Friday, September 9, 2016

အမေရိကန် ပိတ်ဆို့မှု မည်မျှလျော့ချမည် ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်ဟု ဒေးဗစ်စတိုင်းဘတ်ဆို

အမေရိကန် ပိတ်ဆို့မှု မည်မျှလျော့ချမည် ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်ဟု ဒေးဗစ်စတိုင်းဘတ်ဆို
September 9, 2016
 
------- ----- --------
အမေရိကန်နိုင်ငံ လွှတ်တော်နှစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုများ ရှိနေသည့်အတွက် စိးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ မည်သည့်အဆင့်ထိ လျော့ချရေးကိစ္စရပ်သည် သူမအပေါ်တွင်သာ မူတည် ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် ပါမောက္ခဒေးဗစ် စတိုင်ဘတ်ကဆိုကြောင်း VOA သတင်းဖော်ပြချက်အရ သိရသည်။
...
စက်တင်ဘာလ တတိယပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားမည် အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ လျော့ချရေးအတွက် သမ္မတ အိုဘားမား အစိုးရ အနေနှင့် ပါတီကြီးနှစ်ရပ်လုံးက ညှိုနှိုင်း ဆောင်ရွက်နေကြောင်း အိမ်ဖြူတော်မှ အဆင့်မြင်အရာရှိတစ်ဦး ထုတ်ပေါ်ပြောဆိုခဲ့ခြင်း ရှိသည်။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများ မည်သည့်အဆင့်အထိ လျော့ချရေးကိစ္စ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဆုံးအဖြတ်ပေါ်တွင်သာ မူတည်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘတ်က ဆိုသည်။
ယင်းက “အမေရိကန် လွှတ်တော်တခုလုံးက သူ့ကို အခိုင်အမာ ထောက်ခံထားပါတယ်။ တကယ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လိုလားတယ်ဆိုရင် သူ့အတွက် အလွယ်ဆုံး နည်းကတော့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ကျမတို့ အတွက် မလိုအပ်တော့ဘူးလို့ လွှတ်တော်ကို ပြောလိုက်ရုံပါပဲ။ တကယ်လို့ သူကသာ အဲဒီလို လုပ်မယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို လွှတ်တော်ဘက်ကလည်း ပယ်ဖျက်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အဲဒီလို ပြောမှာလားဆိုတာ မေးခွန်းထုတ်စရာပါ”ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်တပ်မှ သူမကို ဆက်လက်ထောက်ခံသည့်ကိစ္စ သေချာမှု ရှိစေရန်အတွက် အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စနှင့် ပတ်သက်ပြီး ပြောထားချက်ရှိကြောင်း ယင်းကဆက်လက်ပြီး ပြောသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှ စတင်ကာ အမေရိကန် အနေဖြင့် မြန်မာအပေါ် ဖြေလျှော့မှုများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်နှင့် ပတ်သက်သည့် စစ်ရေးအရ ဆက်ဆံမှုများနှင့် စီးပွားဆိုင်ရာ ဆက်နွယ်မှုများ ၊ နာမည်ကျော် လုပ်ငန်းရှင်အချို့နှင့် မူးယစ် လက်နက်ကုန်သွယ်မှုနှင့် သံသယရှိသူများကို ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်ထားသည်။
စစ်တပ်အချင်းချင်း ဆက်ဆံမှုနှင့်ပတ်သက်၍ ဒေးဗစ်စတိုင်ဘတ်က “နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေးမှာတော့ လူကိုသေစေနိုင်တဲ့ ကိစ္စတွေမဟုတ်ပဲ သင်တန်းပေးတာ၊ ပညာတော်သင်တွေ လက်ခံတာ စတဲ့ အဆင့်မျိုးရှိလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အမေရိကန်စစ်တပ်ဟာ အဲဒီဘက်မှာ သိပ်ကောင်းပါတယ်။ အဲဒီလောက်တော့ ကျနော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်မှာ တွေ့ဆုံရန်ရှိပြီး၊ အမေရိကန် လွှတ်တော် ခေါင်းဆောင်များဖြင့် တွေ့ဆုံဖို့ရှိကြောင်းသိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ ညစာ စားပွဲကို တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပမည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက် မိန့်ခွန်းပြောကြားသွားရန်ရှိကြောင်း သိရသည်။
စိုင်းဟန်
The Ladies News

No comments: