Friday, September 9, 2016

အားလုံးပါဝင်ရေး မူအပေါ်ရပ်တည်နေခြင်းသည် မြောက်ပိုင်းသုံးဖွဲ့အပေါ် ကိုယ်ချင်းစာနာခြင်းကြောင့်ဖြစ်ဟုဆို

အားလုံးပါဝင်ရေး မူအပေါ်ရပ်တည်နေခြင်းသည် မြောက်ပိုင်းသုံးဖွဲ့အပေါ် ကိုယ်ချင်းစာနာခြင်းကြောင့်ဖြစ်ဟုဆို
Friday, September 9, 2016
------ ------- -----
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သည် အားလုံးပါဝင်ရေး မူအပေါ် ရပ်တည်နေခြင်းသည် မြောက်ပိုင်းသုံးဖွဲ့အပေါ် ကိုယ်ချင်းစာနာ၍ ရပ်တည်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်/ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်မှုးကြီး မင်းထွန်းကပြောဆိုလိုက်သည်။
...
“အားလုံးပါဝင်ရေးအတွက် ရပ်တည်တယ်ဆိုတာ UNFC အတွက် ရပ်တည်တာမဟုတ်ဘူး။ ကျွန်တော်တို့ အကျိုးစီးပွားအတွက် ရပ်တည်တာမဟုတ်ဘူး။ မြောက်ပိုင်းသုံးဖွဲ့အတွက် ကိုယ်ချင်းစာနာပြီး ရပ်တည်တာဖြစ်ပါတယ်” ဟု ဗိုလ်မှုးကြီးမင်းထွန်းကပြောသည်။
မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် ကိုးကန့်၊ တအာင်း နှင့် ရခိုင့်တပ်မတော်တို့သည် UNFC မှ နှုတ်ထွက်ခဲ့ပြီး သီးသန့်စုဖွဲ့မှု ပြုလုပ်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။
“ဘယ်လိုသဘောထား အမြင်ရှိလဲတော့ မသိဘူး။ ထွက်သွားပြီးတော့ မှ သုံးဖွဲ့မဟာမိတ်ပုံစံနဲ့ ပူးပေါင်းလှုပ်ရှားတာ ရှိပါတယ်။ ပူးပေါင်းပြီး နိုင်ငံရေးဆွေးနွေးတာ ရှိပါတယ်။ အဲ့ဒီဆွေးနွေးတာမှာ ၀ မိုင်းလားက ကြားခံစေ့စပ်ပေးတာ ရှိတယ်။ တရုတ်ကလည်း ၀င်ရောက်ဆွေးနွေးပေးတာ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကာယကံရှင် အဖွဲ့အစည်းတွေက ကျွန်တော်တို့ ANC ကိုသော်လည်းကောင်း၊ UNFC သော်လည်းကောင်း မင်းတို့က ငါတို့နဲ့သက်ဆိုင်ပြီးတော့မှ ငါတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုက ဘယ်လိုရှိပါတယ်။ မင်းတို့က ဘယ်တာဝန်ကိုယူပြီးတော့မှ ၀ိုင်းဝန်းပေးပါ၊ ၀ိုင်းရန်ပေးပါဆိုတော့မှ တိတိကျကျ စကားပြောဆိုနိုင်လိမ့်မယ်။ ယနေ့အချိန်ထိတော့ ကျွန်တော်တို့ ရပ်တည်တာ အားလုံးပါဝင်ခွင့်ဆိုတာဟာ ကျွန်တော်တို့ ပါဝင်ချင်၊ ၀ါဝင်ခွင့်ရပြီးသား ဖြစ်ပါတယ်။ အဲ့ဒီသုံးဖွဲ့ကိုအခြေခံပြီး ပါဝင်ဖို့အတွက်ပဲ ရပ်တည်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး မင်းထွန်းကပြောသည်။
မြောက်ပိုင်းသုံးဖွဲ့ ပါဝင်လာနိုင်ရန်အတွက် အမြဲတမ်း တောင်းဆိုနေသော်လည်း အစိုးရနှင့် တပ်မတော်ဘက်က မည်သို့ ညှိနှိုင်းသည်ဆိုသည့် အပေါ်တွင် မူတည်ကြောင်းလည်း ၎င်းကဆိုသည်။
ထို့အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို တောင်းဆိုရာတွင် တိုင်းရင်းသား အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး အတိုင်းအတာ မဆောင်သည့်အတွက် အစိုးရဘက်က ဦးဆောင်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာရန်တောင်းဆိုခဲ့ဖူးသော်လည်း ယနေ့ထိ ကြေညာသည်ကို မတွေ့ရသေးကြောင်းလည်း ဗိုလ်မှူးကြီးမင်းထွန်း The Ladies သို့ ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News

No comments: