Saturday, September 24, 2016

ငြိမ်းချမ်းအောင် ● ကျောင်း


ငြိမ်းချမ်းအောင် ● ကျောင်း
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

ကိုယ်တွေ့တွေပြောရတာတောင် ဗမာပြည်မှာက ငါမသိရင် အရူးစကား ဆိုပြီး ဟာသလုပ်တော့ ကျနော် ဘာမှမပြောချင်တော့။ ဒါကြောင့် ပညာရေး၊ ကျန်းမာရေးတွေနဲ့ပတ်သက်လာရင် ဖင်လန်နိုင်ငံက အကြောင်းတွေ သိပ်မပြောတော့။

ပညာရေးကို မြှင့်တင်မယ်လို့ ကြွေးကြော်လိုက်တာနဲ့ ကျောင်းကျန်းမာရေး၊ အစားအသောက် စတဲ့ ဖြည့်ဆည်းရမဲ့ တာဝန် တွေက အများကြီးပါ။ ဗမာပြည်က အရင်ဆုံးလုပ်ရမဲ့အလုပ်က ကလေးတွေကို ကျောင်းစာသင်ခန်းထဲရောက်ဖို့က အလွန် အရေးကြီးသည်။ ကျောင်းစာသင်ခန်းထဲရောက်ဖို့ ကျောင်းတွေလုံလောက်ဖို့အရေးကြီးသည်။ ကျောင်းတွေလုံလောက်ရင် သင်ကြားပေးမဲ့ ဆရာ/မတွေ အရည်အချင်းကိုခဏထား၊ လူအင်အား ပြည့်မီဖို့လိုအပ်သည်။ ဒါတွေပြီးမှ သင်ကြားရေးထောက် ကူပြုအသုံးအဆောင်တွေ ထပ်ဖြည့်ရမည်။

ဒီနေ့ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေက စာသင်ကျောင်းအချို့ကလွဲပြီး ကျောင်းအများစုက ကျောင်းအင်္ဂါရပ်နဲ့မပြည့်စုံကြ။ ကလေးတွေကိုစုပြီးထားသည့် ကလေးထိန်းနေရာ သပ်သပ်လို ဖြစ်နေကြသည်။ ကျနော် ဘာကြောင့်ပြောလဲမေးရင် တိုင်း ပြည်ဆင်းရဲစုတ်ပြတ်ပြီး၊ အစိုးရက ပညာရေးကို အကုန်အကျမခံနိုင်လို့၊ ပြည်သူအများစုက စားဝတ်နေရေးနောက်ကိုလိုက်ပြီး သားသမီးတွေကို ကျောင်းသာပို့ကာ၊ ဂရုမစိုက်နိုင်သည်ကများလို့ ပြောရခြင်းဖြစ်သည်။

အများစုတက်နေတဲ့ကျောင်းတွေမှာက ကလေးတွေက အမျိုးမျိုး၊ မနက်စာမစားရသည့်ကလေးတွေ၊ နေ့လည်စာမစားရ သည့်ကလေးတွေ၊ အိမ်မှာအဆင်မပြေ၊ ရပ်ကွက်ထဲမှာ ဆူညံနေလို့ ညဘက်အိပ်ရေးသည့် ကလေးတွေ။ ကလေးမျိုးစုံကိုစုပုံထည့်ထားသည့်အခန်းထဲမှာ ဆရာ/မက ဘယ်လို အားလုံးတတ်အောင် သင်ကြားနိုင်တော့မလဲ။ ဒီကြားထဲ မွေးလာက တည်းက သွေးအား နည်း၊ အစားအသောက်ချို့တဲ့သည့်ကလေးတွေကလည်း ဉာဏ်ရည်ကအားနည်းတော့ ထိုကျောင်း၊ ထိုစာသင်ခန်းသည် ကလေးတွေကိုစုပုံထားရာ နေရာသာသာဖြစ်တော့သည်ဟု ကျနော် မှတ်ချက်ချခြင်းဖြစ်သည်။

ဒီကလေးတယောက်နဲ့တော့ ငါ့မှာ ရူးချင်သလိုဖြစ်နေပြီပြောတဲ့ မိခင်တွေ၊ မိဘတွေများတဲ့ ဗမာနိုင်ငံမှာ အခြေအနေအမျိုးမျိုးနဲ့ လာသော ကျောင်းသား ၃၀ မှ ၅၀ ကျော်ရှိတဲ့အခန်းမှာ ဆရာ/မ တယောက်တည်းဆိုတော့ သူတို့ကြုံတွေ့ရမဲ့ဒုက္ခကို စဉ်းစား ကြည့်မိကြပါရဲ့လား။ ရှေ့ဆုံးတန်းက ကျောင်းသား ဆရာ/မ မျက်စိအောက်မှာငြိမ်နေပေမဲ့ နောက်ကကလေးတွေက လုပ်ချင်သလိုလုပ်နေတဲ့အတန်းတွေက အများကြီး၊ ဒီတော့ ဆရာ/မ တွေက အကြောက်တရားဖြစ်အောင် အသံကုန်အော်ရ သည်။ တုတ် သုံးရသည်။ ရိုက်ရသည်။ ဒီတော့ စာသင်ကျောင်းက အသားနာအောင် လုပ်သည့်နေရာ၊ အော်သည့်ငေါက် သည့်နေရာဖြစ်လာတော့ ထိုကလေးတွေ ကြီးလာတဲ့အခါ သူတို့ကျင်လည်ရာအတိုင်း အော်ကြငေါက်ကြ၊ အနိုင်ကျင့်ကြနဲ့ ဖြစ်လာတော့သည်။

ကလေးတွေနဲ့ ကျောင်းစာသင်ချိန်မျှရဲ့လားဆိုတာကလည်း မေးခွန်းဖြစ်လာသည်။ အသက် ၁၀ နှစ် အောက်ကလေးတွေကို ကျောင်းမှာ ၇ နာရီလောက် လောင်ပိတ်ထားတာက နိုင်ငံတကာ စံနှုန်းနဲ့ သတ်မှတ်မယ်၊ ပညာရေးကောင်းမွန်နေတဲ့ နိုင်ငံကြီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ဘယ်လိုမှ ဖြစ် သင့်တဲ့ကိစ္စမဟုတ်တော့။ ဒီကြားထဲ သင်ကြားထောက်ကူပြုပစ္စည်းတွေမရှိဘဲ ဆရာ/မက စာအုပ် ဖတ်ပြတဲ့ပညာရေးဆိုတော့ ကလေးတွေမပြောနဲ့ လွှတ်တော်ထဲမှာတောင် နိုင်ငံရေးလုပ်နေသည့် လူကြီးတွေအိပ်ငိုက်နေတာကိုမြင်ရတဲ့သူတွေ နားလည်နိုင်လိမ့်မည်။

ကျောင်းအကြောင်းပြောမယ်ဆိုရင် အများကြီး၊ ဗမာနိုင်ငံမှာက ချို့ယွင်းချက်တွေ အများကြီး၊ ဘာသာစကားမတူညီမှုတွေ ကလည်း နေရာအနှံ့။

ကျွမ်းကျင်တတ်မြောက်သောပညာရှင်များနဲ့ နိုင်ငံတော်အစိုးရက ပညာရေးကို မြှင့်တင်ဖို့ အခြေခံ ပညာရေးမှာ ချက်ချင်းကို ပုံအောရင်းနှီးမြှုပ်နှံမှသာ ဗမာနိုင်ငံရဲ့ အနာဂတ်ဟာ လာမဲ့ နှစ် ၂၀ - ၃၀ လောက်မှာ မှုန်ဝါးဝါးကို မြင်ရမှာပါ။ ဒီလိုမှမဟုတ်ရင် တော့ ဗမာနိုင်ငံမှာ ကျောင်းအစား ကလေးတွေကိုထောင်ကျခြင်း လေ့ကျင့်ပေးနေတဲ့နေရာသာဖြစ်သွားမှာကို စိုးရိမ်ပါ ကြောင်း ကျနော့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောလိုက်ရပါတယ်။
ငြိမ်းချမ်းအောင်
Painting by Sharon Mick
 

No comments: