Friday, September 16, 2016

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၅)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၅)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆

● ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့
၎င်းအစုအဖွဲ့သည် UPDJC တွင်ပါဝင်သော အစုအဖွဲ့ ၃ ခုမှ အဆိုပြုထားသောပညာရှင်အစုအဖွဲ့ဟု ဆိုရပါမည်။ ဦးကိုကို လှိုင်ကတော့ အပြောင်းအလဲမြန်ဆန်လျှင် အန္တရာယ်ရှိနိုင်သည်ဟု သတိပေးသွားသည်။ မပြောင်းလဲနိုင်လျှင်လည်း ဆင်းရဲ တွင်းနက်နေသော မြန်မာပြည်အဖို့ သူ့သတိပေးချက်အရဆိုလျှင် ဆုပ်စူးစားရူး ဖြစ်နေပေလိမ့်မည်။ တကယ်တော့ မြန်မြန် ပြောင်းချင်လည်း ပြောင်းရန်ခက်ခဲနေဆဲဖြစ်သည်။

အဆိုပါအစုအဖွဲ့တွင် ပါဝင်သူများအားလုံးလိုလိုက ပညာရှင်ရှုဒေါင့်မှ ချဉ်းကပ်ဆွေးနွေးကြပြီး ဖြစ်နိုင်ချေများကို ချပြကြခြင်း ဖြစ်သည်။ သမတရုံးမှတာဝန်ရှိသူတဦးဖြစ်သူ ဦးဇော်ဌေးသည် ထိုအစုအဖွဲ့တွင် ပါဝင်သည်ကို တွေ့ရသည်။ သို့သော် ဦး ဇော်ဌေးသည်လည်း ပညာရှင်ရှုဒေါင့်မှချဉ်းကပ်၍ ဖက်ဒရယ်မူနှင့်ပတ်၍ စဉ်စားဘွယ်ရာ အချက်အလက်များကိုသာ တင် ပြသွားသည်ကိုတွေ့ရသည်။

ချုပ်၍ဆိုရလျင် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့မှ နိုင်ငံရေးအရပ်ဖက်စစ်ဖက်ဆက်ဆံရေး စီးပွားရေးစသည့်ကဏ္ဏ ပေါင်းစုံ ပညာရှင်အမြင်ဖြင့် တက်ရောက်သူများ ထည့်သွင်းစဉ်းစားနိုင်ရန်တင်ပြခြင်းဖြစ်သည်ဟု ဆိုရပါမည်။

● လူထုအားချ ပြခြင်း
၂၁ ရာစုပင်လုံ ညီလာခံအတွင်း အစုအဖွဲ့အသီးသီးမှ ဆွေးနွေးချက်များအား 1/9/2016 မှစ၍ 3/9/2016 ထိ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်သည်။ ဤအချက်သည် အလွန်ကောင်းမွန်သည့်အချက်ဖြစ်ပြီး ညီလာခံအတွင်းရှိတင်ပြကြသည့် အမြင်အမျိုးမျိုးအား လူထုကိုယ်တိုင် ထိတွေ့သိရှိပြီး စဉ်းစားဆုံးဖြတ်နိုင်ခွင့်ရှိသွားသည်။ ထို့ပြင် ညီလာခံတွင်းတင်ပြသောစာတမ်းအားလုံးသည်လည်း တည်းဖြတ်ခံရခြင်းမရှိဘဲ လွတ်လပ်စွာ တင်ပြခွင့်ရသည့် စာတမ်းများဖြစ်သည်။

၂၁ ရာစုပင်လုံ၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အမျိုးသားတန်းတူရေးပြဿနာကို ဖြေရှင်းရန်အတွက် ပွင့်လင်းမြင်သာမှု ရှိသည့် ဆောင်ရွက်ချက်တရပ်ဟုဆိုရမည်။ ညောင်နှစ်ပင်ညီလာခံနှင့် အခြေခံအားဖြင့် ကွဲလွဲသောအချက်လည်းဖြစ်သည်။

● အဖြေရှာခြင်း
ဤသို့ညီလာခံတွင် အစုအဖွဲ့အသီးသီး၏ အမြင်များကို ပွင့်လင်းစွာတစုတဝေးတည်း ချပြခွင့်ရခြင်းသည်ပင် မြန်မာနိုင်ငံရေး သမိုင်းတွင် အဆင့်သစ်တခုကို တက်လှမ်းသည်ဟုဆိုရမည်။ အမြင်မတူ အယူအဆမတူဘဲ နိုင်ငံရေးအရ ကွာဟချက်ကြီး မားသော အစုအဖွဲ့များအားလုံး ညီလာခံခန်းမအတွင်းအတူတကွထိုင်၍ တဖက်သဘောထားကို တဖက်က နားထောင်နေ ခြင်းသည်ပင် အဆင့်သစ်တခုဖြစ်ပေသည်။ ယခင်ကာလများက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်များမှာ တဖွဲ့ချင်း ဆွေးနွေး ခဲ့ကြပြီး ယခုကဲ့သို့ နိုင်ငံရေးပြဿနာကို ပွင့်လင်းစွာ ဆွေးနွေးဖြေရှင်းမျိုးလည်း မရှိကြပေ။ သို့သော် နှစ်ပေါင်း ၇၀ နီးပါးကာ လအတွင်း ယုံကြည်မှု ပျက်ပြားခဲ့ခြင်းနှင့် အဃာတများ အမုန်းများ ပျက်ပြယ်အောင်တော့ အချိန်ယူရန် လိုအပ်ပေမည်။

ထို့သို့ ညီလာခံတွင် အစုအဖွဲ့အသီးသီးမှ မိမိတို့၏အမြင်များကိုညီလာခံတွင် ဖေါ်ပြလိုက်သောအခါ အသီးသီး တုန့်ပြန်မှုများ ဝေဖန်ချက်များကို ကြားသိရသည်။ မည်သည့်သဘောထား လွန်သည်၊ မည်သည့်သဘောထားက ဖြစ်နိုင်ချေမရှိ၊ မည် သည့်သဘောထားကတော့ ပျော့ပြောင်းသည် စသည်ဖြင့် ဝေဖန်သုံးသပ်ကြသည်။

၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသား နိုင်ငံရေးပါတီများဘက်မှတောင်းဆိုသည်မှာ အ လွန် မြင့်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသို့မြင့်မားခြင်းသည် အကြောင်းအချက်၂ ခုပေါ်တွင် အခြေခံပုံရသည်။ ပထမ အချက်ကတော့ အနှစ်နှစ်အလလ ပြောခွင့်မရခဲ့သည်များကို ရှားရှားပါးပါး အခွင့်အရေးရခိုက် ဖွင့်ဟအံထုတ်လိုက်ခြင်း ဖြစ်သည်။ ဒုတိယအချက်ကတော့ တိုင်းရင်းသားတို့၏အခွင့်အရေးများတင်ပြတောင်းဆိုရာတွင် ယခင်အတွေ့အကြုံများ နောက်ဆုံးတွင် အစိုးရအာဏာပိုင်များ၏ကြိုက်သလိုဆုံးဖြတ်ခြင်းမျိုးကို ခံခဲ့ရပေါင်းများခဲ့ရာ ၁ ကျပ်ဖိုးလောက်တောင်းမှ ၁၀ ပြားဖိုးရဖို့မသေချာလှဟူသော ခံစားချက်အခြေခံပေါ်မှ တမင်မြှင့်၍ တောင်းဆိုကြခြင်းခြင်းဖြစ်သည်ဟု ယူဆရပါသည်။

မိမိအမြင်ကတော့ ၂၁ ရာစုပင်လုံညီလာခံတွင် တူညီသော အဖြေတခု ရရှိရန်အတွက် အစုအဖွဲ့တခုချင်းကို ဝေဖန်သည်ထက် အစုအဖွဲ့အားလုံးတင်ပြချက်များထဲမှ တူညီသောအချက်များ ကွာဟမှုကြီးမားသောအချက်များကို ရှာဖွေသုံးသပ်၍ ဘုံသ ဘောတူညီချက်ရရှိအောင် တဆင့်ပြီးတဆင့် လှမ်းတက်သွားရန် လိုအပ်သည်ဟု ယူဆပါသည်။

အခြေခံကြည့်မြင်ပုံအရဆိုလျင် အစိုးရနှင့် လွှတ်တော်က စစ်ပွဲများကိုရပ်တန့်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးရယူနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးတက်နိုင်မည်ဟုယူဆသည်။ စစ်ပွဲသည်မည်သူကြောင့် စသည်ဟူသည့် တရားခံမရှာခဲ့ပေ။ တပ်မတော်ဘက်ကတော့ ဒေသစွဲလူမျိုးစွဲများကြောင့် စစ်ပွဲများဖြစ်ပွားရသည်ဟုကြည့်မြင်ပြီး တိုင်းရင်းသားလက်နက်ကိုင်များဘက်ကတော့ ပင်လုံ ကတိကဝတ်များကို ပြည့်ဝစွာအကောင်မဖေါ်၍ တိုင်းရင်းသားအခွင့်အရေးများမရ၍ လက်နက်ကိုင်တော်လှန်ရသည်ဟု ကြည့်မြင်သည်။ ဤအခြေခံကြည့် မြင်ပုံကွာဟမှုကို ဦးစွာညှိနှိုင်းရန်လိုအပ်မည်။

နောက်တချက်အနေနှင့် အစိုးရလွှတ်တော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားပါတီများက ဖက်ဒရယ်ပြည် ထောင်စုဟု သုံးနှုန်း၍ ရည်မှန်းချက်ထားရှိကြသော်လည်း တပ်မတော်အစုအဖွဲ့မှ ၂၀၁၈ အခြေခံဥပဒေသည် ဖက်ဒရယ် အခြေခံမူများပေါ်တွင် ရေးဆွဲထားသည်ဟူသည့်အချက်တွင် ရပ်ခံနေခြင်းသည်လည်း ညှိနှိုင်းရန်လိုအပ်သည့် အချက်တခု ဖြစ်ပေသည်။

SSR /DDR နှင့်ပတ်သက်၍ တပ်မတော်က DDR လက်နက်ဖြုတ်သိမ်းရေးကို ဦးစွာလုပ်ဆောင်ရမည်ဟုရပ်ခံနေသည်။ ( DDR လုပ်ရန်လိုအပ်သည်ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သူ ဦးကျော်တင့်ဆွေက လည်းထည့်သွင်းပြောဆိုသွားပါသည်။) တိုင်းရင်းသားလက်နက်ကိုင်များကတော့ SSR အရင်လုပ်ဆောင်ရန်လိုအပ်သည်။ ပြည်နယ်တပ်များဖွဲ့စည်းရန်လိုသည်ဟုရပ်ခံကြသည်။၎င်းတို့တပ်များကို ဖျက်သိမ်း၍ လက်နက်အပ်မည့်ကိစ္စအားလက်မခံနိုင်ကြပေ။

တိုင်းရင်းသားလက်နက်ကိုင်များ တိုင်းရင်းသားပါတီများကပြည်ထောင်စုတပ်မတော်တခုတည်းရှိရေးကို လက်ခံသော်လည်း ထိုတပ်မတော်သည် အရပ်သားအစိုးရကွပ်ကဲမှုအောက်တွင် ရှိရမည်ဆိုသည့်အချက်ကို ရပ်ခံကြသည်။ တပ်မတော်အစု အဖွဲ့မှ ပြည်ထောင်စုတပ်မတော် တခုတည်းရှိရမည်ဟု ရပ်ခံသော်လည်း အရပ်သားအစိုးရအောက်တွင် ထားရှိရမည်ဆို သည့်အချက်ကို ထည့်သွင်းပြောဆိုခြင်းမရှိပေ။

နောက်လမည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နောင်လာမည့်အစည်းအဝေးဆုံးဖြတ်ချက်များအ ရ DDR လက်နက်ဖြု တ်သိမ်းရေးအား သတ်မှတ်အချိန်ဇယားအတိုင်း လုပ်ဆောင်ရန်လိုအပ်သည်ဟု တပ်မတော်က ရပ်ခံ သည်။ ဒီမိုကရေစီရရှိပြီးဖြစ်၍ လွှတ်တော်လမ်းကြောင်းမှ နိုင်ငံရေးပြသနာများကိုဖြေရှင်း လုပ်ဆောင်ရန် တပ်မတော်က ရပ်ခံသည်။ တိုင်းရင်းသားများဖက်ကလည်း နိုင်ငံရေးနယ်ပယ်တွင် တပ်မတော်ပါဝင်နေသေးခြင်း ဒီမိုကရေစီစနစ်အပြည့် အဝမရသေးဟု ရပ်ခံကြသည်။

တပ်မတော်အစုအဖွဲ့မှ ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်မူများပါဝင်သည်ဟုရပ်ခံသည်။ တိုင်းရင်းသားပါတီများ တိုင်း ရင်းသားလက်နက်ကိုင်များက ဖက်ဒရယ်အပြည့်အဝရရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သို့တည်းမဟုတ် အသစ် ရေးဆွဲပြဌာန်းရန်လိုလားကြသည်။ ယခင်အတိုက်အခံပါတီဘဝက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြင်ဆင်ရေး ၄၃၆ ပြင်ရေးတို့ အား လူထုအားစည်းရုံးလှုံ့ဆော်ခဲ့သည့် NLD သည် ယခု အစိုးရနှင့်လွှတ်တော်ကို ချုပ်ကိုင်နိုင်ပြီးသကာလ ညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား တခွန်းတပါဒမျှ ပြောဆိုခြင်းမရှိပေ။

တပ်မတော်က ၂၀၀၈ အခြေခံဥပဒေတွင် အခြေခံမူများ ပါဝင်သည်ဟုရပ်ခံနေကြချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များ တိုင်းရင်းသားပါတီများကလည်း ဖက်ဒရယ်ပုံစံအမျိုးမျိုးတင်ပြကြသည်။ ထိုတင်ပြမှုများထဲမှ မည်သည့်တင်ပြချက်က ဖက်ဒ ရယ်ဖြစ်ပြီး မည်သည့်တင်ပြမှုက ကွန်ဖက်ဒရိတ်ဖြစ်သည်ကို အရင်ခွဲခြားရန်လိုသည်။ ထို့အတူ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ် မ ၄၅၇ ခုတွင် မည်သည့်ပုဒ်မက ဖက်ဒရယ်မူနှင့် မကိုက်ညီသနည်း ထောက်ပြဆွေးနွေးပါဟု လမ်းဖွင့်ပေးထားသည်ကို ထည့်သွင်းစဉ်းစားရန် လိုသည်။

ANP ပါတီ၏တင်ပြမှုသည် ကွန်ဖက်ဒရိတ်ဆန်သည်ဟု ဝေဖန်သုံးသပ်ကြသည်။ သို့သော် ANP ပါတီသည် တင်ပြချက်သာ ပြုလုပ်နိုင်သည့်ပါတီဖြစ်သည်။ ကွန်ဖက်ဒရိတ်ဆန်သည့် စာတမ်းတင်ပြီး အုပ်ချုပ်ရေး တရားစီရင်ရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့ထိမ်းချုပ်မှုကိုလက်တွေ့တွင်လည်း ကျင့်သုံးနေသည်မှာ UWSA နှင့် NDAA မိုင်းလားအဖွဲ့တို့ဖြစ်သည်ကို သတိပြုရန် လိုအပ်ပေမည်။

ထို့ပြင် တပ်မတော်သားအစုအဖွဲ့မှ ပြည်နယ်များအား ပထဝီနယ်မြေဒေသပေါ် အခြေခံ၍ ဖွဲ့စည်းရန်တင်ပြခဲ့သည်။ ပြည် ခိုင်ဖြိုးပါတီမှ ဦးအောင်သောင်း (ကွယ်လွန်) လည်း ဤအယူအဆ တင်ခဲ့ဘူးသည်။ ရှမ်းပြည်အစားတောင်ကြီးပြည်နယ် ကချင်ပြည်နယ်အစား မြစ်ကြီးနားပြည်နယ်အဖြစ်ပြောင်းလဲပြီး လူမျိုးရေးပြဿနာကို ဖြေရှင်းရန်ရည်ရွယ်ခဲ့သည်။ UNFC မှ နိုင်ဟံသာကလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံနေသည့် တိုင်းပြည်ဖြစ်သဖြင့် မြန်မာနှင့်ဗမာသည်လည်း အတူတူဖြစ်သဖြင့် တိုင်းပြည်နာမည်ပြောင်းရန် တင်ပြဆွေးနွေးခဲ့သည်။ ထိုတင်ပြချက်နှစ်ခုသည် ချိတ်ဆက်နေသည်ဟု ဆိုရမည်။

ချုပ်၍ဆိုရသော် ခွဲထွက်ရေးမပါသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုသည့် တူညီနိုင်သည့် ဘုံသဘောတူညီ ချက်မှအစပြု ၍တူညီသည့်အချက်များမှအစပြု၍ ကွာဟမှု ကြီးမားသော အချက်များကို ဖြေရှင်းရန်အတွက် အဖြေရှာကြရန်လိုသည်ဟုသုံးသပ်ရပါသည်။

● အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုများ
နိုင်ငံရေးဆွေးနွေးပွဲများတွင် လိုအပ်သည်က ပါဝင်သည့်ဖက်အားလုံးစိတ်ရှည်ကြရန်လိုသည်။ တဖက်သာနားခံသာအောင် ပြောဆိုရန်လိုသကဲ့သိုတဖက်သာ မျက်စေ့ခံသာအောင် ပြုမူဆောင်ရွက်ကြရန် လိုအပ်ပေမည်။ ညှိနှိုင်းဆွေးနွေးကြရင်းနောက် ဆုံးအချိန်ကြမှ သဘောတူညီချက်ရသည်လည်းရှိသည်ကို နှလုံးသွင်း၍ စိတ်ရှည်လက်ရှည် ညှိနှိုင်းဆွေးနွေးကြရန် လိုအပ် သည်။ ဤသို့ နောက်ဆုံးအချိန်မှကပ်၍ ဆုံးဖြတ်ချက်ကျသွားသောအချက် ၃ ခုအား ၂၁ ရာစုပင်လုံညီလာခံတွေ့ရသည်။

ပထမတခုမှာ 29/8/2016 နေ့တွင်ကျင်းပသည့် UPDJC ပူးတွဲ အစည်းအဝေးတွင် တိုင်းရင်းသာသလက်နက်ကိုင်အဖွဲ့များဖက်မှတက်ရောက်သူများအား ရာထူးအခေါ်အဝေါ်မထည့်ခြင်းနှင့်ပတ်သက်၍ ဂယက်ရိုက်မှု အတော်ကြီးသည်။ ညီလာခံ ဖွင့်ပွဲနေ့တွင်လည်းကောင်း၊ စာတမ်းဖတ်သည့်နေ့တွင်လည်းကောင်း ထည့်သွင်းအသုံးမပြုခဲ့ပေ။ 1/8/2016 ရက်နေ့ စာ တမ်းတင်သွင်းချိန်တွင် RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းငင်းက တန်းတူရေးနှင့်ပတ်သက်ပြီးပြောဆိုရင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား ရာထူးအဆင့်အတန်းထည့်သွင်းခေါ်ဆိုရန် တောင်းဆိုခဲ့သည်။ သို့နှင့် ညီလာခံတတိယရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များအား ရာထူးအခေါ်အဝေါ်ထည့်သွင်းခေါ်ဆို သည်ကိုတွေ့ရပါသည်။

အမှန်မှာ ရာထူးအခေါ်အဝေါ် မခေါ်လျင်တောင်မှ " စိုင်းထူး" ဟူ၍လည်းကောင်း၊ "ဂွန်မော်" ဟူ၍၎င်းသုံးစွဲသည်မှာ ရိုင်းပြ သည်ကိုတော့ တာဝန်ရှိသူများ သတိမူသင့်သည်။ ရှမ်းဘာသာဖြင့် "စဝ်" ဟူသောစကားသည်လည်းကောင်း၊ ကချင်ဘာသာ ဖြင့် "ဒူကဘာ" "ဆလန်ကဘာ" ဆိုသည့်စကားသည်လည်းကောင်း၊ အကြီးအမှူးဟူသည့် အနက်ရသည်ဖြစ်ရာ "စဝ်စိုင်း ထူး" ဟူ၍လည်းကောင်း "ဒူကဘာ ဆွန်လွတ် ဂွန်မော်" ဟူ၍လည်းကောင်း ရေးသားဖေါ်ပြပါက ယဉ်ကျေးမှုရှိမည်ကို သတိ မူသင့်သည်။ ညီလာခံတတိယရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ခေါင်းဆောင်များအား ရာထူးအခေါ်အဝေါ် ဖေါ်ပြသုံးစွဲခဲ့ပြီး အစိုးရသတင်း ရုပ်သံများမှလည်း ဆက်လက်ဖေါ်ပြနေပေရာ ပြဿနာတခု ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုနိုင် ပါသည်။

ထို့အတူ 29/8/2016 နေ့ UPDJC ပူးတွဲကော်မတီအစည်းအဝေးတွင် အဖွင့်နှုတ်ဆက်စကားပြောကြားရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ၁ ဦးသာ သတ်မှတ်ပေးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ၂ ဦးသတ် မှတ်ပေးရန် NCA မထိုးသည့် အဖွဲ့များဘက်မှ ၁ ဦး၊ NCA လက်မှတ်ထိုးသည့်အဖွဲ့များဘက်မှ ၁ ဦး၊ ပြောကြားခွင့် တောင်း ဆိုသော်လည်း သဘောတူညီချက်မရရှိပေ။ နောက်ဆုံးညီလာခံမစမှီ နာရီပိုင်းအလို 30/8/2016 တွင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ၂ ဦး စကားပြောရန် သဘောတူညီချက်ရရှိခဲ့သည်။

ညီလာခံဖွင့်သည့်နေ့ မွန်းလွဲပိုင်း၌ ညီလာခံတက်ရောက်သူများ လိုက်နာမည့်စည်းကမ်းများ ဖတ်ကြားရာတွင် 1/9/2016 မှ 3/9/2016 ထိပြုလုပ်မည့် စာတမ်းများဖတ်ကြားရာတွင် အသံဖမ်းယူခြင်းမပြုလုပ်ရန် စည်းကမ်းများချမှတ်ထားခဲ့သည်။ သို့ သော် ထိုနေ့ညနေစောင်းတွင် ညီလာခံတွင် တင်ပြနေသော စာတမ်းများအား တိုက်ရိုက်ထုတ်လွှင့်မည်ဟုကြေညာ၍ မူလ သတ်မှတ်ချက်ကို နောက်ဆုံးအချိန်မှ အပြောင်းအလဲ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ တွေ့ဆုံဆွေးနွေးမှုများတွင် အကြိမ်ကြိမ်အထပ်ထပ်ပြုလုပ်ရန်လိုအပ်သည်ကိုတွေရပြီး အချို့သော ဆုံးဖြတ်များ သည် ညှိနှိုင်းဆွေးနွေးမှုရလဒ်အဖြစ် နောက်ဆုံးမိနစ်ရောက်မှ သဘောတူညီချက် ရနိုင်သည်ကို နှလုံးသွင်း ပြင်ဆင်ရန် လို အပ်ပေမည်။
ဆက်လက်ဖေါ်ပြပါမည်Mg Mg Soe (မောင်မောင်စိုး)


  • မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၃
  • မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၂
  • မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၁)
  • http://blog.moemaka.com/2016/09/blog-post_143.html

    No comments: