Wednesday, September 7, 2016

ဒေါ်စု နောက်တပတ် ကန်ကို သွားမယ်

ဒေါ်စု နောက်တပတ် ကန်ကို သွားမယ်

7 September 2016
ဒီတချီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ (Credit: AFP)
နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က ​လာမယ့်တပတ်အတွင်း ​အမေရိကန်နိုင်ငံကို ​သွားရောက် ​လည်ပတ်မှာ ​ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​အမေရိကန် ​သမ္မတက ​မနေ့တုန်းကပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​အမေရိကန်နိုင်ငံကို ​စက်တင်ဘာလ ​၁၄ ​ရက်နဲ့ ​၁၅ ​ရက်မှာ ​လည်ပတ်ဖို့ ​ရှိတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​ခရီးစဉ် ​မတိုင်ခင်မှာ ​အမေရိကန် ​အစိုးရက ​မြန်မာအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုတွေကို ​ထပ်မံ ​ဖယ်ရှားပေးဖို့ ​သင့်မသင့် ​စဉ်းစားနေပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ​အမေရိကန်နိုင်ငံက ​အကြီးစား ​ကုမ္ပဏီတွေ ​မြန်မာနိုင်ငံထဲ ​ဝင်ဖို့ ​အခက်အခဲတွေ ​ရှိတဲ့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပေးဖို့ ​အမေရိကန် ​အစိုးရကလည်း ​ဆန္ဒရှိနေပါတယ်။

လူ့အခွင့်အရေး ​စောင့်ကြည့်တဲ့အဖွဲ့ကတော့ ​အမေရိကန်ရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ​မြန်မာ ​စစ်ဗိုလ်တွေ၊ ​ခရိုနီတွေအပေါ် ​ပစ်မှတ်ထားတဲ့ ​ပိတ်ဆို့မှု ​ဖြစ်တာကြောင့် ​ဒီမိုကရေစီ ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်ဆောင်ဖို့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဆက်ထားသင့်တယ်လို့ ​ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံ ​ငွေရေးကြေးရေးကဏ္ဍ၊ ​သွင်းကုန်နဲ့ ​ရင်းနှီးမြုပ်နှံမှုတွေမှာ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဖယ်ရှားပေးပြီးသား ​ဖြစ်လို့ ​ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ​လက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ ​အဓိက ​ပစ်မှတ်ထားတဲ့ ​ပိတ်ဆို့မှုတွေတော့ ​ဆက်ထားသင့်တယ်လို့ ​လူ့အခွင့်အရေး ​စောင့်ကြည့်ရေး ​HRW ​က ​ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​အမေရိကန်ရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​မကြောက်တဲ့အကြောင်း ​မြန်မာနိုင်ငံကို ​ဒုက္ခရောက်စေဖို့ထက် ​မြန်မာကို ​ကူညီချင်လို့ ​အမေရိကန်ဘက်က ​ပိတ်ဆို့မှု ​လုပ်တာလို့ပဲ ​ယုံကြည်ကြောင်း ​အရင်တုန်းက ​ပြောဆိုခဲ့တာ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments: