Friday, September 23, 2016

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ဖဲတချို့ကို တရုတ်က ကိုင်ထားနိုင်တာရှိတယ် – စာရေးဆရာကျော်ဝင်း

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ဖဲတချို့ကို တရုတ်က ကိုင်ထားနိုင်တာရှိတယ် – စာရေးဆရာကျော်ဝင်း
 
23 September 2016

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံပြင်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို လက်ရှိမှာလည်း အမေရိကန်နိုင်ငံကို သွားရောက်ပြီး သမ္မတ အိုဘားမားအပါဝင် နိုင်ငံခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂမှာလည်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ မြန်မာ-တရုတ် ဆက်ဆံရေး၊ မြန်မာ-အမေရိကန်ဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး စာရေးဆရာ ကျော်ဝင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပထမဆုံး အာဆီယံပြင်ပခရီးစဉ်အဖြစ် အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ တရုတ်ကို အရင်သွားတယ်။ အခု အမေရိကန်သွားတယ်။ ပြန်လာရင်လည်း အိန္ဒိယသွားဦးမယ်လို့ ကြားနေရတယ်။ ဒီလိုပဲ ဂျပန်ကလည်း လာဖို့ပြောနေတယ်။ ဒါပေမယ့် သွားဖြစ်၊ မသွားဖြစ်တော့ တရားဝင်တော့ မသိရသေးဘူးပေါ့။ အဲတော့ လက်ရှိ မြန်မာအစိုးရသွားနေတဲ့ နိုင်ငံခြားရေးပေါ်လစီ အနေအထားအရ ဆရာ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သွားနေတယ်လို့ မြင်လဲပေါ့နော်။ ဆရာ့အနေနဲ့ သုံးသပ်ချက်လေး ပြောပေးပါ။
ဖြေ – ပထမဆုံး ပြောရမှာကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း တက်ခဲ့တဲ့ အစိုးရအဆက်ဆက် တခြားပေါ်လစီမှာ အမှားရှိကောင်းရှိမယ်။ သို့သော် နိုင်ငံခြားရေးပေါ်လစီဘက်မှာတော့ ကြီးကြီးမားမား အမှားမရှိဘူးလို့ ကျနော်ထင်တယ်။ ဒါ အစိုးရတိုင်းပါပဲ။ ပထမ ဖဆပလအစိုးရလည်း ဒီအတိုင်းပဲ။ သူက စစ်အေးကာလကို ဖြတ်ရတယ်ဆိုပေမယ့် ဘယ်ဘက်မှ မလိုက်ဘဲနဲ့ တည့်မတ်တဲ့ ကြားနေဝါဒနဲ့ သွားခဲ့တယ်။ ဦးနေဝင်းလက်ထက်လည်း ဒီအတိုင်းပါပဲ။ သို့သော် ဦးနေ၀င်းလက်ထက်မှာ ပြောစရာတခုရှိတာက တရုတ်ပြည်နဲ့ဆက်ဆံရေး ယိုယွင်းစေတဲ့ တရုတ်-မြန်မာ အဓိကရုဏ်း ဖြစ်လိုက်တာကတော့ ပြောစရာနည်းနည်းရှိတာပေါ့။ နောက်ပိုင်းတော့ သူလည်း ပြင်နိုင်ပါတယ်။ နောက်ပိုင်းတက်လာတဲ့ တပ်မတော်အစိုးရ လက်ထက်မှာလည်း တဘက်မှာ ဆန်ရှင်ရှိလို့ တရုတ်နဲ့ ပြေးကပ်ရတာကလွဲလို့ ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် တက်လာတော့လည်း ဒီအတိုင်းပဲ။ ဘက်မလိုက်တဲ့ တည့်မတ်တဲ့ ကြားနေရေးဝါဒကို ကျင့်သုံးတဲ့ ပေါ်လစီနဲ့ သွားတယ်လို့တော့ ကျနော်ထင်တယ်။ ဒါကြောင့် ဆိုးဆိုးဝါးဝါး အမှားမရှိဘူးလို့ ထင်တယ်။ ယေဘုယျပြောရရင်တော့ ကျနော် သဘောကျပါတယ်။ တိတိကျကျ ထပ်ပြောမယ် ဆိုရင်တော့ တည့်မတ်တဲ့ ကြားနေရေးဝါဒ ဆိုပေမယ့် တချို့ကိစ္စတွေမှာတော့ အနီးကပ်ဖြစ်နေတဲ့ အိမ်နီးချင်းတွေကို ဦးစားပေးတာမျိုးတော့ ဖြစ်နေတယ်။ ဒါကြောင့် အာဆီယံပြင်ပ ခရီးစဉ်တွေ စဉ်းစားတဲ့အခါမှာ တရုတ်ပြည်ကို ဦးစားပေး သွားလိုက်တယ်။ ပြီးမှ အမေရိကန်ကို သွားတယ်လို့ထင်တယ်။ နှစ်ခုလုံးကတော့ အရေးကြီးတယ်။ ဒါပေမယ့် ပိုပြီး အနီးကပ် အန္တရာယ်ရှိတဲ့၊ ဒုက္ခပေးမယ်ဆိုလည်း ပေးနိုင်တဲ့ တရုတ်ပြည်ကတော့ ပိုအရေးကြီးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကလည်း အသစ်တော့ မဟုတ်ပါဘူး။ အရင်အစိုးရ အဆက်ဆက်လည်း ဒီအတိုင်း သဘောထားတယ်။
မေး – လက်ရှိအစိုးရအနေနဲ့လည်း အရင်အစိုးရအနေနဲ့ သွားသလို တရုတ်ပြည်နဲ့ ဆက်ဆံရေးက ပိုပြီးခိုင်မြဲဖို့လိုတယ်လို့ ဆရာ သုံးသပ်ချင်ပါသလား။
ဖြေ – ခိုင်မြဲဖို့လိုတယ်ဆိုတာထက် အရပ်စကားနဲ့ ပြောမယ်ဆိုရင်တော့ဗျာ၊ စိုသောလက် မခြောက်စေနဲ့ဆိုတဲ့ ပြဿနာမျိုးလိုပေါ့။ အဲဒါမျိုးဖြစ်ဖို့တော့ လိုလိမ့်မယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကနဲ့ တရုတ်နဲ့ ယှဉ်ကြည့်ရင် အမေရိက က စူပါပါဝါ။ အကြီးကြီးဖြစ်နေတဲ့ စူပါ ပါဝါ။ သူ့မှာ ဆော့ပါဝါရော ဟာ့ဒ်ပါဝါရော ရှိတယ်။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အမေရိကရဲ့ အကူအညီ အများကြီးလိုတယ်။ အလားတူပဲ တရုတ်နိုင်ငံဟာ ဗမာ့နိုင်ငံရေး အဖြေရှာရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍက တော်တော်အရေးပါတယ်။ အထူးသဖြင့်တော့ တရုတ်-မြန်မာနယ်စပ်မှာ အခြေပြုလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ဒီအချက်က အတော်အရေးကြီးတယ် ထင်တယ်။ နောက်တခုက ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ဖဲတချို့ကို တရုတ်က ကိုင်ထားနိုင်တာရှိတယ်။ အဲဒီကိစ္စက တော်တော်အရေးကြီးတယ်။ အဲဒီတော့ ဗမာ့နိုင်ငံရေး ဖြေရှင်းရေးမှာ တရုတ်အကူအညီလိုသလို မထင်ရင် တရုတ်က အန္တရာယ်ပေးနိုင်တဲ့ အနေအထားလည်း ရှိတယ်။ အဲတော့ နှစ်ခု နှိုင်းယှဉ်ကြည့်ရင် တရုတ်က ပိုအရေးကြီးလိမ့်မယ် ထင်တယ်။
မေး – လက်ရှိ နိုင်ငံရေးအခြေအနေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားနေတဲ့ ၂၁ ရာစု ပင်လုံကိစ္စအနေနဲ့ သွားမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ လက်ရှိအစိုးရရဲ့ကြားထဲက ရင်းနှီးမှု၊ ဆက်ဆံမှုတွေက လက်ရှိ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းဖို့အတွက် အထောက်အကူ ပိုဖြစ်လာနိုင်မယ်လို့ရော ဆရာ မြင်ပါသလား။
ဖြေ – အများကြီး ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း ပြန်ပြောရင် သူတို့ကိုင်ထားတဲ့ သေနတ်နဲ့ သူတို့သုံးနေတဲ့ကျည်ဆန်တွေ အားလုံးဟာ အကုန်လုံး Made in China ချည်းပဲ။ ဒါတခု။ နောက်ပိုင်းကြားရတဲ့ သတင်းတွေပေါ့ဗျာ။ အထူးသဖြင့် ဘာတေးလစ်တနာရဲ့ သတင်းပေးပို့တာတွေအရ သိရတာတွေဆိုရင် တရုတ်ပြည်ကရတဲ့ လက်နက်တွေက အရင် ကွန်မြူနစ်ပါတီရခဲ့တဲ့ လက်နက်တွေနဲ့ ဘာမှမဆိုင်တော့ဘူး။ အဆင့်မြင့်သွားတယ် ဆိုတာတွေလည်း ကြားရတယ်။ အဲဒီတော့ ဘာပဲပြောပြော တရုတ်ပြည်ရဲ့ အကူအညီလိုတယ်။ အဲဒီတော့ ဒီနေရာမှာလည်း ပြဿနာက အန်အယ်လ်ဒီအစိုးရ တက်လာခါစက တရုတ်က စကားဦးသန်းထားတာလည်း ရှိတယ်။ ကျနော်တို့ မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ တရုတ်ပြည်အနေနဲ့ တတ်နိုင်သလောက် ကူညီချင်ပါတယ်ဆိုတာ ဒါ တချက်။ ဒါတော့ ကောင်းတဲ့ဟာပေါ့ဗျာ။ ဒုတိယကတော့ မြစ်ဆုံကိစ္စကိုလည်း နှစ်ဘက် မနစ်နာစေတဲ့ ဘောင်ထဲကနေ ပြန်ပြီးညှိနှိုင်းရအောင်ဆိုတဲ့ အပေးအယူဆန်ဆန်မျိုး ပြောထားတာ ရှိတယ်။ အဲဒီတော့ ဒီအနေအထားပေါ်မှာကြည့်ပြီး ကစားသွားရမယ့်သဘော ရှိမယ်ထင်တယ် မြန်မာအစိုးရသစ်အနေနဲ့ပေါ့။
မေး – ဒါဆိုရင်တော့ လက်ရှိ နိုင်ငံရေးအသိုင်းအ၀ိုင်း တော်တော်များများက သုံးသပ်တာက ခုလက်ရှိ တက်လာတဲ့ အစိုးရသည် အနောက်နိုင်ငံအများစုနဲ့ ပနံသင့်တယ်ပေါ့နော်။ တရုတ်ကလည်း အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံတွေနဲ့ ပိုပြီးတော့ ရင်းနှီးသွားမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိတယ်ပေါ့။ တကယ်လို့ သူတို့စိုးရိမ်သလိုပဲ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ လက်ရှိအစိုးရက အနောက်နိုင်ငံတွေနဲ့ ပနံသင့်သွားတာတို့၊ အမေရိကန်အပေါ်မှာ မှီခိုအားထားမှုတွေ ပိုများလာတာတို့၊ ဒါတွေ ဖြစ်လာခဲ့မယ်ဆိုရင် ပြည်တွင်းအခြေအနေတွေ ဘာဖြစ်သွားနိုင်လဲဆရာ။
ဖြေ – ကျနော်တို့ ထင်ထားတာကလည်း အန်အယ်လ်ဒီအစိုးရ အာဏာရလာရင် အမေရိကန်နဲ့ ဆက်ဆံရေး သိပ်ကောင်းသွားလိမ့်မယ်လို့ ထင်ထားတာရှိတယ်။ လက်တွေ့ကျတော့ အဲသလောက်တော့ မဟုတ်ဘူးဗျ။ ထင်သလောက် ဖြစ်မလာဘူး။ ဒါ နှစ်မျိုး ဖြစ်နိုင်တယ်။ တခုက အမေရိကန်ကိုယ်တိုင်က အကြောင်းကြောင်းကို ကြည့်ပြီးတော့ ပေါ်လစီကို ထိန်းချုပ်သွားတာ ဖြစ်နိုင်တယ်။ အမေရိကန်ရဲ့ ပေါ်လစီကိုယ်တိုင်က။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့ဆက်ဆံရေးကို စောစောကပြောသလို စိုသောလက် မခြောက်ခင် ဆိုတဲ့အတိုင်းပေါ့နော်။ တရုတ်နဲ့ဆက်ဆံရေးကို သိပ်ဆိုးဆိုးဝါးဝါး မထိခိုက်အောင် ပြန်ပြီးတော့ ပါးပါးနပ်နပ်နဲ့ ထိန်းသွားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီနှစ်မျိုးကြောင့် ဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့ မူလထင်ထားသလို ဆက်ဆံရေးကောင်းလာမယ်လို့ ထင်ထားတာတော့ အပြည့်အ၀ မမှန်ဘူးလို့ ပြောရလိမ့်မယ်ထင်တယ်။
မေး – ဆရာ့အနေနဲ့ တကယ်လို့ လက်ရှိအစိုးရကို အကြံပေးမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံသွားနေတဲ့ နိုင်ငံခြားရေးပေါ်လစီအရပေါ့နော်။ တရုတ်နဲ့ အမေရိကန်နဲ့ကြားမှာ လက်ရှိအစိုးရက ဘယ်လိုပုံစံမျိုး သွားသင့်တယ်လို့ ဆရာ့အကြံပေးချင်ပါလဲ။
ဖြေ – ကျနော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်အစိုးရလက်ထက်က ဆောင်းပါးတပုဒ် ရေးဖူးတယ်ဗျ။ ပစိဖိတ်အကျပ်နဲ့ တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးပွင့်ဆိုင် ဆက်ဆံရေးဆိုတာ။ ပြောကြစတမ်းဆိုရင် အခြေအနေက အများကြီး ပြောင်းသွားပြီ။ အမေရိကန်ဘက်က စစဉ်းစားကြည့်ရင် စစ်ပြီးခါစက စစ်အေးခေတ်တလျှောက်လုံး အမေရိကန်ရဲ့ အဓိက Focus နေရာက ဥရောပအလယ်ပိုင်းပဲ။ အဓိကအန္တရာယ်က ကွန်မြူနစ်အန္တရာယ်။ စစ်အေးပြီးတဲ့ အခါကျတော့ အကြမ်းဖက်ဝါဒ အဓိကအန္တရာယ် ဖြစ်လာတယ်။ သူ့ရဲ့ Focus ဆိုတာလည်း အရှေ့အလယ်ပိုင်း ဖြစ်လာတယ်။ အခုနောက်ပိုင်း ဘင်လာဒင် ဆုံးပြီးတဲ့နောက်ပိုင်း၊ ၂၀၁၁ နောက်ပိုင်းကျတော့ တရုတ်ပြည် တဖြည်းဖြည်း အင်အားကြီးလာတာ အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှု ဖြစ်လာတယ်။ အဲဒီတော့ သူ့ရဲ့ Focus ကလည်း အာရှဖြစ်လာတယ်။ အထူးသဖြင့် အာရှမှာ တရုတ်ပြည်ပတ်ပတ်လည်မှာ အတတ်နိုင်ဆုံး မဟာမိတ်တွေ တည်ဆောက်တယ်ပေါ့နော်။ အဲဒီတော့ မြန်မာပြည်ဟာ အမေရိကန်အတွက် သိပ်အရေးကြီးလာတယ်။ တဘက်က တရုတ်ပြည်။ တရုတ်ပြည်ကျတော့လည်း ပြန်ကြည့်လိုက်ရင် တရုတ်စီးပွားရေးတိုးတက်မှုက ပြီးခဲ့တဲ့ ဆယ်စု ၃ စုလောက်မှာ တနှစ်ကို အနိမ့်ဆုံး ၇ ရာခိုင်နှုန်းဝန်းကျင်လောက် ရှိတယ်။ အဲဒီတော့ တရုတ်စီးပွားရေးက သိပ်အတက်ကြမ်းတဲ့အခါကျတော့ တရုတ်ပြည်တွင်းက ထောက်ပံ့နိုင်တဲ့ ကုန်ကြမ်းနဲ့ လောင်စာက မလောက်တော့ဘူး။ အဲဒီတော့ အဲဒါတွေကို တင်ရတယ်။ ဘယ်ကတင်ရလဲဆိုတော့ အရှေ့အလယ်ပိုင်းက လောင်စာတင်ရတယ်။ တခြားဒေသတွေက၊ အာရှ-ပစိဖိတ်ဒေသတွေကနေ ကုန်ကြမ်းတင်ရတယ်။ အဲဒီဟာတွေအားလုံးက ဘယ်ကဖြတ်ရလဲဆိုတော့ ပစိဖိတ်ဖြတ်ရတယ်။ တရုတ်ရဲ့ ပေါ်လစီက Export Oriented Policy။ Export နဲ့ စီးပွားရှာရတာ။ အဲဒီ Export တွေက ဘယ်ပို့ရလဲဆိုတော့ ဥရောပနဲ့ အမေရိကကို ပို့ရတာ။ ဒါလည်း အာရှ-ပစိဖိတ် ဖြတ်ရတာပဲ။ ဒီလို အနေအထားကြီး ဖြစ်လာတယ်။ ဒါပေမယ့် ခက်တာက အာရှ-ပစိဖိတ်ကိုဖြတ်ရင် မလက္ကာကို ဖြတ်ရတယ်။ အဲဒီ အာရှ-ပစိဖိတ်မှာ စစ်ရေးအရ ထိန်းချုပ်ထားတာ အမေရိကန်ရေတပ် ဖြစ်နေတယ်။ အဲဒီ Point of View ကကြည့်ရင် တရုတ်ရဲ့ သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ စီးပွားရေး အသက်သွေးကြောတွေအားလုံးဟာ အမေရိကန်ပေါ် မှီနေရတယ်။ အဲတော့ တရုတ်က အစောကြီးကတည်းက စဉ်းစားတယ်။ ဒုတိယ ပင်လယ်ထွက်ပေါက်ကို။ အဲဒီပင်လယ်ထွက်ပေါက်က ဘာဖြစ်မလဲဆိုတော့ ကျောက်ဖြူနဲ့ ကူမင်း ဆက်သွယ်တဲ့ ပိုက်လိုင်း။ မူလစီမံချက်က အဲဒီအပေါ်မှာ ရထားလမ်းဆောက်ဖို့လည်း ရှိတယ်။ ဒါက သူ့ရဲ့ မဟာဗျူဟာ အရေးကြီးတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ ဆက်ဆံရေး ပျက်လို့မဖြစ်ဘူး။ မြန်မာပြည်ကို ထိန်းထားနိုင်ဖို့လိုတယ်။ တရုတ်ဘက်က ကြည့်ရင်လည်း မြန်မာပြည်ဟာ သိပ်အရေးကြီးတယ်။ နောက် အိန္ဒိယ။ အိန္ဒိယက အနောက်ဘက်ကမ်းရိုးတန်းပေါ့ဗျာ။ ဘန်ဂလောတို့ ဘာတို့ သိပ်ဖွံ့ဖြိုးသွားပြီ။ ဒါပေမယ့် ကျနော်တို့နဲ့ ကပ်နေတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းပေါ့။ အဲဒီဒေသတွေကျ သိပ်မဖွံ့ဖြိုးဘူး။ ဒါပေမယ့် အဲဒီနေရာတွေမှာ ပညာတတ်အင်အားစုတွေကလည်း သိပ်မရှိဘူး။ ဆိုတော့ သူ့ဖွံ့ဖြိုးဖို့ကို အဓိကအားကိုးရမှာ ကုန်သွယ်ရေးပဲ။ အဲဒီကုန်သွယ်ရေးအတွက်က မြန်မာပြည်နဲ့ ဖြတ်ပြီးတော့သွားမှ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က ကြားထဲမှာကိုး။ တရုတ်နဲ့ဆက်သွယ်တဲ့ ကုန်သွယ်ရေးမှာလည်း မြန်မာပြည်က ကြားခံ။ အာဆီယံနဲ့ ကုန်သွယ်ရေးမှာလည်း မြန်မာပြည်က ကြားခံ။ ဒါကြောင့် အိန္ဒိယအတွက် ကြည့်ရင်လည်း မြန်မာပြည်က သိပ်အရေးကြီးတယ်။ ချုပ်လိုက်မယ်ဆိုရင် အင်အားကြီးနိုင်ငံကြီး ၃ နိုင်ငံက မြန်မာပြည်ကို အထူးစိတ်ဝင်စားနေတဲ့အချိန်။ တနည်းပြောရရင် ၀ံပုလွေတွေကြားထဲမှာ ကနေရတဲ့အချိန်။ ကိုယ်က ၀ံပုလွေ မဟုတ်သေးတဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက် တဘက်ဘက်ကို ပြေးကပ်လိုက်မယ်ဆိုရင် ကျန်တဲ့ဝံပုလွေတွေက ဒုက္ခပေးခံရနိုင်တယ်။ ဒါကို ကျနော် ဟာသသဘောမျိုးတောင် အဲဒီထဲမှာ ထည့်ရေးဖူးပါတယ်။ အဲဒီတော့ ကာလသားကြီး ၃ ယောက် ၀ိုင်းပိုးနေကြတဲ့အချိန်မှာ ဘယ်ဘက်မှ ယိုင်လို့မရဘူး။ အီစီကလီလုပ်ထားမှရမယ့် အနေအထားနဲ့ပဲ သွားမှရလိမ့်မယ် ထင်တယ်။ အဲဒီတုန်းက ကျနော်ရေးခဲ့တဲ့အမြင်က အခုထိလည်း ဒီအတိုင်းပဲ။ မြန်မာပြည်အနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည် သွားနေသလိုပဲ ပါးပါးနပ်နပ် ဆက်သွားရလိမ့်မယ် ထင်ပါတယ်။
မေး – ဘက်မလိုက် နိုင်ငံခြားရေးပေါ်လစီ သဘောမျိုးပေါ့ ဆရာ။
ဖြေ – ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒါပဲ။
မေး – အခုလက်ရှိမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဈေးကွက်အနေအထားအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဈေးကွက်အများစုက တရုတ်ရဲ့ဈေးကွက်ကို မှီခိုနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခု အမေရိကန်ကို ရောက်နေတဲ့အခါမှာ ဟိုမှာတွေ့တဲ့အချိန်မှာ ဘာပြောလဲဆိုတော့ အမေရိကန်နိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ခံနိုင်တယ်ဆိုရင် မြန်မာနိုင်ငံကို ဖိတ်ခေါ်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်။ တဘက်ကလည်း ဆန်ရှင် လျှော့ပေးမယ့် အနေအထားမျိုးတွေ လုပ်လာတဲ့ အနေအထားမျိုးတွေ ရှိလာတော့ ဒီဘက် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အမေရိကန်ဈေးကွက်ကို ပိုပြီးတော့ မျှော်လင့်နေတဲ့ အနေအထားမျိုး ရှိတယ်။ တရုတ်ဈေးကွက်နဲ့ သူတို့တွေ လုပ်ကိုင်ရတဲ့ အနေအထားက ပြည်သူတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မကြိုက်တဲ့အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဈေးကွက်တခုလိုချင်တဲ့ အနေအထားမျိုး ရှိတယ်။ တကယ်လို့ အမေရိကန်စီးပွားရေးတွေသာ ကျနော်တို့ မြန်မာနိုင်ငံထဲကို အစိုးရအပြောင်းအလဲနဲ့ ဒလဟော စီးဝင်လာတဲ့ အနေအထားမျိုး၊ ဒီဘက်က အစိုးရကလည်း ခွင့်ပြုမယ့်အနေအထားမျိုးဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဈေးကွက်၊ တရုတ်ရဲ့ဈေးကွက်၊ ဒီအပေါ်မှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အနေအထား ဘယ်လိုတွေ ပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုးရှိလဲ ဆရာ။
ဖြေ – ပွင့်ပွင့်လင်းလင်းပြောရင် စီးပွားရေးဆက်ဆံမှုတွေပေါ့ဗျာ၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးမှာပဲဖြစ်ဖြစ်ပေါ့။ အမေရိကန်နဲ့ ဆက်ဆံရတာ တရုတ်နဲ့ဆက်ဆံရတာထက် ပိုသာတယ်၊ ကိုယ့်ဘက်ကပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နဲ့ ဆက်ဆံခြင်းအားဖြင့် ကိုယ့်မှာမရှိတဲ့ အရင်းအနှီးနဲ့ တက်ကနော်လော်ဂျီ ရနိုင်တယ်။ တရုတ်ပြည်ကလည်း ရတော့ ရနိုင်ပါတယ်။ သို့သော် တရုတ်ကရတဲ့ တက်ကနော်လော်ဂျီက တပတ်နွမ်းပဲ။ တက်ကနော်လော်ဂျီ စစ်စစ်တော့ မဟုတ်ဘူးပေါ့။ ဘာပဲပြောပြော စီးပွားရေးသမားကတော့ ပိုအကျိုးရှိတာ လိုချင်မှာပဲ။ အဲတော့ စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဆိုပြုလိုက်တဲ့ သဘောကတော့ ကုန်သွယ်ရေးတို့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ပတ်သက်ရင် တရုတ်ကို တဘက်သတ် မှီခိုနေရတဲ့ အနေအထားကို တတ်နိုင်သလောက် လျှော့ချချင်ဟန် တူပါတယ်။ အဲလိုလျှော့ချဖို့က အမေရိကန်ဘက်က ဆန်ရှင်ကို ဆက်ထမ်းနေရရင် သိပ်အလုပ်မဖြစ်ဘူး။ အဲတော့ ဆန်ရှင်ဖွင့်ပေးဖို့ သူ ပြောကြည့်တာ။ ဟိုဘက်ကလည်း ဖွင့်ပေးမယ်လို့ ကတိက၀တ် ပေးလိုက်ပါတယ်။ ဒါလည်း ပြဿနာတော့ ရှိတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြဿနာက အမြဲတမ်း အဲဒီအတိုင်းပဲ။ ဘာလဲဆိုတော့ တဘက်က ဆန်ရှင်ဖွင့်ရေးအတွက် အစိုးရ ကြိုးပမ်းတဲ့အချိန်မှာ ဆန်ရှင်ဖွင့်ရေးကို မကြိုက်တဲ့ အင်အားစုတွေကလည်း ရှိတယ်။ အထူးသဖြင့် ပြည်ပမှာ ပိုရှိလိမ့်မယ်ထင်တယ်။ သူတို့ကတော့ တပ်မတော်က ကွန်စတီးကျူးရှင်းအရ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေတဲ့ အခြေအနေမှာ ဆန်ရှင်ကို လုံးဝမစွန့်လွှတ်သေးဘူးဆိုတဲ့ အထိုင်နဲ့ သွားတာကိုး။ အဲတော့ ကျနော့်အမြင်ကို ပြောဖို့အတွက် ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ ပြောဖို့လိုလိမ့်မယ်ထင်တယ်။
အရင်တုန်းက စဉ်းစားကြတာကတော့ ဒီမိုကရေစီပြောင်းလဲဖို့ နံပါတ်တစ် လိုအပ်ချက်က အစိုးရ အပြောင်းအလဲပေါ့။ အစိုးရအပြောင်းအလဲ ဖြစ်သွားရင် လူ့အဖွဲ့အစည်း ပြောင်းလဲရေးက ဆက်တိုက်လုပ်လို့ရတယ်။ ဒီလိုပဲ လွယ်လွယ်စဉ်းစားခဲ့ကြတယ်။ ဒါကြောင့်လည်း အဲဒီတုန်းကတော့ အစိုးရကို စီးပွားရေး အကျပ်ကိုင်တဲ့နည်းနဲ့ ဖိအားပေးသင့်တယ်ဆိုပြီး ဆန်ရှင်ကို သုံးလာကြတယ်။ အဲသလို အကျပ်ကိုင်တော့ အာဏာရှင်အစိုးရတွေ ပြုတ်သွားတဲ့သာဓက ရှိလားဆိုတော့ သိပ်တော့ ဟုတ်တိပတ်တိ မရှိဘူးဗျ။ ဒါကိုတော့ ကျနော်တို့ အငြင်းမပွားချင်ဘူး။ အစိုးရအပြောင်းအလဲဖြစ်ဖို့အတွက် ဆန်ရှင်က အကျိုးရှိကောင်းရှိလိမ့်မယ်။ ဒါတချက် ထားလိုက်တော့။ သို့သော် အဲလိုနည်းနဲ့ လုပ်ခဲ့ကြရင်လည်း တဖြည်းဖြည်း တတိယလှိုင်းပေါ့ဗျာ။ ဒီမိုကရေစီ တတိယလှိုင်းကို ဖြတ်ပြီးတဲ့နောက်ကျတော့ နိုင်ငံတော်တော်များများ ဒီမိုကရေစီဘောင်ထဲ ၀င်လာတယ်။ ဒါပေမယ့် ဆယ်နှစ်မရှိတရှိအတွင်းမှာပဲ အဲဒီနိုင်ငံ တော်တော်များများ နောက်ကြောင်းပြန်ကုန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းပြောင်းအောင် မလုပ်နိုင်လို့။ အဲဒီတော့မှ ပြန်စဉ်းစားလာတယ်။ အစိုးရအပြောင်းအလဲနဲ့ မလုံလောက်ဘူး။ လူ့အဖွဲ့အစည်းတရပ်လုံး ပြောင်းအောင်လုပ်ဖို့လိုတယ်။ ဒါပေမယ့် အစိုးရ အပြောင်းအလဲတုန်းက ဆန်ရှင်ဟာ ထိရောက်ကောင်း ထိရောက်လိမ့်မယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတရပ်လုံး အပြောင်းအလဲမှာတော့ ဆန်ရှင်နဲ့ အလုပ်မဖြစ်ဘူး။ ဆန်ရှင်ဟာ မထိရောက်ရုံတင်မကဘူး၊ အဟန့်အတားတောင် ဖြစ်စေပါတယ်ဆိုတဲ့သဘော ဖြစ်လာတယ်။ အဲဒီ Point of View ကပြောရင် ကျနော်တော့ ဆန်ရှင်ကို ကြိုက်တဲ့အထဲမှာ မပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဆန်ရှင်ဖွင့်ပေးဖို့ ပြောတာက သူကိုယ်တိုင်လည်း အဲလို စဉ်းစားလာလိမ့်မယ်ထင်တယ်။ ဒီဟာတော့ ကျနော့်အမြင်တော့ ကောင်းတဲ့ဘက်လို့ ထင်ပါတယ်။ အမေရိကန်ဘက်ကလည်း လျှော့ပေးမယ်ဆိုတော့ ဒါ အတော်ကောင်းတဲ့ အလားအလာ။ ဒီအတိုင်းသာဆက်သွားရင် ကျနော်တို့ဟာ အမေရိကန်နဲ့လည်း ဆက်ဆံရေးမပျက်၊ စီးပွားရေးဆက်ဆံမှု။ အထူးသဖြင့် ကျနော်တို့အတွက် လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်ရဲ့ အကူအညီရဖို့လမ်းစ ပွင့်လာပြီထင်တယ်။
တရုတ်နဲ့မှာတော့ ထစ်ခံနေတာ တခုရှိတယ်။ မြစ်ဆုံကိစ္စပေါ့ဗျာ။ မြစ်ဆုံကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် Politically Suicide  လို့ ကျနော်တော့မြင်တယ်။ ဒီကိစ္စ လူထုက သိပ်မကြိုက်လှဘူး။ သိပ်မကြိုက်တာကြီးကို ဇွတ်လုပ်ရင် အဲဒီအစိုးရက မိုက်မဲရာကျသွားလိမ့်မယ်။ ဒါတော့ ကျနော် မလုပ်စေချင်ဘူး။ ဒါပေမယ့် မြစ်ဆုံကို မလုပ်ချင်ရင် တဘက်က တရုတ် ကျေနပ်လောက်မယ့် အစားထိုးမှုတခုတော့ ပေးရလိမ့်မယ်။ ဘာဖြစ်နိုင်မလဲပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် မြစ်ဆုံဟာ တရုတ်ရဲ့ မဟာဗျူဟာကိစ္စ မဟုတ်ပါဘူး။ မဟာဗျူဟာကျတဲ့ အမေရိကန်ရဲ့ ဖိအားအောက်က ရုန်းထွက်ဖို့ အဓိကကျတာက ကျောက်ဖြူ – ကူမင်းလမ်းပဲ။ အဲဒီ ကျောက်ဖြူ – ကူမင်းလမ်းကလည်း ပွင့်ပွင့်လင်းလင်းပြောရင် တရုတ်က လည်တယ်။ တဘက်က လက်ပံတောင်းကို အယောင်ပြထားပြီး အဲဒီမှာ ပိုက်လိုင်းကို တွန်းချလိုက်တာ အခုဟာ ပိုက်လိုင်းက ပြီးသွားပြီ။ ကျန်တာက အဲဒီအပေါ်မှာ ဟိုင်းဝေးလုပ်ဖို့နဲ့ ကျောက်ဖြူစီးပွားရေးဇုန် တည်ဆောက်ဖို့ ဒါတွေလောက်ပဲ ကျန်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် လိုက်လျောပေးလိုက်မယ်ဆိုရင် မြစ်ဆုံကို ရှောင်လို့ရမယ် ထင်ပါတယ်။ ဒီနည်းနဲ့ ပေါ်လစီကစားသွားရင် တရုတ်ပြည်နဲ့ ဆက်ဆံရေးကလည်း ဆိုးဆိုးဝါးဝါးမဖြစ်ဘဲ ထိန်းထားနိုင်လိမ့်မယ်ထင်တယ်။ အဲဒီလိုနည်းနဲ့ ကစားနိုင်ကြရင်တော့ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ မြန်မာရဲ့ နိုင်ငံခြားရေးဝါဒက ဆက်ပြီးတော့ အဆင်ပြေပြေနဲ့ သွားနိုင်လိမ့်မယ် ထင်ပါတယ်။
မေး – အဲတော့ နိုင်ငံရေးအသိုင်းအ၀ိုင်းရယ်၊ အန်ဂျီအိုအသိုင်းအ၀ိုင်းပေါ့၊ အရက်ဘက်လူမှုအဖွဲ့အစည်း တော်တော်များများ လူအများစုက အရင်အစိုးရ လက်ထက်မှာကတည်းက လုပ်လာခဲ့တဲ့ တရုတ်စီးပွားရေးကိစ္စတွေ၊ တရုတ်စီမံကိန်း တော်တော်များများကို မနှစ်မြို့တဲ့ အနေအထားမျိုး ရှိခဲ့တယ်၊ အရင်ဆုံး ထိပ်တိုက်တွေ့ခဲ့တာ မြစ်ဆုံကိစ္စ။ စောစောက ဆရာပြောတဲ့ ကျောက်ဖြူ ပိုက်လိုင်းကိစ္စတွေပေါ့နော်။ အထူးစီးပွားရေးဇုန်ကိစ္စတွေ။ အခုဆိုရင် ကျောက်ဖြူကိစ္စဆိုလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ အနေအထားမျိုးရှိတယ်။ ဒီလိုမျိုးကိစ္စတွေမှာ ဆက်ကန့်ကွက်တာတို့ ပြည်သူလူထုက မလိုလားဘဲ အစိုးရကနေ ရပ်ပေးလိုက်တာတို့၊ အရင်အစိုးရ ဦးသိန်းစိန် လုပ်ခဲ့သလို မြစ်ဆုံကြီး ရပ်ခဲ့သလို ဒီလိုမျိုး ပြန်ပြီးတော့ ရပ်လိုက်တဲ့အနေအထားမျိုးတွေ လုပ်လာခဲ့တယ်။ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုတွေက ကတောက်ကဆ ဖြစ်လာတဲ့ အနေအထားမျိုးဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလို ဟာမျိုးကို ထိခိုက်လာနိုင်သလား။ ဘာတေးလစ်တနာရဲ့ ဆောင်းပါးတပုဒ်မှာ ကြည့်မယ်ဆိုရင် တရုတ်ရဲ့ ပံ့ပိုးမှုက ၀တပ်မတော်မှာ ဘယ်လောက်အထိဖြစ်နိုင်တယ်။ စစ်လက်နက် ဘယ်လောက်အထိ ပိုင်ဆိုင်နိုင်တယ်ဆိုတဲ့ သတင်းတွေအရလည်း သိထားတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၂၁ ပင်လုံမှာဖြစ်နေတဲ့ လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေရဲ့ အနေအထားမျိုးတွေ၊ ဖြစ်စဉ်တွေက ဘယ်လောက်ထိ ပြောင်းလဲလာမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆရာသုံးသပ်ချင်ပါသလဲ။
ဖြေ – ပြီးခဲ့တဲ့အစိုးရ တခုကျော်ပေါ့။ တပ်မတော်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ကိစ္စတွေ။ အဲဒီကိစ္စဖြစ်ခဲ့တာကို အခုချိန်မှာတော့ ကျနော် ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ချင်တော့ဘူးဗျ။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီတုန်းက မြန်မာပြည်ဟာ ရေနစ်နေတယ်။ ရေနစ်နေတော့ သူက ကောက်ရိုးတမျှင်လည်း အားကိုးရာဆိုပြီး ဆွဲလိုက်တာ။ သို့သော် အဲဒါ ကောက်ရိုးမဟုတ်ဘဲ မြွေပွေးဖြစ်နေတာ။ အဲဒါ တရုတ်ပေါ့။ ဒီလိုပြဿနာတွေ ရှိခဲ့တယ်။ ဒါတွေတော့ ထားလိုက်တော့။ ဒါပေမယ့် သေချာတာက အဲသလောက် ကျနော်တို့ အမှားကြီး မှားခဲ့ပြီးပြီ။ အကုန်လုံး ချက်ချင်း မချေဖျက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအစိုးရကလည်း တန်ခိုးရှင်မဟုတ်ဘူး။ ဒါကြောင့် အရင်မှားခဲ့တာတွေကို တဘရိတ်တည်းနဲ့ ဖြေရှင်းဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဆိုးဝါးဆုံး မဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင်တော့ ဖန်တီးလို့ရတယ်။ အခု အဲလိုပဲ စဉ်းစားပြီးတော့ လုပ်သွားလိမ့်မယ် ထင်ပါတယ်။ အဲဒါဆိုရင် ကျနော်တို့က မြစ်ဆုံကတော့ Politically Suicide  လုပ်ဖို့မဖြစ်ဘူး။ မြစ်ဆုံကို ရှောင်ရန် ဘာနဲ့ အစားပေးမလဲ။ ဒါက ကျနော် တဦးချင်း စဉ်းစားတာပါ။ ကျောက်ဖြူတို့ ဘာတို့ဆိုတာ။ အဲဒါမှ မကျေနပ်ဘူး။ ထဆူမလား။ ဆူနိုင်ပါတယ်။ ဆူကောင်းဆူနိုင်တယ်။ ဒါပေမယ့်လို့ ဒါတွေက သိပ်ပြဿနာမရှိပါဘူး။ ဒီမိုကရေစီအစိုးရမှာ ဆန္ဒပြပွဲတွေဖြစ်တာ သိပ်မဆန်းဘူး။ သို့သော် အဲဒါတွေကို ဥပဒေကြောင်းအရ အရေးယူ ကိုင်တွယ်ဖို့ပဲ လိုတယ်။ အကြမ်းမဖက်မိဖို့ပဲ လိုတယ်။ ဒီလောက်ပဲ ကျနော်တော့ ပြောချင်ပါတယ်။ မူလအခြေအနေထက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့၊ သိကြားမင်းဦးမာဃ ဆင်းလာလည်း လုပ်လို့ရမယ် မထင်ဘူး။ မြန်မာပြည်ရဲ့အခြေအနေက တော်တော်ဆိုးနေတယ်။ နောက် ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံခြားရေးပေါ်လစီ သိပ်အလွဲလွဲအမှားမှား မရှိတာက အရင်အစိုးရအဆက်ဆက် လုပ်သွားတာ ဆိုးဆိုးဝါးဝါး မလွဲခဲ့လို့ အခု ဆက်ပြီးတော့ အောင်မြင်မှုကို ထိန်းထားနိုင်တာ။ နိုင်ငံခြားရေးပေါ်လစီကလွဲလို့ ကျန်တဲ့ပေါ်လစီအားလုံးက အထစ်အငေါ့တွေ ဖြစ်နေတာက အရင်အစိုးရတွေအဆက်ဆက် လုပ်သွားခဲ့တာတွေက တော်တော်အမှားတွေ များတယ်။ အဲဒီအမှားတွေ ပြန်ဖြေနေရတာနဲ့ပဲ ရှေ့မဆက်နိုင်သေးဘူး။ ဒါတွေလည်း ပါလိမ့်မယ် ထင်တယ်။
မေး – ဟုတ်ကဲ့ပါ။ ဆရာ့အနေနဲ့ နောက်ဆုံးသုံးသပ်ချက်အနေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ လက်ရှိအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ကြားထဲက ဆက်ဆံရေးက ရေရှည်တည်တံ့ခိုင်မြဲနေဖို့ လိုသေးတယ်။ တရုတ်နဲ့ ဆက်ဆံရေးက အရေးကြီးနေဖို့ လိုသေးတယ်လို့  ဆရာသုံးသပ်ချင်တာလား။
ဖြေ – ဟုတ်တယ်။ အဲဒီအတိုင်းပဲ သုံးသပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး နိုင်ဖဲတော်တော်များများကို ကိုင်ထားလို့ပါ။ အဲဒီတော့ အဲဒီအခြေအနေမှာ ကျနော်တို့က တရုတ်နဲ့ သိပ်ပြဿနာတက်လို့မဖြစ်ဘူး။ တရုတ်နဲ့ ဆက်ဆံရေးမှာ တရုတ်ရဲ့အကူအညီ အပြည့်အ၀မရတောင် တရုတ်ရဲ့ အနှောင့်အယှက် တတ်နိုင်သလောက် နည်းဖို့ ကြိုးစားသွားရမယ်ထင်တယ်။ ဒါကို တလုံးတည်း ပြောရင်တော့ အရင်အစိုးရတုန်းက ၀န်ကြီးတပါးက သူ့စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးလေး ပြောဖူးတယ်။ သို့သော် အဲဒီစကားက အလွန်ရိုးသားတဲ့စကား။ ဒါပေမယ့် သူလည်း ၀ိုင်းဆဲခံရတယ်။ အဲဒါက ဘာလဲဆိုတော့ ‘တပည့်တော်လည်း တရုတ်တော့ ကြောက်တယ်ဘုရား’ ဆိုတဲ့စကား။
မေး – လက်ရှိ ပြည်သူလူထုက တရုတ်စီမံကိန်းတွေကို ကန့်ကွက်လာမယ်၊ ဆူလာမယ်။ တဘက်က တရုတ်ကလည်း ဒီလိုမျိုး ဆူလာတဲ့ အနေအထားမျိုးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ၀င်ကစားနိုင်တဲ့ အနေအထားမျိုးမှာဆိုရင် လက်ရှိအစိုးရအနေနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ်လိုမူဝါဒမျိုးနဲ့၊ သူကလည်း လူထုကတင်ထားတဲ့ အစိုးရဆိုတော့ ဘယ်လိုမူဝါဒမျိုးကို ချသင့်တယ်လို့ ဆရာမြင်ပါသလဲ ဆရာ။
ဖြေ – ပွင့်ပွင့်လင်းလင်းပြောရင် တရုတ်ကကိုင်ထားတဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး နိုင်ဖဲဆိုရင် အနည်းဆုံး ၂ ခု ရှိတယ်။ တခုကတော့ တရုတ်-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်တွေ။ ဒါလည်း နိုင်ဖဲတခု။ နောက်ထပ်အရေးကြီးတာ တခု။ တော်တော်များများ သတိမပြုမိဘူး။ အဲဒါက ဘာလဲဆိုတော့ ကွန်မြူနစ်ပါတီရဲ့ လက်ကျန် ကျနော်တို့မိတ်ဆွေတချို့ တရုတ်ပြည်ထဲမှာ အခုထိ ရှိနေသေးတယ်။ ဒီလူတွေဟာ အရေအတွက်က ဘာမှမရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံရေးသြဇာက ပြည်တွင်းမှာ ရှိသင့်သလောက်ရှိတယ်။ အဲဒီကနေတဆင့်လည်း မြန်မာ့နိုင်ငံရေးကို ၀င်လာကောင်း လာနိုင်တယ်။ ဒါတော့ အစိုးရဘက်က ကြိုသိထားရမှာပေါ့။ တကယ်လို့ ဖြစ်လာခဲ့ရင် အစိုးရ ဘယ်လိုရင်ဆိုင်မလဲ။ ဥပဒေကြောင်းအရပဲ ရင်ဆိုင်ဖို့ လိုပါတယ်။ အကြမ်းမဖက်မိဖို့တော့ လိုပါတယ်။ အကြမ်းဖက်လိုက်ရင်တော့ အရင်အစိုးရတွေနဲ့ မထူးဘူးဆိုတဲ့ဘက် ရောက်သွားလိမ့်မယ်။ အဲဒီတော့ ဥပဒေကြောင်းနဲ့ပဲ ရင်ဆိုင်။ ဒီနည်းပဲရှိတယ်။ ဒါတွေက သိပ်တော့ ဆန်းတာတွေ မဟုတ်ပါဘူး။ ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
မေး – ဟုတ်ကဲ့ပါ။ မေးခွန်းလေးတခု ဆက်ဖြေပေးပါဦးဆရာ။ လက်ရှိမြန်မာနိုင်ငံရဲ့ အစိုးရအပေါ် ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ – ပွင့်ပွင့်လင်းလင်း ပြောရရင် ရက်ပေါင်း ၁၀၀ လော့ဂျစ်ကို ကျနော် အစကတည်းက မကြိုက်ဘူး။ အရင်အစိုးရ လက်ထက်ကလည်း ဆောင်းပါးရေးတယ်။ ဒီအစိုးရလက်ထက်လည်း ရေးဖူးတယ်။ ရက် ၁၀၀ လော့ဂျစ် မြန်မာပြည်နဲ့ စရွေးမကိုက်ဘူးဆိုတဲ့ သဘောပဲ။ ဘာလို့လဲဆိုတော့ အစကတည်းက နိုင်ငံတည်ဆောက်ရေးတို့၊ တိုင်းပြည်တည်ဆောက်ရေးတို့ အားကောင်းပြီးသား နိုင်ငံတွေအဖို့တော့ ပြဿနာမရှိဘူး။ အစိုးရသစ် တက်လာတယ်။ ပေါ်လစီ ခင်းလိုက်တယ်။ ပေါ်လစီနဲ့ ရှိပြီးသား အင်စတီးကျူးရှင်းနဲ့ ပေါင်းလိုက်ရင် အောင်မြင်၊ မအောင်မြင် မှန်းလို့ရတယ်။ သူတို့ဟာနဲ့သူတို့ အဓိပ္ပာယ်ရှိတယ်။ ကျနော်တို့လို နိုင်ငံတည်ဆောက်ရေးလည်းမရှိ၊ State Building လည်းမရှိ၊ Nation Building လည်းမရှိ။ အဲဒီလို စုတ်ပြတ်နေတဲ့နိုင်ငံမျိုးမှာ ဒီရက် ၁၀၀ ဘာမှထူးခြားမှာ မဟုတ်ဘူး။ အဲဒါကို ဘာဖြစ်လို့ အစိုးရကလည်း ရက် ၁၀၀ ကို အမွှမ်းတင်နေမှန်း မသိဘူး။ ပြီးတော့ ဟုတ်တာလည်း မဟုတ်ဘူး။ အဲဒီတော့ ပြောကြစတမ်းဆိုရင် ဒီကာလအတွင်းမှာ ဘာမှတော့ ဖြစ်မလာသေးဘူး။ ဖြစ်မလာတာ ကျနော်တို့က အပြစ်မတင်ပါဘူး။ သဘာဝကျကျကို မဖြစ်နိုင်သေးတာ။ ကျနော်တို့က ဘယ်က စလုပ်ရမလဲ။ မြန်မာပြည်ရဲ့ လက်ရှိပကတိအခြေအနေကို အရင်ဆုံး အမှန်အတိုင်း မြင်အောင် ကြည့်ဖို့လိုတယ်။ အဲဒီပကတိအခြေအနေ ရပြီဆိုမှ ဒီအခြေအနေမှာ ဘာစလုပ်သင့်တယ်ဆိုတာ စဉ်းစားရမယ်။ အဲဒီအတိုင်း ပေါ်လစီခင်းနိုင်ကြရင်တော့ ကောင်းတယ်။ ဒါပေမယ့် စီးပွားရေးကိုကိုင်ထားတဲ့ ၀န်ကြီးဌာနနှစ်ခုလုံးက အဲဒီပေါ်လစီနဲ့ အရိပ်အယောင်တောင် မတွေ့ဘူး။ တော်တော်အားနည်းတယ်။ အဲဒါတော့ ၀မ်းနည်းစရာကောင်းတယ်။
မေး – တခြား ဘာများထပ်ပြီး ပြောချင်ပါသေးလဲဆရာ။
ဖြေ – ပြောစရာတခုကတော့ ကျနော်တို့လူထုဟာ အန်အယ်လ်ဒီ အစိုးရမှာ မျှော်လင့်ချက်တွေ အများကြီးနဲ့ မဲပေးလိုက်တာ။
DVB

No comments: