Monday, September 5, 2016

လှကျော်ဇော ● အရပ်သားဘဝ ခံယူခြင်း


လှကျော်ဇော ● အရပ်သားဘဝ ခံယူခြင်း
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၆

မေမြို့မှာကျွန်ခဲ့တဲ့ ကျွန်မတို့မောင်နှမတတွေ မတ်လစာမေးပွဲကြီးပြီးတဲ့အခါ၊ ဖေဖေရှိရာ မင်္ဂလာဒုံကို လိုက်လာခဲ့ရပါတယ်။ ကျွန်မတို့ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဖေဖေလာကြိုနေပါတယ်။ မိသားစုတစုတစည်းတည်း ပြန်စုစည်းမိလို့၊ အားလုံး စိတ်လက်ပေါ့ပါးသွားကြပြီး ဖေဖေ့ကို အကျယ်ချုပ်နဲ့ထားတယ်ဆိုတဲ့မင်္ဂလာဒုံကဧည့်ဂေဟာမှာနေ ထိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ကို ရန်ကုန်မှာရှိတဲ့ဆွေမျိုးတွေရော၊ သုံးဆယ်က ဆွေမျိုးတွေရော၊ အားလုံးလာကြိုကြပါတယ်။ သူတို့တတွေလည်း ကျွန်မတို့ မင်္ဂလာဒုံအိမ်မှာ ၃-၄ ရက်နေကြပါသေးတယ်။ ကျွန်မတို့ကို လာအားပေးဟန် ရှိပါတယ်။ အကျယ်ချုပ်သာဆိုတာ၊ ဖေဖေလည်း လွတ်လွတ်လပ်လပ်သွားလို့ လာလို့၊ ဧည့်သည်တွေလည်း လာကြ၊ အိမ်မှာအိပ်ကြနဲ့ ဘာအကန့်အသတ်မှ သိပ်မရှိလှပါဘူး။ တခုပဲထူးခြားလာတာကတော့ ဖေဖေ့ကို အရပ်ဝတ်စဝတ်လာတာ တွေ့ရတာပါပဲ။ ဟာဝေယံရှပ်အဖြူနဲ့ ရခိုင်ပုဆိုးစိမ်း အကွက်စိပ်စိပ်ကလေးနဲ့ဖေဖေ့ကိုတွေ့ရတာ ကျွန်မတို့မျက်စိထဲ တမျိုးထူးဆန်းနေပါတယ်။ နဂိုတိုင်းမှူးဘဝ တုန်းကလည်း အိမ်မှာကင်းတွေနဲ့ နေလာရတာဖြစ်တော့၊ အခုကင်းရှိလည်း ကျွန်မတို့အတွက်ကတော့ သိပ်အထူးအဆန်း ဖြစ်မနေပါဘူး။ ဒါပေမဲ့ မေမေကတော့ ကျွန်မတို့တတွေအပြင်ထွက်ရင် နောက်က အမ်-အိုင် (ထောက်လှမ်းရေး) လိုက် တတ်တယ်လို့ ပြောပြဖူးပါတယ်။ တို့ကတော့ ဘယ်ဘဝရောက်ရောက် သွားလေရာ Escort (ကင်းအစောင့်အရှောက်) နဲ့ဟေ့လို့ရယ်စရာလုပ် ပြောတတ်ပါတယ်။

အဲဒီနှစ်သင်္ကြန် ကျွန်မတို့မင်္ဂလာဒုံမှာ ကျပါတယ်။ သင်္ကြန်တွင်း တနေ့ခင်း တက္ကသိုလ်ကျောင်းသားများ အဖွဲ့တဖွဲ့ ကျွန်မတို့ အိမ်ရှေ့ရောက်လာပြီး၊ ရန်ကုန်မြို့ကြီး ချောက်ထဲကျဖို့ လက် ၂  လုံးအလို ကယ်တင်ခဲ့တာ ဗိုလ်ကျော်ဇော ဗိုလ်ကျော်ဇော ဆိုပြီး သံချပ်ထိုးတာ ကျွန်မမှတ်မိနေပါတယ်။

နောက် ကျွန်မမှတ်မိနေတဲ့ မြင်ကွင်းတခုလည်း ရှိပါသေးတယ်။ ၁၉၅၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ဖေဖေအငြိမ်းစားစယူရတဲ့နေ့က မြင်ကွင်းပါ။ အဲဒီနေ့ညနေကျွန်မတို့ မင်္ဂလာဒုံအိမ်ကနေ စမ်းချောင်းအိမ်လေးကိုပြောင်းဖို့ ပြင်ဆင်နေချိန်ပါ။ ကျွန်မတို့ မောင်နှမတတွေက အကြီးဆုံးကျွန်မ တောင် ၁၀ နှစ်ပဲ ရှိသေးတော့၊ မိဘတွေရဲ့အပူအပင်ကို သိပ်နားမလည်လှပါဘူး။ လူကြီးတွေ မျက်စိ မျက်နှာမကောင်းရင် ကိုယ်ရှိန်သတ်နေလိုက်ကြ၊ လူကြီးတွေလစ်တာနဲ့ ကစားကောင်းဆဲ၊ ဆော့ကောင်း ဆဲပါပဲ။ အဲဒါကြောင့် အဲဒီညနေက ခြံထဲဆင်းကစားနေတဲ့ကျမတို့ကို ရေချိုးအဝတ်အစားလဲဖို့ အဘွားတွေက အိမ်ပေါ် ကနေလှမ်းခေါ်လို့ ကျွန်မတို့အိမ်ထဲဝင်လာကြပါတယ်။ အိမ်ထဲအဝင် ဧည့်ခန်းအဝမှာ၊ စစ်ဗိုလ်တဦးကို မတ်တပ်တွေ့လိုက်ရပြီး ဖေဖေကတော့ ဧည့်ခန်းထဲမှာထိုင်နေပြီး လက်ထဲမှာလည်း စာရွက်တရွက်ကိုင်ထားတာ တွေ့ရပါတယ်။ ဖေဖေကအသံ ခပ်မာမာနဲ့ မင်းတို့လူကြီးတွေကို ပြောလိုက်ပါ။ ငါဒီအိမ်မှာ ညနေ ၆ နာရီထိရှိမယ်။ လုပ်ချင်သလို လုပ်လို့ရတယ်လို့ ပြော လိုက်လို့ ပြောနေတာ ကြားလိုက်ရပါတယ်။ (နောင်မှ သိရတာက စစ်ရုံးချုပ်က ဖေဖေ့ကို ရာထူး ၂  ဆင့်ချပြီး ဒုဗိုလ်မှူးကြီးရာထူးနဲ့ပင်စင်ပေးလိုက်ကြောင်း အကြောင်းကြားစာ လာပို့တာတဲ့) အဲဒီစစ်ဗိုလ်လေးပြန်ထွက်ကာနီး ဖေဖေ့ကို အလေးပြုနေ တဲ့ပုံ ကျွန်မအခုအထိ မျက်စိထဲက မထွက်ဘူး။ အလေးပြုနေတဲ့လက်ဟာ တဆက်ဆက်တုန်နေပြီး မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝဲနေပါတယ်။

ကျွန်မတို့မိသားစု အဲဒီညနေက စမ်းချောင်းရပ်ကွက်၊ ဆီဆုံလမ်း၊ အိမ်နံပါတ် (၃၆) ကို အပြီးပြောင်းလာခဲ့ကြပါတယ်။ အဲဒီ အိမ်လေးဟာ ပေ ၂၅- ၅၀ မြေကွက်လေးပေါ်ကမြေစိုက်တလိုင်း အိမ်လေးပါ။ အရင်ကနေခဲ့ရတဲ့အိမ်ကြီးတွေရဲ့အိပ်ခန်းတခန်းစာတောင် မရှိပါဘူး။ ကျွန်မတို့လည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ရုတ်တရက်ချက်ချင်း အရှင်လတ်လတ်  နိဗ္ဗာန်ဘုံက ငရဲ ပြည်ခုန်ဆင်း လိုက်ရသလိုပါပဲ။ ဒီကြားထဲ ပိုဆိုးတာက၊ အဲဒီတုန်းက မိလ္လာစနစ်က ဇလားအိမ်သာစနစ်ပါ။ ကျွန်မတို့မောင် နှမတတွေ ဘယ်သူမှအဲဒီအိမ်သာမျိုးမတက်တတ်လို့ ငိုကြ၊ ယိုကြဖြစ်ကြရပါ သေးတယ်။

သြော် အခုပြန်စဉ်းစားကြည့်တော့၊ မေမေတို့ ဖေဖေတို့ ကျွန်မတို့တတွေကိုကြည့်ပြီး ဘယ်လောက်များ စိတ်ဆင်းရဲကြမယ် မသိပါဘူး။ လူမမယ်သားသမီး ၅ ယောက် လူလားမြောက်ဖို့အရေး ပညာတတ်ဖို့အရေး ဘယ်လောက်များ ရင်လေးပူပန် နေကြမယ်မသိပါဘူး။ ဒါတွေ စဉ်းစားမိတော့ ဖေဖေနဲ့မေမေကို သနားလိုက်တာလေ။

အဲဒီအိမ်လေးပေါ်ရောက်တဲ့နေ့မှာတော့၊ ကျွန်မတို့ငယ်သေးပေမယ့် ကျွန်မတို့ဘဝ အပြောင်းလဲကြီး ပြောင်းလဲသွားပြီဆိုတာ ရင်ထဲကကို ဒိတ်ခနဲ သတိပြုလိုက်မိပါတော့တယ်။ မွေးကတည်းကစလို့ အလွန်ခန်းနားကြီးကျယ်၊ ကျယ်ဝန်းလှတဲ့ အိမ်ကြီး အိမ်ကောင်းများမှာ ခြွေရံသင်းပင်းများစွာနဲ့ နေနေခဲ့ရတဲ့ဘဝကနေ နေ့ချင်းညချင်း အိမ်မှောင်မှောင် ကျဉ်းကျဉ်း ကုပ်ကုပ် ကလေးပေါ် ပြောင်းရွှေ့ရောက်ရှိခဲ့ရပါတော့တယ်။ ဒါပေမဲ့ ဒီအိမ်လေးရဲ့ကျေးဇူးကလည်း မသေးပါဘူး။

အိမ်လေးက ကျဉ်းတော့၊ ဖေဖေမေမေတို့နဲ့အတူ ကျွန်မတို့မောင်နှမတတွေ အတော်ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နေလိုက်ရပြီး၊ ဆင်းဆင်းရဲရဲ၊ ကျပ်ကျပ်တည်းတည်း၊ ချွေချွေတာတာလည်းနေရလို့ တမိသားစုလုံး အပြန်အလှန်ညှာတာ ထောက်ထားငဲ့ ညှာနဲ့ အလွန်ကြီးမားတဲ့သံယောဇဉ်တွေ တွယ်ကပ်ချုပ်နှောင်မိသွားပါတော့တယ်။

ဒါကြောင့်ပဲ ဖေဖေက သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ‘ဆီဆုံလမ်းမှ အိမ်ကလေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ အခန်းတခန်းရေးထားပြီး အဲဒီအခန်းအဖွင့်မှာ “ကျနော်တပ်ကထွက်ပြီးနောက်၊ ၁၉၅၇ ခုနှစ်၊ ဇူလိုင်လဆန်း (ယခုနောက်ပိုင်းရရှိတဲ့ သတင်းစာဟောင်း ဖြတ်ပိုင်းများအရ၊ ဇွန် ၆ ရက်နေ့ ဖြစ်ပါတယ်။ စာရေးသူ) မှစ၍ ၁၉၇၄ ခုနှစ် နှစ်လယ်ပိုင်းအထိ နှစ်ပေါင်း ၁၇ နှစ်နီးပါး နေထိုင်ခဲ့သည့် စမ်းချောင်းရပ်ကွက်တွင်းရှိ ဆီဆုံလမ်း အိမ်နံပါတ် (၃၆) နေအိမ်လေးသည် ကျနော်တို့မိသားစု စုံစုံလင်လင်နဲ့အရှည်ကြာဆုံးနေခဲ့ရသည့် အိမ်ကလေးဖြစ်ကာ ကျနော်တို့မိသားစုအတွက် မမေ့နိုင်ဖွယ်ရာကလေး ဖြစ်ပါတော့သည်” လို့ ရေးထားပါတယ်။

အဲဒီအိမ်လေးပေါ်ကပဲ၊ ဖေဖေဟာ သူ့ရဲ့နိုင်ငံရေးသမားဘဝကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ အဲဒီအိမ်လေးပေါ်မှာပဲ သတင်းစာရှင်းလင်းပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်သွားတဲ့ကာလ အထိပေါ့။ အဲဒါတွေထဲက ပထမဆုံးပွဲဦးထွက်ကတော့ ၁၉၅၇ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ကကျင်းပခဲ့တဲ့ ဖေဖေရဲ့ ‘ပြည်သူလူထုသို့ရှင်းတမ်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။ ဖေဖေက သူ့အမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို တိုင်တည်တဲ့သဘောနဲ့ပြုလုပ်တာပါ။

အဲဒီ သတင်းစာရှင်းလင်းပွဲဟာ ၄ နာရီနီးပါး ကြာခဲ့ပါတယ်။ ဖေဖေရဲ့ရှင်းလင်းချက်မှာ သူ့ကိုစနစ်တကျ တရားရုံးမှာ ဥပဒေ အကြောင်းနဲ့အညီ မစစ်ဆေးဘဲ သံသယနဲ့ပင်စင်ပေးလိုက်မှုကို မကျေနပ်ကြောင်း၊ သူ့ကို ငှဲ့ညှာတယ်ဆိုတာမဟုတ်တဲ့အ ကြောင်း၊ အစိုးရက ဖေဖေ့အမှုကိစ္စအပေါ်ထုတ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စဆိုတဲ့ စာအုပ်ကြီးထဲက မတော်မတည့် မဆီမလျှော်တဲ့ အချက်အလက်တွေအကြောင်း၊ အဲဒီထဲက တချို့စွပ်စွဲချက်တွေကို သက်ဆိုင်ရာလူတွေ (ဝန်ကြီးတွေ) ကို ဘယ်လိုရှင်းပြကြောင်း စတဲ့အကြောင်းအရာအတော်များများ ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။ အဓိကကတော့ သူ့မှာ နိုင်ငံသား တဦးအနေနဲ့ရော တပ်မတော်သားတဦးအနေနဲ့ရော အခြေခံဥပဒေအခွင့်အရေးတွေဆုံးရှုံးပြီး မတရားသဖြင့် (သံသယမှုနဲ့) ပြန်လည်ဖြေရှင်းခွင့်မပေးဘဲ၊ အုပ်ချုပ်မှုအာဏာနဲ့ အငြိမ်းစားပေးလိုက်ခြင်းခံရကြောင်းကို ပြည်သူလူထုကိုရှင်းပြတာပါပဲ။ အစိုးရရဲ့တဖက်သတ် ရေးသားပြောဆိုနေမှုတွေကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

နောက်နေ့ထုတ်သတင်းစာများမှာတော့ သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံများနဲ့အတူ ဖေဖေရဲ့ ရှင်းလင်းချက် အပြည့်အစုံပါရှိ လာပါတယ်။ ဒီနောက် ဆက်တိုက်ပဲ သတင်းစာဂျာနယ်တွေက (အထူးသဖြင့် လက်ဝဲယိမ်းများက) ခေါင်းကြီးပိုင်းတွေရေးပြီး ‘ဗိုလ်ကျော်ဇောလို ပုဂ္ဂိုလ်ပင်လျှင် ပြည်ထောင်စုသားတိုင်း ရရှိခံစားရမည့်အခြေခံဥပဒေအခွင့်အရေးများ ဆုံးရှုံးနေရပြီလော’ ရုံးတင်စစ်ဆေးပါ။ စသဖြင့် ဖေဖေ့ကို ထောက်ခံရေးသားပေးခဲ့ကြပါတယ်။ ဖေဖေရဲ့တိုင်းပြည်အကျိုးအပေါ် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများအကြောင်း၊ တိုက်ပွဲများအတွင်း အောက်ခြေရဲဘော်များနှင့် အတူနေအတူစား အတူ ဖြတ်သန်းခဲ့ ပုံများအကြောင်း ဆောင်းပါးတွေလည်း တွေ့ရပါတယ်။ တပ်တွင်းကပဲ တပ်မှူး တပ်သားတချို့ရေးကြတာပါ။ အဲဒီခေတ်ထုတ် လင်းယုန်ဂျာနယ်တို့၊ ပြည်သူ့ဂျာနယ်တို့ စတာတွေမှာ ပါတာပါ။

အဲဒီကာလက ဖဆပလအစိုးရတွင်း ခြစားမှုတွေ၊ လာဘ်စားမှုတွေ၊ အချင်းချင်းအပြန်လှန် စွပ်စွဲချက်တွေနဲ့ နာမည်ပျက်စပြုလာချိန်နဲ့လည်းတိုက်ဆိုင်နေလို့ အစိုးရကို တိုက်ခိုက်ဝေဖန်တဲ့အရှိန်နဲ့လည်း ရောနေဟန်ရှိပါတယ်။

သြော် "အဲဒီတုန်းကတော့၊ ပါလီမန်ဒီမိုကရေစီအခွင့်အရေးတွေ၊ သတင်းစာလွတ်လပ်ခွင့်တွေကလည်း အသင့်အတင့် တစုံတရာ ရှိနေသေးတာကိုး။

ဒါ့အပြင် သခင်သန်းထွန်းရဲ့ဖိုင်တွဲတွေကိုမိတယ်ဆိုတဲ့ အောင်မာဃစစ်ဆင်ရေးကို ဦးစီးခဲ့သူ ဗိုလ်မှူးကြီးကြည်ဝင်းဟာ တပ်တွင်းဆိုရှယ်လစ်တပ်မှူးအမာခံတဦးဖြစ်တာသိကြလို့လည်း ဒီဖိုင်တွဲကိစ္စကို ပိုမယုံကြည်ဖြစ်ကြတာလည်း ပါပါတယ်။ တချို့သတင်းတွေကဆို ဖေဖေရဲ့အဲဒီနေ့ကပုံရိပ်ကို အသေးစိတ် စိတ်ထိခိုက်ဖွယ်ရေးသားထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ၁၉၅၇ ဇူလိုင်လ ၆ ရက်နေ့က ပြည်သူ့ဂျာနယ် အယ်ဒီတာတဦးရေးခဲ့တဲ့ ဆောင်းပါးတစောင်မှာ ဒီလိုရေးထား ပါတယ်။

“တလုံးချင်း တလုံးချင်းပြောဆိုရှင်းလင်းနေသော  ဗိုလ်မှူးချုပ်ကျော်ဇော၏အသွင်မှာ တည်ငြိမ် အေးဆေးနူးညံ့ပျော့ပျောင်း သောအသွင်ကို ဆောင်နေပါသည်။ စစ်မြေပြင်တွင်ရဲရင့် ပြတ်သားလှသော စစ်သူကြီးတယောက်အဖြစ် ထင်ရှားကျော်ကြားလှသူတယောက်ဖြစ်သော်လည်း လူပုဂ္ဂိုလ်အရမှာမူ မာကြောခက်ထန်သော အသွင်သဏ္ဌာန်လုံးဝမရှိဘဲ နူးညံ့ပျော့ပျောင်း ပြေပြစ်သိမ်မွေ့သူ တယောက်ဖြစ်ကြောင်းကို ပုဂ္ဂိုလ်အရမြင်ဖူးသူတိုင်းနှင့်ဆက်ဆံဖူးသူတိုင်းက သိကြပါသည်” တဲ့။

အဲဒီနေ့မှာပဲ ဖေဖေက သတင်းစာဆရာများမှတဆင့် တိုင်းပြည်ကို ကတိတခု ပေးလိုက်ပါတယ်။ အဲဒါကတော့ ….."သူဟာ တိုင်းပြည်ကိုချစ်တဲ့သူတဦးဖြစ်တာကြောင့် သူ့ကိုယ်သူ တိုင်းပြည်အကျိုးအတွက်ပဲ အသုံးချပြီး တိုင်းပြည်ကို အလုပ်အ ကျွေးပြုမယ် တမျိုးသားလုံးကာကွယ်ရေးနဲ့ တမျိုးသားလုံး ကြုံတွေ့ခံစားနေရတဲ့ပြဿနာများကိုကျောမခိုင်းဘဲ ဆက်လက် ဆောင်ရွက်မယ်။ ‘ယနေ့သည် မြန်မာနိုင်ငံ၏ရာဇဝင် ဘယ်အခါကနှင့်မျှမတူအောင် အမှောင်ဆုံးအချိန်ဖြစ်နေပါသည်။ မှောင်ကြီးကျနေပါသည်’။ ‘အဲဒီလိုအရေးအခင်းတွေကို ကျောခိုင်းမထားဘဲ သူအစွမ်းရှိသလောက် ဖြေရှင်းဆောင် ရွက်ပါ့ မယ်’ တဲ့။ ဖေဖေ အလွန် ကတိတည်ပါတယ်။

အဲဒီနေ့ကစလို့ဖေဖေဟာ ဒီအိမ်လေးပေါ်ကပဲ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရုတ်ဖြူကျူး ကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကလည်း ဖေဖေ့ကို ဒီအိမ်လေးပေါ်မှာပဲလာတွေ့ဆုံကြပြီး နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးကြ မိမိတို့ရဲ့နစ်နာချက်များကို တိုင်တည်ကြ အကြံဉာဏ်တောင်းကြနဲ့ ဒီအိမ်လေးဟာ အစိုးရရဲ့ အတိုက်အခံဌာ နလေးတခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတော့တယ်။

ကျွန်မတို့တတွေအတွက်လည်း  ဒီနိုင်ငံရေးအကြောင်းအရာတွေဟာ မကြားချင့်အဆုံး ကြားနေရပြီး မလွှဲမရှောင်သာရော၊ မသိမသာရော နိုင်ငံရေးသင်တန်းတွေတက်နေရသလို ဖြစ်လာပါတော့တယ်။

ဒါနဲ့ပဲ ဖေဖေနှင့် ကျွန်မတို့မိသားစုဝင်တွေအားလုံး တပ်မတော်ကြီးနှင့်ကင်းကွာသွားပြီး ပြည်သူလူထုဘဝနဲ့တထပ်တည်း ကျသွားပါတော့တယ်။ ပြည်သူလူထုရဲ့ဒုက္ခအဝ၀ကို နားလည် စာနာသူများ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ ကျွန်မက ဒီအိမ်လေးကို ကျေးဇူးကြီးတယ်လို့ ပြောတာပေါ့။
၃၀-၅-၂၀၁၄။

မှတ်ချက်။ ။ ကျွန်မဆက်၍ ရေးချင်သော ဖေဖေ့အကြောင်းများ၊ အတွဲ ၁၊ (ဖြိုးမောက်သာစာပေ)  မှ နောက်ဆုံးဆောင်းပါး အမှတ် (၃၅) ကို တင်လိုက်ပါတယ်။

 http://blog.moemaka.com/2016/09/blog-post_24.html

No comments: