Wednesday, September 14, 2016

ပုသိမ်မြို့တွင် နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံးအကြိမ် တန်ဖိုးသင့် ဥမ္မာဒန္တီအငှားအိမ်ယာတည်ဆောက်နေ

ပုသိမ်မြို့တွင် နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံးအကြိမ် တန်ဖိုးသင့် ဥမ္မာဒန္တီအငှားအိမ်ယာတည်ဆောက်နေ
14 September 2016
------ ------- ------
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နှစ်ပေါင်း (၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် တန်ဖိုးသင့်အငှား စနစ်ဖြင့် ချထားရန် အိုးအိမ်ဦးစီးဌာနမှ ဥမ္မာဒန္တီအငှားအိမ်ယာ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ် မေလမှ စတင်တည်ဆောက်နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်အပြီး တည် ဆောက်သွားမည်ဖြစ်ပြီး လျှောက်လွှာတစ်စောင်လျှင်(၅၀၀) ကျပ်ဖြင့် ဝ...ယ်ယူ၍ ဧရာဝတီတိုင်းဒေသကြီး အိမ်ယာဖွံဖြိုးရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
“တက်လာတဲ့ လျှောက်လွှာတွေပေါ်မှာမူတည်ပြီး အုပ်စုအလိုက် အချိုးချမယ်။ အုပ်စုလိုက်တိုက်ခန်းခွဲသွားမှာ ပါ။ ဝန်ထမ်းဆိုရင် ဝန်ထမ်းသပ်သပ်တိုက်ပေါ့။ အဲဒါမျိုးဖြစ်နိုင်တယ် အထပ်နဲ့ အခန်းကိုတော့ မဲနှိုက်မှာပါ။ တိုက်ခန်းတွေက ရေ၊ မီး၊ မိလ္လာ စနစ်တွေပါပြီးသားဖြစ်တယ်။ အငှားအိမ်ယာစိစစ်ချထားရေး ကော်မတီက နေပြီး ဆောက်ရွက်ပေးသွားမှာပါ။ အိမ်ငှားရမ်းခသတ်မှတ်တဲ့နှုန်းထားတွေကတော့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အိုးအိမ်ဦးစီးဌာနက သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းပါပဲ။”ဟု တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
အဆိုပါတန်းဖိုးသင့် နေတိုက်ခန်းငှားရမ်းရာတွင် နေထိုင်ရေးအခက်အခဲရှိသူ၊ လက်ရှိတာဝန်ထမ်းဆောင် နေသည့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် အခြားဝင်ငွေနည်းပြည်သူများအား(၅)နှစ် အငှား စာချုပ်ဖြင့် ငှားရမ်းပေသွားမည်ဖြစ်ပြီး တစ်လစာကြိုတင်ပေးသွားရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အိမ်ယာဖွံဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဇော်ဦးထံမှ သိရသည်။
“ကျွန်မကျောင်းဆရာမတစ်ယောက်ပါ။ နယ်ကနေမြို့ပေါ်ကိုတာဝန်နဲ့ ပြောင်းလာရတာပါ။ အပြင်မှာအိမ်ခန်းငှား နေရတယ်။ ကျွန်မလိုဆရာမအတွက် တန်းဖိုးသင့်အိမ်ခန်းက အသင့်အတော်ဆုံးလို့မြင်မိပါတယ်။ ရပ်ကွက်မှာ အိမ်ခန်းတစ်ခန်းငှားရင်အနည်းဆုံးကျပ်(၄၀၀၀၀)နဲ့ (၇၀၀၀၀)ကြားမှာရှိတယ်။ တန်းဖိုးသင့်အိမ်ခန်းဈေးနှုန်း ဆိုရင်လစာနဲ့ဆို အဆင်ပြေပါတယ်။”ဟု ပုသိမ်မြို့တွင် အိမ်ခန်းငှားနေထိုင်သူ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
အဆိုပါ ဥမ္မာဒန္တီအငှားအိမ်ယာတွင် အခန်းပေါင်း (၄၀၀)ကျော်ပါရှိပြီး (၉၂)ခန်းကို အငှားချထားပေးမည်ဖြစ်ပြီး ကျန်အခန်းများကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
(၄)ခန်းတွဲ(၅)ထပ်တိုက် အကျယ်(၆၅၀) စတုရန်းပေအခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခ (၄၃၅၀၀)ကျပ်၊ (၈)ခန်းတွဲ(၄)ထပ်တိုက်မှ အကျယ် (၅၂၂)စတုရန်းပေ တစ်ခန်းလျှင် တစ်လငှားရမ်းခ(၃၅၀၀၀) ကျပ်၊ (၈)ခန်းတွဲ(၄)ထပ်တိုက်မှ အကျယ်(၄၈၄) စတုရန်းပေတစ်ခန်းလျှင် တစ်လငှားရမ်းခ(၃၂၅၀၀)ကျပ်ဖြင့် ငှားရမ်းပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ယာဖွံဖြိုရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးထံမှ သိရသည်။
MMK
The Ladies News

No comments: