Monday, September 12, 2016

နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးနှင့် နိုင်ငံစီးပွားရေး အလားအလာ

နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးနှင့် နိုင်ငံစီးပွားရေး အလားအလာ
// သတင်းဆောင်းပါး //
 
12 September 2016
 
မြန်မာနိုင်ငံထွက် ဖရဲသီးများအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးဈေးကွက်ဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၁၅ တွင် မြန်မာနိုင်ငံမှ ဖရဲသီးတန်ချိန် ၆၆၀၀၀၀ ခန့် တင်သွင်းခဲ့ပြီး အများစုမှာ ကြယ်ခေါင်နှင့် ၀မ်တိန် နယ်စပ်ဂိတ်များ ရှိသည့် ရွှေလီမြို့မှတစ်ဆင့် တင်သွင်းခြင်းဖြစ်သည်ဟု ရွှေလီစိုက်ပျိုးမွေးမြူရေးဌာန၏ စာရွက်စာတမ်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံမှ ဖရဲသီးတင်သွင်းခြင်းကို ၂၀၁၁ ကတည်းက လုပ်ကိုင်ခဲ့သူ ရွှေလီအခြေစိုက် စီးပွားရေး လုပ်ငန်းရှင် ဒန်စင်ဖာက “မြန်မာနိုင်ငံက ဖရဲသီးတွေက အရသာကောင်းပြီး ဈေးချိုတဲ့အတွက် တရုတ်ဝယ်လိုအား ဆက်မြင့်နေမယ်လို့ ထင်ပါတယ်” ဟု ဂလိုဘယ်တိုင်းသတင်းစာအား ပြောကြားခဲ့သည်။
မြန်မာဖရဲသီးမှာ တရုတ်ဈေးကွက်တွင် တစ်တန်လျှင် ယွမ် သုံးထောင် (ဒေါ်လာ ၄၅၀ ကျော်) ခန့်ရှိသည်ဟု ရွှေလီစိုက်ပျိုး မွေးမြူရေးဌာန စာရင်းများတွင် ဖော်ပြထားပြီး တရုတ်နိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်သည့် ဖရဲသီးမှာ တစ်တန်လျှင် ယွမ် ငါးထောင်ခန့် ဈေးရှိသည်။ တရုတ် စိုက်ပျိုးရေးသမားများ ၀င်ရောက်လာမှုက ၂နိုင်ငံ အကျိုးရှိစေသည်ဟု ရွှေလီစိုက်ပျိုးမွေးမြူရေးဌာနမှူး က ပြောကြားသည်။ ဖရဲသီး တင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ၀င်ငွေရရှိစေသည့်အပြင် တရုတ်လယ်သမားများက မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်သို့ အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများကို ယူဆောင်လာသည်ဟု ယင်းက ဆိုသည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းလာရောက် လုပ်ကိုင်နေသည့် ဒန်စင်ဖာကဲ့သို့ တရုတ်စိုက်ပျိုးရေး လုပ်ငန်းရှင် အများအပြားရှိသည်။ “၂၀၁၁ မှ မြန်မာ့ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတော့ မြန်မာနိုင်ငံရဲ့ မုတ်သုံရာသီဥတုနဲ့ လုပ်အားခ သက်သာမှုတွေကြောင့် တရုတ် စိုက်ပျိုးရေးသမားတွေ ၀င်ရောက်လာပါတယ်” ဟု ဒန်စင်ဖာက ဆိုသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်စရိတ်မှာ တရုတ်နိုင်ငံတွင် စိုက်ပျိုးခြင်းထက် ၄၀ ရာခိုင်နှုန်း သက်သာသည်ဟု ဒန်စင်ဖာက ပြောကြားသည်။
၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံအတွင်း တရုတ်စိုက်ပျိုးရေးသမားများ ရင်းနှီးမြှုပ်နှံထားသည့် ခြံများတွင် မြန်မာလယ်သမားများက လခစား အဖြစ်သာ ၀င်ရောက် လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းများ ရှိလာသည်။ ရွှေလီစိုက်ပျိုးမွေးမြူရေး ဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ဖရဲသီးစိုက်ပျိုးရန် တရုတ်စိုက်ပျိုးရေးသမားများက ငှားရမ်း လုပ်ကိုင်နေသည့် စိုက်ခင်းဧရိယာ ၆၆၆၇ ဟက်တာရှိပြီး နောက်ထပ် ဟက်တာ နှစ်သောင်းခန့်အား ဒေသခံလယ်သမားများနှင့် ဖက်စပ် လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများသည် မြန်မာလယ်သမားများနှင့် ဖက်စပ်အဖြစ် ဆန်နှင့် ပြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစားအစာ ပြုပြင် ထုတ်ပိုးခြင်း လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိသည်။ တရုတ်နှင့် မြန်မာနိုင်ငံကြား စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများမှာ စစ်အစိုးရခေတ် ကမ္ဘာ့နိုင်ငံ အများစုနှင့် အဆက်အသွယ် ဖြစ်ထားချိန် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အသားဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၀ မှစတင်ကာ အသားပြန်လည်တင်ပို့ခွင့် ပြုမည်ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ဖြတ်သန်းတင်ပို့မည့် ရွှေလီမြို့ အတွက် မွေးမြူရေးမှာ အရေးပါသည့် လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှု ဖူလုံစေရန် အကြောင်းပြချက်ဖြင့် ၂၀၀၁ မှစတင်ကာ တရုတ်သို့ အသားငါး တင်ပို့ခြင်းအား ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံမှ တင်ပို့သည့် အသားများအား ပြုပြင်ခြင်း၊ စည်သွတ်ခြင်းများ ပြုလုပ်မည့် စက်ရုံတစ်ရုံကို ရွှေလီမြို့၌ တည်ဆောက်ရန် တရုတ် မွေးမြူရေးလုပ်ငန်းကြီးတစ်ခုက စီစဉ်လျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် မြန်မာ့ စီးပွားရေး၏ အဓိက မောင်းနှင်အား တစ်ခုဖြစ်သည်။ ၂၀၁၅ တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍက နိုင်ငံ ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်း ထုတ်လုပ်ပေးပြီး လုပ်သားအင်အား ၅၀ ရာခိုင်နှုန်းကို အလုပ်ပေးထားနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအတွက် တရုတ်နိုင်ငံသည် အဓိက ဈေးကွက်ဖြစ်လျက်ရှိသဖြင့် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် နေရာမှ ပါဝင်လျက်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံမှု ပိုမိုများပြားလာသော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တရုတ်နိုင်ငံနှင့် အနီးကပ် ဆက်ဆံမှုများ ဆက်လက်မြင့်တက် လာနေမည် ဖြစ်သည်။ မြန်မာတာဝန်ရှိသူများက စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်ရန် လိုလားလျက်ရှိပြီး မြန်မာနိုင်ငံတွင် အစားအစာ စည်သွတ်စက်ရုံများ တည်ထောင်ရန် ရင်းနှီးမြှုပ်နှံသူများကို အားပေးလျက်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်နှင့် ဆက်ဆံရေးမြှင့်တင်ရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အသုံးချနိုင်ပြီး ပို့ဆောင်ရေး ကဲ့သို့သော အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လမ်းဖွင့်ပြီး ဖြစ်စေမည်ဟု ရွှေလီမြို့မှ တာဝန်ရှိသူများက ဆိုသည်။ “မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာရင် ထုတ်ကုန်တွေကို အခြားနိုင်ငံ ဒေသတွေဆီ တင်ပို့ဖို့ လိုလာပါမယ်။ အဲဒီအချိန်ကျရင် သီးနှံတွေကို တရုတ်အပြင် အိန္ဒိယကိုပါ အလျင်အမြန်တင်ပို့နိုင်မယ့် တရုတ်-မြန်မာ ရထားလမ်းရဲ့ အရေးပါပုံကို ဒေသခံတွေ ပိုနားလည်လာပါမယ်” ဟု တရုတ်အစိုးရ အရာရှိကြီးတစ်ဦးက ဂလိုဘယ်တိုင်း သတင်းစာအား ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြတ်ကျော်ရမည့် အတားအဆီးများ ရှိနေသေးသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် မွေးမြူရေးထုတ်ကုန်များ စစ်ဆေးရေးစနစ်မှာ အားနည်းလျက်ရှိသဖြင့် တရုတ်နိုင်ငံ အနေဖြင့် စက်တင်ဘာလမှစကာ တင်သွင်းမည့် အသားများအား စစ်ဆေးရန် နယ်စပ်ဂိတ် တရုတ်နိုင်ငံဘက်တွင် စစ်ဆေးရေးစခန်းတစ်ခု တည်ဆောက်မည်ဖြစ်သည်။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း နှစ်နိုင်ငံလုံးရှိ ဘဏ်များမှ ချေးငွေရယူရန် အခက်အခဲများ ရှိနေသည်။ မန္တလေးတိုင်းအတွင်း စိုက်ခင်း ၂၆၆၇ ဟက်တာ ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် မစ္စတာဒန်စင်ဖာသည် တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးဝယ်လိုအား မြင့်တက်နေသော်လည်း လုံလောက်သည့် အရင်းအနှီးမရှိသဖြင့် လုပ်ငန်းတိုးချဲ့ရန် အစီအစဉ်မရှိသေးဟု ပြောကြားခဲ့သည်။
KHTun
The Ladies News

No comments: