနေရာလဲ။ တကယ်တမ်း ပြောရရင်တော့ စိတ်ချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံကို အားလုံးက မျှော်လင့်ကြတာပါပဲ။ စောစောက ပြောသလို နိုင်ငံ အများ တွဲလိုက်တဲ့အခါ ယဉ်ကျေးမှုတွေ ပြောင်းလဲသွားမှာကို ကြောက်ကြသူတွေ အများကြီးပါပဲ။ ကျွန်တော်တို့ နိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်လိုက်တော့ မြင်ရတဲ့ ယဉ်ကျေးမှု ပုံစံတွေ ပြောင်းသွားသလို မမြင်တဲ့ယဉ်ကျေးမှုပုံစံတွေလည်း အများကြီး ပြောင်းသွားတာပဲ။
ဥပမာ - ဘိုကေထားတာတို့၊ ဘောင်းဘီဝတ်တာတို့ဟာ မြင်ရတဲ့ပုံစံပေါ့။ ဒါဟာ ယနေ့ထက်တိုင် တည်နေတဲ့ ပုံစံပါပဲ။ တစ်ဖက်က လူကြီးကို ရိုသေတာတို့ ရိုးရာသီချင်းတွေ သီဆိုတာတို့၊ ဖျော်ဖြေမှုပုံစံတွေဖြစ်တဲ့ ဇာတ်ပွဲတွေ အငြိမ့်ပွဲတွေ ဘုရားပွဲတွေလည်း ပြောင်းသွားတာပါပဲ။
ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ အများကြီး တွေ့လာမြင်လာတယ်။ ခုခေတ်မှာဆို ကျေးလက်က လူငယ်တွေ တပ်မက်ကြတာက ဖုန်းတို့ ကွန်ပျူတာတို့ မော်တော်ဆိုင်ကယ်တို့ပေါ့။ သူတို့ဟာ ဒီပစ္စည်းတွေအတွက် “ဘာမဆို” လုပ်မယ်ဆိုတဲ့ သဘောတွေ ပါလာတယ်။ မိမိပိုက်ဆံတိုးပွားဖို့ နှစ်လုံးထီတို့ သုံးလုံးထီတို့လည်း ပေါ်လာတယ်။ တစ်ဖက်ကတော့ ရာဇ၀တ်မှုတွေ တိုးတက်လာတာပဲပေါ့။ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုပုံစံတွေ ပြောင်းသွားတာနဲ့ အမျှ တစ်ဖက်က ဖြစ်လာမယ့် ပြသ၁နာတွေကို သတိချပ်ရမှာ ဖြစ်တယ်။
*** စုပေါင်းနေထိုင် ***
ကျွန်တော်တို့ နိုင်ငံမှာ မတူကွဲပြားတဲ့သူတွေ စုပေါင်းနေထိုင်တယ်။ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိတယ်လို့ ဆိုထားတယ်။ ဒီလို နေထိုင်တာကြာလာတော့ ယဉ်ကျေးမှုတွေ ကူးလူး ဆက်နွှယ်နေပါတယ်။ ကိုးကွယ်တဲ့ဘာသာတွေလည်း ကွဲနေကြတာပါပဲ။
ဒါပေမဲ့ အတူနေလို့ရတယ်၊ အတူနေကြတာ ကြာလှပြီပဲ။ ဒါပေမဲ့ နယ်စပ်မှာရောက်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ တန်းတူအခွင့်အရေး မရသလို ဖြစ်နေတယ်။ ဒါကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်တယ်။ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ငြိမ်းချမ်းရေး ပင်လုံညီလာခံဟာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရယူတာနဲ့ ဆိုင်ပါတယ်။ ယနေ့ ပင်လုံညီလာခံကတော့ ပြည်သူတွေအားလုံး ညီညွတ်ရေး ငြိမ်းချမ်းရေးနဲ့ ဆိုင်ပါတယ်။ အမှန်တော့ တိုင်းရင်းသားတွေအကြားလည်း ညီမျှမှုတွေ ရှားပါတယ်။ တစ်တိုင်းတစ်ပြည်လုံးမှာ ညီမျှမှုကို တည်ဆောက်ဖို့ လိုတယ်။
တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားတယ်။ နိုင်ငံရေးအရ ကြည့်ရင် ဒါဟာ အင်မတန်ကောင်းတာပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်။ တစ်ချိန်တည်းမှာပဲ အခြားပြည်နယ်နဲ့ တိုင်းတွေက အကူအညီတွေ ပေးရမယ်။ ဒါတွဲရေးပါပဲ။ မှန်ကန်တဲ့ တွဲရေးပုံစံကို အများသိအောင်လည်း ချပြဖို့လိုပါတယ်။ စုပေါင်းကာ တွဲရေးအတွက် ညီညွတ်ဖို့လိုတယ်။
ဒေါက်တာခင်မောင်ညို
The Ladies News

No comments: