Saturday, September 24, 2016

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၈)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၈)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

● NCA နှင့် NSCN (K)
NSCK(K) နာဂအဖွဲ့သည် အစိုးရနှင့် နှစ်ဦးသဘောတူ အပစ်ရပ် စာချုပ်ထိုးပြီးသော အဖွဲ့ဖြစ်သည်။ သို့သော် နာဂအဖွဲ့သည် NCA တွင် ပါဝင် လက်မှတ်ထိုးရန် ငြင်းဆန်နေဆဲဖြစ်သည်။ ပြဿနာမှာ နာဂအဖွဲ့ရည်မှန်း ချက်မှာ မြန်မာပြည်နှင့်အိန္ဒိယ နှစ်နိုင်ငံထဲတွင်ပါဝင်နေသော နာဂနယ်မြေအားလုံးအား စုစည်းရပ်တည်လိုခြင်းဖြစ်သကဲ့သို့ သူတို့၏လှုပ်ရှားမှုများမှာ မြန်မာပိုင်နက်သာမက အိန္ဒိယပိုင်နက်ထဲအထိပါ ပါဝင်နေသည်။ ထို့ပြင် နာဂအဖွဲ့သည် မြန်မာအစိုးရနှင့် အပစ်ရပ်လက်မှတ် ထိုးထားသော်လည်း အိန္ဒိယအစိုးရက မတရားသင်းကြေညာခံထားရသောအဖွဲ့လည်းဖြစ်နေပြန်သည်။

သို့ဖြစ်ရာ နာဂအဖွဲ့နှင့်ပတ်သက်၍ သီးခြားစဉ်းစား လုပ်ကိုင်ဆောင်ရွက်ဆွေးနွေးညှိနှိုင်းရန်လိုအပ်သည်။ လက်ရှိတွင်လည်း မြန်မာအစိုးရနှင့်အပစ်ရပ်ထားသည်ဖြစ်ရာ ငြိမ်းချမ်းရေးကိုမထိခိုက်ပေ။ သို့သော်သူတို့၏ စစ်ရေးလှုပ်ရှားမှုများသည် အိန္ဒိ ယပိုင်နက်အတွင်း၌ရှိပေရာ နာဂအဖွဲ့၏အကြောင်းအချင်းအရာနှင့် ပတ်သက်ပြီး ထူးခြားသည့်ပြဿနာအဖြစ် သဘော ထားပြီး ဖြေရှင်းပါက ပိုမိုသင့်လျော်မည်ဟု ယူဆပါသည်။

● NCA ၏ NCA
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှ NCA လမ်းကြောင်းအတိုင်းသွားရန် NCA ထီးရိပ်အတိုင်းသွားရန်ဟူသည့် အစိုးရ နှင့်တပ်မတော် သဘောထားတခုတည်းထွက်သောအခါ နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရန်အတွက် NCA မထိုးရသေး သည့် အဖွဲ့ ၁၃ ဖွဲ့၏ ပြဿနာက ရှေ့ရောက်လာသည်။ နောက်တကြိမ်ညီလာခံ မကျင်းပမှီ ၆ လအတွင်း NCA လက်မှတ်ထိုး
ရေးပြဿနာသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှေ့တန်းရောက်သည့်ပြဿနာဖြစ်လာတော့သည်။

မြန်မာပြည်တွင်း တိုင်းရင်းသားအသီးသီး၏အခြေအနေသည်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏အခြေအနေသည်လည်းကောင်း၊ သူ့ထူးခြားချက်နှင့်သူ ရှိသည်။ NCA လက်မှတ်ထိုးရာတွင် ပါဝင်ခြင်း မပါဝင်ခြင်းမှာ အဆိုပါထူးခြားချက်များနှင့် သက်ဆိုင်ပေသည်။ အကယ်၍ KNU အဖွဲ့သာ အဖွဲ့ ၇ ဖွဲ့ခန့် ပြိုကွဲမသွားဘဲ ၁၉၉၄ ခုနှစ် အရင် ကကဲ့သို့ တစုတစည်းထဲရှိပါက NCA လက်မှတ်အား အလွယ်တကူ ထိုးဖွယ်မမြင်ပေ။ ယခုအချိန်တွင် အဖွဲ့များစွာကွဲပြီး အင်အားယုတ်လျော့သည့်အချိန်ကာလတွင် သူတို့၏အင်အားကို ပြန်လည်တည်ဆောက်ရန်အတွက် တည်ငြိမ်သည့်ကာ လတခု လိုအပ်နေပေရာ NCA ကို ဆောလျင်စွာ ထိုးသည့်အထဲ ပါဝင်သွားခဲ့ပေတော့သည်။

ဆိုလိုသည်မှာ တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်စေ ထူးခြားချက်ရှိနေ သည်ဖြစ်ရာ ထိုထူးခြားချက်များကို ခွဲခြားသုံးသပ်ကြည့်မြင်ဖြေရှင်းပါက အကျိုးသက်ရောက် ပိုကောင်းမှု ရှိ/မရှိ ဖြေရှင်းရ သည်မှာ ပိုမိုလွယ်ကူမှု ရှိ/မရှိအား သေချာစဉ်းစားဖွယ်ဖြစ်သည်။ လက်ရှိတွင် NCA အခြေခံပေါ်မှသွားမည်၊ အဖွဲ့အားလုံး NCA လက်မှတ်ထိုးရမည်၊ အားလုံးပါဝင်သည့် ညီလာခံတရပ်ကျင်းပမည်ဟုဆိုထားသည်။ သို့သော်ထူးခြားချက် ထည့်သွင်း စဉ်းစားရန်လိုအပ်ပါမည်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် NCA လက်မှတ်ထိုးထားသော ၈ ဖွဲ့ ၊ UNFC  ၇  ဖွဲ့နှင့် အစိုးရနှင့်ညှိနှိုင်းဆဲ ၃ ဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့မှာ အခြေခံတခုတည်းပေါ်တွင်ရှိသည်ဟု ဆိုရပါမည်။ ထိုဖွဲ့အားလုံးသည် မိမိလမျိုးမိမိပြည်နယ်အခွင့်အရေးများသည်အတွက်တောင်းဆိုကြသည်။ သို့သော် ထိုအဖွဲ့အားလုံးသည် ၎င်းတို့ချုပ်ကိုင်သော အခြေခံဒေသ အနည်း ငယ်သာရှိသည်။ သူတို့လမျိုးများနေထိုင်ရာ ပြည်နယ်အများစုကို စစ်ရေးအရ မထိမ်းချုပ်နိုင်ကြပေ။ အဓိက ပြောက်ကျား စနစ်ဖြင့် စိုးမိုးလှုပ်ရှားကြသည်။ သူတို့တပ်များမချုပ်ကိုင်နိုင်သည့်ဒေသများ သူတို့လူမျိုးများအား လျို့ဝှက် မြေအောက် စည်းရုံးရေးအားဖြင့် ထိုးဖောက်စည်းရုံးသည်။ သို့ဖြစ်၍ ထိုအဖွဲ့ ၁၈ ဖွဲ့ သည် အခြေခံတခုတည်းပေါ်တွင်ရှိသည်ဟုဆိုရခြင်းဖြစ်ပေသည်။

NSCN (K) နာဂအဖွဲ့ကတော့ မြန်မာပြည်နယ်နမိတ်ထဲက နာဂဒေသသာမက အိန္ဒိယနယ်ထဲက နာဂအတွက်ပါ သူ့အရေးဟု ခံယူထားသည်။
UWSA နှင့် NDAA မိုင်းလားတို့ကတော့ ၎င်းတို့ထိမ်းချုပ်ထားရာဒေသ သက်သက်ကိုသာ စိတ်ဝင်စားသည်။ လက်ရှိ၎င်းတို့ထိမ်းချုပ်ထားရာဒေသများအား ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ခွင့် တပ်ချခွင့် တရားစီရင်ခွင့်အပါ အားလုံးရယူထိမ်းချုပ်လိုသည်။ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားသကဲ့သို့သူတို့ကလည်း ရာခိုင်နှုန်း တချို့ပုံသေရယူလိုသည်။ ဆိုရ လျင် ကွန်ဖက်ဒရိတ်ပုံစံ ရယူလိုနေသည်။ ထို့ပြင် UWSA ထိမ်းချုပ်ရာမြောက်ပိုင်းဒေသသည် ဝ လူမျိုးတို့ဟုဆိုနိုင်သော်လည်း တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင်းရှိ ၁၇၁ စစ်ဒေသသည် ဝ တို့၏ မူရင်းဒေသမဟုတ်ပေ။ ထို့အတူ မိုင်းလားဒေသသည်လည်းရှမ်းနှင့်အခါအများစု ပူးတွဲနေထိုင်သည့်ဒေသဖြစ်နေသည်။ ဤကား လက်တွေ့အခိုင်အမာရှိနေသော အခြေအနေဖြစ်သည်။

သို့ဖြစ်ရာ မတူသောအခြေအနေများကို မတူသလို ဖြေရှင်းပါက ပို၍သင့်တော်မှု ရှိ/မရှိ စဉ်းစားသုံးသပ်ကြရန်လိုအပ်မည်ဟု ယူဆပါသည်။ အခြေအနေမတူ တောင်းဆိုချက်မတူသော အဖွဲ့များနှင့်ပတ်သက်၍ မတူသည့်နည်းနာများဖြင့် ကိုင်တွယ်ဖြေ ရှင်းပါက ပို၍သင့်တော်မည်ဟု သုံးသပ်ရပါသည်။

ထို့ကြောင့် NCA ထီးရိပ်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများကိုဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုပေရာ အားလုံနှင့်တ ပြေးညီဖြေရှင်းရန်မဖြစ်နိုင်သော ပြဿနာများကို သီးခြားကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ထည့် သွင်းစဉ်းစားရန် လိုအပ် ပေမည်။ NCA အားလုံးဝအကြွင်းမဲ့ဆုပ်ကိုင်၍ ဖြေရှင်းက အကျိုးမရှိသည့်အခြေအနေဖြစ်ပေါ်ပါက ပြုလွယ်ပြင်လွယ်ဖြစ်သည့် ပျော့ပြောင်းသည့်ပေါ်လစီတခုအား ပြောင်းလဲကျင့်သုံးရန် လိုအပ်ပေမည်။

သို့သော်ပြဿနာတခုရှိသည်မှာ UWSA နှင့် NDAA မိုင်းလားတို့က NCA လက်မှတ်မထိုးဘဲ ပြည်ထောင်စုအဆင့် လက် မှတ်ထိုးခြင်း လွှတ်တော်အဆင့်အသိအမှတ်ပြုခြင်းသာပြုလုပ်ပြီး ကျန်အဖွဲ့များအား NCA မဖြစ်မနေ ထိုးရမည်ဆိုသည်ကို တောင်းဆိုရန်မှာ ခက်ခဲပေမည်။ တခါတရံ မူတခုခုအား အသေဆုပ်ကိုင်ခြင်းသည် ဘေးကြပ်နံကြပ်အခြေအနေမျိုးကြုံ ရ တတ်ပါသည်။

● လိုက်နာရန်ခက်ခဲနေသော NCA ပါအချက်များ
ပြဿနာတခုမှာ NCA လက်မှတ်ရေးထိုးကြသော်လည်း မကြာခဏ အငြင်းပွားမည့်အချက်အလက်များ NCA တွင်ပါရှိနေခြင်း ဖြစ်သည်။ ပထမတချက်မှာ တိုင်းရင်းသားအဖွဲ့များက လူထုနှင့်စီးပွားရေးလုပ်ငန်းရှင်မျာစထံမှ အခွန်ကောက်ခံခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်နက်ကိုင်အဖွဲ့အားလုံးလိုလို၏ ဘဏ္ဍာရှာဖွေမှုတွင် လူထုထံမှ အခွန်ကောက်ခံခြင်းသည်လည်း အခြေထံကျသည့် အစိတ်အပိုင်းအဖြစ်ပါဝင်နေသည်ဖြစ်ရာ NCA လက်မှတ်ထိုးပြီးနောက် လူထုနှင့်စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ငွေကောက်ခံမှုရပ်တန့်ရန် ဖြစ်နိုင်ချေနည်းပါသည်ဟု သုံးသပ်ရသည်။ အဓိက အဝေးပြေးလမ်းမကြီးများအား ပိတ်ဆို့၍ အခွန်ကောက်ခံခြင်းမျိုးအား ရပ်တန့်နိုင်သော်လည်း ပုံမှန်အခွန်ကောက်ခံမှုအား ရပ်တန့်ရန် ခဲယဉ်းပေလိမ့်မည်။

ဒုတိယပြဿနာမှာ တိုင်းင်္င်းသားလက်နက်ကိုင်တပ်ဖွဲ့များ လူသစ်စုဆောင်းခြင်း တပ်အင်အားဖြည့်တင်းခြင်းကန့်သတ်ချက်အား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာရန်ခက်ခဲခြင်းဖြစ်သည်။ အစိုးရ အထူးသဖြင့် တပ်မတော်ဘက်မှ စိုးရိမ်သည့်ပြဿနာမှာလည်း ဤအချက်ပင်ဖြစ်သည်။ NCA လက်မှတ်ထိုးပြီး အပစ်ရပ်ထားသောကာလတွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်သို့ စစ်အင်အားပိုမို တောင့်တင်းစေရန် အချိန်ပေးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ပူပန်မှုရှိသည်သာဖြစ် သည်။ ထို့ကြောင့်လည်း သတ်မှတ်သော အချိန်ကာလအတွင်း DDR လက်နက်ဖြုတ်သိမ်းရေးပြုလုပ်ရန် လိုအပ်သည်ဟု ရပ်ခံပြောဆိုနေခြင်းဖြစ်သည်။

သို့သော် တဖက်မှကြည့်လျင် တိုင်းရင်းသားလက်နက်ကိုင်များအဖို့နိုင်ငံရေးအရ ပြဿနာဖြေရှင်းမှုမပြီးမချင်း သူတို့၏လက်နက်ကိုင်တပ်ကိုစွန့်လွှတ်ရန် ဆန္ဒရှိမည် မဟုတ်ချေ။ ထို့ပြင် တပ်မတော်ဘက်ကလည်း နိုင်ငံတော်ကာကွယ်ရေးခေါင်စဉ် အောက်တွင် တပ်အင်အားတိုးချဲ့ခြင်း စစ်လက်နက်အသစ်အဆန်းများ ဝယ်ယူဖြည့်တင်းခြင်းများ ပြုလုပ်နေမည်ဖြစ်ရာ တိုင်း ရင်းသားလက်နက်ကိုင်များအနေနှင့်လည်း တပ်မတော်မှ ၎င်းတို့အား တိုက်ခိုက်လာနိုင်သည့်အခြေအနေများကို တွက်ဆ၍ ၎င်းတို့၏လက်နက်ကိုင်ဖွဲ့များ တောင့်တင်းခိုင်မာရေး တိုးချဲ့ရေးအား လုပ်ဆောင်နေမည်သာဖြစ်ပေသည်။

ဤပြဿနာမှာ လက်ရှိ NCA ထိုးထားသောအဖွဲ့များနှင့်ရော၊ နောင် NCA ထိုးမည့်အဖွဲ့များနှင့်ပါ မကြာခဏ ဆွေးနွေးငြင်း ခုံရမည့် အကြောင်းအရာအဖြစ်တည်ရှိနေပေလိမ့်မည်။ သို့ဖြစ်ရာ NCA အားလုံးလက်မှတ်ထိုးပြီးသည့်တိုင်အောက် အဆိုပါ ပြဿနာ အလွန်အကဲဆတ်သည့် ပြဿနာအဖြစ်တည်ရှိပေလိမ့်မည်။

● အမျိုးသားအဆင့်ဆွေးနွေးပွဲများ
ပထမအကြိမ်ညီလာခံအပြီး နောက်တကြိမ်ညီလာခံအကြား ၆ လခန့်အတွင်း ဆက်လက်လုပ်ဆောင်မည့် နိုင်ငံရေးလုပ် ငန်းစဉ်မှာ အမျိုးသားအဆင့်ဆွေးနွေးပွဲများဖြစ်သည်။ အမျိုးသားအဆင့်ဆွေးနွေးပွဲဆိုသည်မှာ ပြည်နယ်အလိုက် ဒေသအ လိုက် လူထုအစည်းအဝေးများ အရပ်ဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးပွဲများ ဖိုရမ်များကို ဆိုလိုသည်။

အဆိုပါ အမျိုးသားအဆင့်အစည်းအဝေးများကို UPDJC ၏ ကြီးကြပ်မှုအောက်တွင် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ ပြုလုပ် သွားမည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် တရားဝင်နိုင်ငံရေး ပါတီများသာ ပါဝင်ခွင့်ရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ ဤအကြိမ် အမျိုးသားအဆင့်အစည်းအဝေးများတွင် အားလုံးပါဝင်မှုနှင့် ပတ်သက်ပြီး အားနည်းချက်ရှိနေဦးမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အနေနှင့် NCA လက်မှတ်ထိုးခြင်းမရှိသေးရာ UPDJC တွင် ပါဝင်ခွင့်မရသေးသည့်ပြင် အမျိုးသားအဆင့် အစည်းအဝေးများတွင်ပါဝင်ခွင့်မရှိသေးပေ။ ထို့ကြောင့်လည်း အမျိုးသားအဆင့်အစည်းအဝေးများတွင် အားလုံးပါဝင်နိုင်ရေးအတွက် NCA လက် မှတ်ထိုးရေးနှင့်ပတ်သက်သည့် ပြဿနာကို အမြန်ဆုံးဖြေရှင်းရန်လိုအပ်နေသည်ဟုဆိုရပါမည်။

အမျိုးသားအဆင့်ဆွေးနွေးပွဲများတွင် သတိပြုရန်အချက်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိနေသော တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်များပါဝင်စေခြင်းနှင့် တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးပြဿနာကို ထည့်သွင်းဆွေးနွေးခြင်း တို့ဖြစ်ပါသည်။

● သုံးပွင့်ဆိုင်
UNFC မှ တင်ပြနေသည်မှာ ဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်သည်။ အဆိုပါသုံးပွင့်ဆိုင် ဆွေးနွေးရေးသည် NCA သဘောတူညီချက်တွင် ပါဝင်ပြီးဟု ဆိုပါသည်။ အဆိုပါသုံးပွင့်မှာ အစိုးရ/လွှတ်တော်/တပ်မတော်က ၁ ပွင့်၊ တိုင်းရင်းသား လက်နက်ကိုင်များ ၁ ပွင့်၊ တရားဝင်နိုင်ငံရေးပါတီများ ၁ ပွင့်ဟူ၍ ၃ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးရန်ဖြစ်သည်။ လက်ရှိ UPDJC ၏ အချိုးအစားပါဝင်မှုမှာလည်း ၃ ပွင့်ဆိုင်ဖြစ်သည်။

သို့သော် လက်တွေညီလာခံတွင် အစိုးရ/လွှတ်တော်က ၁ ပွင့် တပ်မတော်က ၁ ပွင့် တိုင်းရင်းသားလက်နက်ကိုင်များက ၁ ပွင့် တရားဝင်နိုင်ငံရေးပါတီများက ၁ ပွင့် ၄ ပွင့်ဖြစ်နေသည်ဟုဆိုရမည်။ တိုင်းရင်းသားကိုယ်စားလှယ်နှင့်ပါဝင်သင့်ပါဝင် ထိုက်သူများ အစုအဖွဲ့များကတော့ အဆိုပါ ၃ ဖွဲ့က အချိုးကျရွေးချယ်ထားခြင်းဖြစ်ရာ ပြဿနာမကြီးလှဟုဆိုနိုင်သည်။ သို့ သော်ပြီးခဲ့သောညီလာခံများတွင် အစိုးရနှင့် လွှတ်တော်က ၁ ပွင့်၊ တပ်မတော် ၁ ပွင့်ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယခင် သမတဦးသိန်းစိန်အစိုးရလက်ထက် ကြံ့ခိုင်ရေးပါတီ အာဏာရစဉ်က အစိုးရလွှတ်တော်နှင့် တပ်မတော်တို့ သဘောထားတခုတည်းဟုဆို၍ရနိုင်သော်လည်း ယခု NLD အစိုးရလက်ထက်တွင် အစိုးရလွှတ်တော်နှင့် တပ်မတော်တို့ ထပ်တူမကျ သည်က အမှန်ပင်ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် အစိုးရနှင့်လွှတ်တော်က ၁ ပွင့်တပ်မတော်က ၁ ပွင့်ဖြစ်နေသည့် အခြေအနေကို အသိအ မှတ်ပြုရန်လိုပေလိမ့်မည်။ သို့သော် ၃ ပွင့် ဖြစ်စေ၊ ၄ ပွင့်ဖြစ်စေ ၂၁ ရာစုပင်လုံညီလာခံတွင်ချမှတ်မည့်ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပြန်လည်ညှိနှိုင်းခြင်းဖြင့် ကျော်လွှားက ဖြစ်နိုင်ဘွယ်ရှိသည်ဟု ဆိုရပါမည်။ NCA သဘောတူညီချက်တွင်လည်း UPDJC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မဖြေရှင်းနိုင်သည့် ပြဿနာများကို JICM တွင် ဖြေရှင်းမည်ဟု ဆိုထား သည်။ JICM တွင်အစိုးရ၊ လွှတ်တော်၊တပ်မတော်တို့က ၁ ပွင့် တိုင်းရင်းသားလက်နက်ကိုင်များက ၁ ပွင့်အရေအတွက် ဆတူဖြင့် ဖွဲ့စည်းထားရာ ဖြေရှင်းစရာ ထွက်ပေါက်ရှိသည်ဟု ဆိုရပါမည်။

မည်သို့ပင်ဖြစ်စေ ၃ ပွင့်ဆိုင်နှင့် ၄ ပွင့်ဆိုင်ပြဿနာအား ၎င်းညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ်မည့်ပုံစံအား၎င်း ရှင်းရှင်း လင်းလင်းဖြစ်အောင်တော့ ဆွေးနွေးရန်လိုအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့်ဤကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်ရှိကြသည်က အမှန်ပင်ဖြစ်သည်။ ပြီးခဲ့သောညီလာခံတွင် သဘာပတိအဖွဲ့ရွေးချယ်ရာတွင် ၃ ပွင့်ဆိုင်အရ တပွင့် စီမှ သဘာပတိရွေးရန် တိုင်းရင်းသားလက်နက်ကိုင်များမှ တောင်းဆိုခဲ့သော်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော် တိုင်း ရင်းသားလက်နက်ကိုင် တရားဝင်နိုင်ငံရေးပါတီဟူ၍ ၅ ယောက်ရွေးချယ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များစိုးရိမ်သည်မှာ အစိုးရ လွှတ်တော် တပ်မတော် ၃ မဲဖြင့် မဲအသာဖြင့်ဆုံးဖြတ်များချမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဤကိစ္စ နှင့်ပတ်သက်ပြီး ရှင်းလင်းအောင်ဆွေးနွေးထားသင့်ပေသည်။
ဆက်လက်ဖေါ်ပြပါမည်။Mg Mg Soe (မောင်မောင်စိုး)
 

No comments: