Thursday, September 15, 2016

လူမှုစီးပွားကို ကိုင်လှုပ်နိုင်သည့် အိုင်ဒီယာများ

လူမှုစီးပွားကို ကိုင်လှုပ်နိုင်သည့် အိုင်ဒီယာများ
 
|| ဒေါက်တာခင်မောင်ညို ||
Thursday, September 15, 2016
 
တကယ့်တကယ် အိုင်ဒီယာဆိုတာ အတွေးအခေါ် အယူအဆတွေပါ။ သီအိုရီတွေလည်း ပါတယ်။ လူတိုင်းမှာ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိတတ်ပါတယ်။ လူတစ်ယောက်ရဲ့ အိုင်ဒီယာ ကောင်းတယ်ဆိုရင် ဒီလူဟာ ပြသ၁နာတစ်ခုကို ဖြေရှင်းတဲ့အခါတွေမှာ ထူးထူးခြားခြား အဆင်ပြေအောင် လုပ်ဆောင်တာပါပဲ။ အိုင်ဒီယာတွေကနေ လူတွေအဆင်ပြေစေဖို့ လှေတွေ၊ လှည်းတွေကစပြီး ယနေ့ လေယာဉ်တွေအထိ တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ အိုင်ဒီယာသစ်တွေကို လူတွေ ဘယ်လောက်အလေးထားလဲ။ ရှေးရိုးစွဲနှင့် ခေတ်မီတဲ့ အိုင်ဒီယာအယူအဆကို ဆွေးနွေးလိုပါတယ်။
*** အနုပညာအိုင်ဒီယာ
.
တစ်ရက်မှာ ကျွန်တော်တို့ မိတ်ဆွေတွေ အတူတကွ ခရီးသွားကြတယ်။ လမ်းမှာ တစ်ယောက်က သတင်းစာဖတ်ရင်း ပါးဖောင်းမင်းအတ်လို့ ဆိုတဲ့ အနုပညာ ဖန်တီးမှုပုံစံကို ပြထားတာကို သဘောမကျဘူး။ အရူးတွေလို့ ဝေဖန်တယ်။ ဒါကို ကြားသွားတဲ့ ဘေးက သူငယ်ချင်းက သူ့ကိုရှင်းပြတယ်။
“ဒါက အရူးမဟုတ်ဘူးဗျ။ သူက အနုပညာကို ချပြတာပါ။ ခင်ဗျား မခံစားတတ်လို့ပါ” ဆိုပြီး ရှင်းပြတယ်။
ပထမသူငယ်ချင်းက ကြောင်သွားပါတယ်။
ဒီလိုမခံစားနိုင်တာကို လောကကြီးမှာ အများကြီးရှိတယ်ဆိုပြီး ခေတ်မီတိုးတက်တဲ့ပုံစံတွေကို ပြောပြတယ်။ အထူးသဖြင့် အနုပညာပစ္စည်းအချို့ဟာ လောလောဆယ်မှာ ရှေးရိုးစွဲတဲ့ လူတွေမခံစားနိုင်ဘူး။ အရောင်တွေကိုသာ ရေးထားတဲ့ ပန်းချီကား (ဒြပ်မဲ့ပန်းချီ) တွေကို ကျွန်တော်တို့ မခံစားနိုင်ကြပါဘူး။ ကျွန်တော်တို့ဟာ မျက်စိတွေ ရွဲ့စောင်းနေတဲ့ ပီကာဆို ပန်းချီကို မခံစားတတ်ဘူး။ ဒီအတိုင်းပဲ မောင်ချောနွယ်ရဲ့ ခေတ်ပေါ်ကဗျာတွေကိုလည်း မခံစားနိုင်ဘူး။
ဒီလိုမခံစားနိုင်တာကြောင့် ဖန်တီးသူတွေကို အရူးတွေလို့ သတ်မှတ်ကာ ဘေးဖယ်ထားတတ်တယ်။ သူတို့ဟာ ထူးခြားတဲ့သူတွေ အိုင်ဒီယာအသစ်တွေပဲ ဆိုတာကို တွေးတောစဉ်းစားပြီး နေရာပေးတဲ့သူတွေ အတော်ရှားတယ်။ အိုင်ဒီယာအဟောင်းကို ပုံတူကူးချတဲ့သူတွေကို ကျွန်တော်တို့ ချီးမွမ်းတတ်တယ်။
*** ပညာရေးအိုင်ဒီယာများ
.
ပညာရေးဆိုတာ အရေးပါတယ်ဆိုပြီး လူတိုင်းလက်ခံထားပါတယ်။ ၂၀ ရာစုကစပြီး ပညာရေးမှာ အိုင်ဒီယာအများကြီး ပေါက်ဖွားလာတယ်။ ပညာရေး သီအိုရီတွေ အများကြီးရှိတယ်။ ဒီသီအိုရီတွေဟာ အတော်လေးကွဲလွဲတာတွေကိုလည်း တွေ့ရတယ်။ အထူးသဖြင့် ကျောင်းတွေမှာ ကလေးတွေကို သင်ကြားတာတွေ၊ ပညာပေးတာတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေ အများကြီးပါပဲ။
မူလတန်းပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး မကြာသေးမီက ကလေးတွေကို ခက်ခဲတဲ့အက္ခရာ အချို့ မသင်ဖို့ ဆိုပြုတယ်။ ပညာရှင်တွေက လက်ခံပေမယ့် အများက လက်မခံဘူး။ ဒါကြောင်း သမားရိုးကျပုံစံကိုသွားဖို့ အဆိုပြုပြန်တယ်။ ပညာရေးမှာ ဒီလိုပါပဲ။
လူတိုင်းဟာ ပညာသင်ခဲ့ရလေတော့ ပညာရေးကို သူတို့နားလည်တယ်လို့ ထင်နေကြတယ်။ လူတိုင်းပါဝင်ပတ်သက်နေတယ်။ တုတ်ကိုပစ်ထားရင် ကလေးကို ဖျက်ဆီးတာပဲ ( Spare the rode and spoil the child) ဆိုပြီး စကားပုံတောင်ရှိတယ်။ ရိုက်နှက်ဆုံးမမှသာ ကလေးတွေ ပညာတတ်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ ယနေ့ တိုးတက်တဲ့ နိုင်ငံတွေမှာ မိဘတွေက သော်လည်းကောင်း၊ ဆရာ/မတွေက သော်လည်းကောင်း ကလေးတွေကို ဘယ်သူမှ ရိုက်နှက်ဆုံးမခွင့်မရှိပါဘူး။ ဒီထက်ပိုလာတာက ကလေးတွေကို အာဏာရှင်ဆန်ဆန် မဆုံးမသင့်ဘူးဆိုတဲ့ အိုင်ဒီယာပါပဲ။ ပညာရေး တက္ကသိုလ် စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါက်တာသိန်းလွင်ကတော့ ကလေးတွေရဲ့ နာခံတတ်တဲ့ သဘောထားနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ယူဆချက်တွေကို တင်ပြထားတယ်။ သူက နာခံတတ်ခြင်းနဲ့ ပတ်သက်ပြီး တင်ပြခဲ့တာပါ။
ကလေးတွေ နာခံတတ်တယ်ဆိုတာ လူကြီးတွေ အင်မတန်သဘောကျတာပဲပေါ့။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကဆိုရင် နာခံတတ်တာကို တန်ဖိုးထား လေ့ကျင့်ပေးတယ်။ လူနေမှုစနစ်ပုံစံကို ကြည့်ရင်လည်း “မေမေက ဖေဖေ့ကို နာခံတယ်။ ဖေဖေက သူ့ဆရာကို နာခံတယ်” ဆိုတဲ့စနစ်ပါပဲ။ အထက်နဲ့အောက် နာခံတယ်ဆိုတဲ့ သဘောပါပဲ။
သားသမီးတွေဟာ မိဘက ပြန်မပြောဘူး။ လူကြီးမိဘပြောသမျှ နားထောင်တယ်။ ဒါဟာ နာခံတယ်ဆိုတဲ့ သဘောပေါ့။ နာခံတယ်ဆိုရင် သဘောကျစရာပဲပေါ့။
ဒါပေမဲ့ ဒီကိစ္စဟာ ရှေ့မှာသာ အကျိုးရှိတယ်။ နောက်ကွယ်မှာ ပြသ၁နာတွေ ကြီးထွားလာတာ ရှိကြောင်း ဆရာက တင်ပြထားတယ်။ နောက်ပိုင်းမှာ ပြသ၁နာတွေ မကြီးထွားဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေဟာ ယနေ့အမြင်နဲ့ဆိုရင် ရူးနေတာပဲလို့တောင် ထင်စရာရှိပါတယ်။ အဲဒါကတော့ ဆရာ/မတွေဟာ ကျောင်းသားတွေကို ထိန်းချုပ်ဖို့ မကြိုးစားသင့်ဘူးလို့ ဆိုထားတာကြောင့်ပါပဲ။
အပြုသဘောဆောင်တဲ့ ချဉ်းကပ်နည်းနဲ့ ကလေးတွေကိုယ်တိုင် အသိနဲ့ယှဉ်ပြီး ထိန်းသိမ်းနိုင်တဲ့ အလေ့အကျင့်ရအောင် လေ့ကျင့်ပေးရပါမယ်လို့ ဆိုတယ်။ ဒီအခါ ထိန်းချုပ်ရတာတွေ မလုပ်ရတော့ဘဲ သူ့ဘာသာသူ ထိန်းကွပ်လာနိုင်တာကို တွေ့ရပေမယ်။ နာခံတတ်မှုထက် အပြန်အလှန်လေးစားမှုကို အလေ့အကျင့် လုပ်ပေးရပါမယ်။ ဒီစနစ်ကို ယနေ့မှာ နိုင်ငံတကာသုံးနေကြပြီ ဖြစ်တယ်။ ဘာကြောင့် ဘာမလုပ်သင့်လဲဆိုတဲ့ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ကလေးတွေ ပါဝင်လာတဲ့ ဆွေးနွေးမှုတွေကို လုပ်ပေးရမှာဖြစ်တယ်။ ဒါဟာ နောက်ပိုင်း ပြသ၁နာများအားလုံး ကင်းရှင်းတယ်။ လူတော်လူကောင်းတွေ ထွက်လာတယ်။ သူတို့ကို လေးစားတဲ့အတွက် ကလေးတွေဟာလည်း လူပီသတဲ့အလုပ်တွေကို ပိုလုပ်လာပါတယ်။
*** စီးပွားရေးအိုင်ဒီယာများ
.
ရှေးအခါက Capitalism ဆိုတဲ့ အရင်းရှင်စနစ်နဲ့ တည်ထောင်ခဲ့တဲ့ နိုင်ငံအများစုမှာ ချမ်းသာတဲ့ အရင်းရှင်တွေနဲ့ ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေရဲ့ ဓနအင်အား ကွာဟချက်တွေ များလာတယ်။ မညီမျှမှုတွေ များလာတယ်။ လူမှုရေး ကွာဟချက်တွေကြောင့် မတည်မငြိမ်ဖြစ်လာတယ်။ လူဦးရေများလာပြီး အလုပ်လက်မဲ့တွေ များလာတယ်။
ဒီတော့ ဆိုရှယ်လစ်စနစ်ဆိုပြီး စနစ်တစ်ခု ထွက်ပေါ်လာတယ်။ ဒီစနစ်ဟာ လူတွေကို အထိုက်အလျောက် ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီစနစ်ဟာ လူတွေကို လူသားအသစ်အနေနဲ့ အိုင်ဒီယာအသစ်တွေ မွေးဖွားပေးတယ်။ ဒါပေမဲ့ တကယ်တမ်း လူဆိုတာ လူပါပဲ။ လူသားအသစ် မွေးဖွားလို့မရဘူးလို့ စီးပွားရေး ပညာရှင်များက ဝေဖန်သုံးသပ်တယ်။ ဒါကြောင့် ဆိုရှယ်လစ်စနစ် ပျက်သုဉ်းရတယ်လို့ ဆိုတာပါပဲ။
၁၉၂၀ ကနေ ၃၀ အကြားမှာ ဆိုဗီယက်မှာ ဆိုရှယ်လစ်စနစ် တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူတွေကို တွန်းအားပေးနိုင်ခဲ့တယ်။ ၁၉၄၀ နှစ်များမှာ ဟစ်တလာကို တိုက်ခိုက်ရန်ဆိုတဲ့ တွန်းအားဟာ ထိရောက်လှတယ်။ ၁၉၅၀ ခုနှစ်များမှာတော့ ကြီးထွားလာတဲ့ ဖက်ဆစ်စနစ်ကို တိုက်ခိုက်ဖို့အတွက် တွန်းအားပေးနိုင်ပြန်တယ်။ ၁၉၅၀ ခုနှစ်များမှာ ဆိုဗီယက်ဟာ အတော်လေး အလုပ်ဖြစ်တာကို တွေ့နိုင်တယ်။ သူ့ရဲ့ တိုးတက်မှုနှုန်းဟာ အမေရိကန်ပြည်ထောင်စုထက်တောင် ပိုသွားတာကို တွေ့ရတယ်။
သို့သော် စမ်းသပ်မှုကာလ နှစ် ၇၀ ကျော်သွားတဲ့အခါမှာတော့ ဆိုရှယ်လစ်နည်းနဲ့ လူတွေကို တွန်းအားပေးလို့ မရတော့ဘူး။
ဒီတော့ စနစ်ကြီးပြိုကွဲသွားလေတော့တယ်။
ဒီနေရာမှာ ဆန်းစစ်နိုင်တာကတော့ ပုဂ္ဂလိကရေးနဲ့ လူမှုရေးပြိုင်ပွဲမှာ ပုဂ္ဂလိကရေးကသာ အနိုင်ရသွားတယ်လို့ ဆိုနိုင်တယ်။
(ဆိုရှယ်လစ်စနစ် Socialism ဟာ လူမှုအသိုင်းအ၀ိုင်း ကောင်းစားရေး ဦးတည်တာဖြစ်တယ်။ လူမှုရေးစနစ်လို့ သတ်မှတ်နိုင်တယ်။ အရင်းရှင်စနစ်က မိမိကောင်းစားရေး တစ်နည်း ပုဂ္ဂလိက ကောင်းစားရေးဖြစ်တယ်)
သို့သော် ပြိုင်ပွဲကာလမှာတော့ အဖြေဟာ သိပ်တော့မသေချာခဲ့သေးပါဘူး။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာမှာ အမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်ပွဲကို ၀င်ရောက်လာပါတယ်။
အဲဒီတုန်းက အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံတို့သာလျှင် အရင်းရှင်နိုင်ငံအဖြစ် ကျန်ရစ်တော့တယ်။ ဗြိတိန်ဟာလည်း စစ်ရှုံးလုဆဲဆဲ ရှိနေတာကို တွေ့ရတယ်။
ကျန်တဲ့ကမ္ဘာ့နိုင်ငံအားလုံးဟာ ဖက်ဆစ်၊ ကွန်မြူနစ်နဲ့ တတိယနိုင်ငံတွေကတော့ မြေရှင်ပဒေသရာဇ် ကိုလိုနီနိုင်ငံတွေပဲ ဖြစ်တယ်။ ၁၉၂၀ ခုနှစ် ငွေကြေးပြသ၁နာများနဲ့ ၁၉၃၀ ပြည့်နှစ် ကြီးမားသော ဖိစီးမှု (Great Depression) အပြီးမှာ အရင်းရှင်စနစ်ဟာ ပျက်စီးဖို့ တည်းလည်းလေးလိုတော့တဲ့ အခြေအနေကို ရောက်နေခဲ့တယ်။ ကွန်မြူနစ်စနစ်တွေ ပျက်သုဉ်းသွားတယ်။ အရင်းရှင်စနစ်ကတော့ ကျန်နေတယ်။
အသင့်တော်ဆုံးသာ ကျန်ရစ်တယ် (Survival of the fittest) ဆိုတဲ့ တောရိုင်းဥပဒေကိုသုံးတဲ့ အရင်းရှင်စနစ်က ထိုးထိုးထောင်ထောင် ဖြစ်လာတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယားတို့ဟာ တတိယကမ္ဘာက ထိုးထွက်လာတဲ့ အရင်းရှင်ပေါက်စ နိုင်ငံတွေ ဖြစ်လာတယ်။ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့ နောက်တော့ တရုတ်တို့လည်း အရင်းရှင်စနစ်ကို အခြေခံ တိုးတက်လာတယ်။ တရုတ်က ဈေးကွက်စီးပွားရေးကို ကျင့်သုံးလာပြီး ထိပ်ပိုင်းကို ရောက်လာတာ ဖြစ်တယ်။ ကွန်မြုနစ်စနစ်ကို ကျင့်သုံးတဲ့ ဗီယက်နမ်ဟာလည်း ဈေးကွက်စီးပွားရေးစနစ်ကြောင့် အောင်မြင်လာတယ်။
*** အိုင်ဒီယာသစ်များ
.
စီးပွားရေးအိုင်ဒီယာများကိုကြည့်ရင် နောက်ဆုံးကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို သဘောကျစရာ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အိုင်ဒီယာအသစ်တွေနဲ့ ဖောက်ထွက်တဲ့ စီးပွားရေးစနစ်တွေကတော့ ပေါ်ထွက်နေဆဲပါပဲ။ အဓိကတော့ ကျွန်တော်တို့ဟာ ရှေးရိုးစွဲ သိပ်ကို ဂန္ထ၀င်ဆန်လို့ မဖြစ်ဘူး။ ရုန်းထွက်နိုင်ရမယ်။ ပထမ ဆင်းရဲမှုကြောင့် ထိုးဖောက်ဝင်ရောက်လာတာက ကွန်မြူနစ်စနစ်ပါပဲ။ ကျွန်တော်တို့က ကွန်မြူနစ်ဝါဒဟာ ခြိမ်းခြောက် ၀င်ရောက်လာတယ်လို့ ပြောခဲ့ကြတယ်။ တကယ်တော့ မညီမျှမှုတွေများရင် တစ်နေ့မှာ ပျက်စီးမယ်ဆိုတဲ့ သီအိုရီသဘောနဲ့ ၀င်ရောက်လာတာပါပဲ။ ကွန်မြူနစ်စနစ်ရဲ့ အခြေခံကိုက သာတူညီမျှဖြစ်ပါတယ်။
ဒီတော့ အတွင်းကနေ အဲဒီရန်ကို တွန်းလှန်ခဲ့တယ်။ လူတွေအတွက် “သာရေး၊ နာရေး၊ လူမှုရေး” ဟာ အင်မတန် အရေးပါတာကို သဘောပေါက်လာတယ်။ ၁၈၈၀ ခုနှစ်များမှာ ဂျာမနီမှာ သမ္မတ ဘစ်စမတ်ဟာ လူတွေအတွက် သက်ကြီးရွယ်အိုပင်စင်နဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ပြဋ္ဌာန်းခဲ့တယ်။ အင်္ဂလန်မှာလည်း ၀န်ကြီးချုပ်ဝင်စတန်ချာချီလ်က ၁၉၁၁ မှာ လူထု အလုပ်လက်မဲ့ အာမခံထားရှိမှုကို ဆောင်ရွက်ခဲ့တယ်။ အမေရိကန် သမ္မတ ရုစဗဲ့ကလည်း လူမှုဖူလုံရေးစနစ်ကို တည်ထောင်ခဲ့တယ်။ အဲဒီကစခဲ့တဲ့ အိုင်ဒီယာတွေကနေ ယနေ့ လူမှုဖူလုံရေးနိုင်ငံ (Social welfare state) နိုင်ငံတွေကို မြင်နိုင်တယ်။ ဒါဟာ အိုင်ဒီယာအသစ်တွေပါပဲ။ ဒါပေမဲ့ တို့က အလုပ်လုပ်တယ်။ ပြီးတော့ ဘာမှမလုပ်တဲ့လူတွေကို ထောက်ပံ့နေရတယ်ဆိုတဲ့ စကားကိုလည်း ကြားနေရပါတယ်။ ဒါကို မမှန်သေးဘူးလို့ ယူဆရင်လည်း နောက်ထပ် အိုင်ဒီယာအသစ်တွေ ပေါ်လာမှာပါပဲ။
*** နိဂုံး
.
ကျွန်တော်တို့ဟာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ကနေ အီလက်ထရွန်းနစ်ခေတ်ဆီကို ရောက်လာပါပြီ။ လူမှုအဖွဲ့အစည်းဟာလည်း ကြီးသည်ထက်ကြီးထွား လာပါပြီ။ အင်တာနက်ကွန်ရက်တွေကြောင့် လူတွေဟာ နီးကပ်လာပါပြီ။ ညီညွတ်ရေးကို အဓိကထား ဖွဲ့စည်းထားတဲ့ဆိုတဲ့ ဥရောပသမဂ္ဂတို့၊ အာဆီယံတို့ဟာ ယနေ့ခေတ် အင်မတန်ကြီးမားတဲ့ စီးပွားရေး မောင်းနှင်အား ဖြစ်လာပါတယ်။ ဒီမောင်းနှင်အားဟာ တစ်ဦးတစ်ဦး အထောက်အကူပြုဖို့ အရေးပါတယ်။ အထူးသဖြင့် ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးပုံစံတွေဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတာကို သဘောပေါက် သင့်ပါတယ်။ ဆိုလိုတာက လောကကြီးရဲ့ အခြေခံ အဆောက်အအုံဟာ အမြဲတစေ ပြောင်းနေပါတယ်။ ဘယ်ဟာက အကောင်းဆုံးလဲ။ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်က ဈေးကွက်စီးပွားရေးစနစ်ဟာ သင့်တော်တယ်လို့ ယူဆနေဆဲ ဖြစ်တယ်။ အိုင်ဒီယာသစ်တွေဟာ လောကကြီးကို ကိုင်လှုပ်လိုက်တာတော့ အမှန်ပါပဲ။ တစ်ချိန်မှာ ထူးခြားတဲ့ အိုင်ဒီယာနဲ့ လူတစ်ယောက်ယောက်တော့ ပေါ်လာမှာပါပဲ။ အဲဒီအခါမှာ ဒီလူကတော့ အရူးပဲ။ ဘာတွေ လျှောက်လုပ်နေသလဲဆိုတာကို မပြောမိပါစေနဲ့။
ဒေါက်တာခင်မောင်ညို
The Ladies News
http://www.theladiesnewsjournal.com/…/thu-2016-09-15-1…/3394

No comments: