Saturday, September 17, 2016

ငြိမ်းချမ်းရေးအမေနဲ့ စစ်တလင်းမြေ ( ၂ )

ငြိမ်းချမ်းရေးအမေနဲ့ စစ်တလင်းမြေ ( ၂ )

ကမ္ဘာ့ရွာထဲမှာ
အမှန်တရားကပဲ မျက်စိလည် လှမ်းမှားနေသလား
ငြိမ်းချမ်းရေးကပဲ ဆက်သွယ်ရေး ပြင်ပဧရိယာ ရောက်နေသလား
ခေါ်မကြား အော်မကြား ဖျားနာစဲ ချိုးဖြူငှက် အပျံသင်စဲလား..။
သေခြင်းတရားကလွဲပြီး ဘာမှမရေရာတဲ့ စစ်မက်ဇုံထဲ
မိုင်းနင်းထားတဲ့ မနက်ဖြန်ရက်တွေ ချိုင်းထောက်နဲ့ အားယူထတုန်းလား..။

ဘ၀ ဇရာရိပ် ၊မျက်နှာပြင်ထက် တိတ်တဆိတ်ထင်ဟပ်
ကမ္ဘာ့ရွာထဲ စာနာစိတ်နဲ့ မမောမပမ်း လျှောက်လှမ်းလျက်
မသာယာတဲ့ အတိတ်လမ်းကို လက်ပြနောက်ချန်ထားဖို့ 
ဆက်ကာ ဆက်ကာ ကြေကွဲခြင်း တိုင်းပြည် နှလုံးသားဒဏ်ရာကို
တသက်တာ ရင်ကြားစေ့ရေး သင့်မြတ်ရေး နဲ့  ပြန်လည်ကုစားနေတဲ့ အမေ..။

ဝမ်းနည်းပက်လက် စိတ်ပျက်လက်ပျက် ဘ၀များ
အိပ်မက်ထဲမှာ ခေါက်တုန့် ခေါက်ပြန် ခြေရာထပ်နေလို့ 
မြို့ ပြများ လမ်းမထွက်ပြီး ထပ်ခါထပ်ခါ အသည်းကွဲကြောင်းကြွေးကြော်
ပေတရာမှာ ဝေဒနာတွေ အခန်းဆက် စာတန်းထိုး နှိုးဆော်
အစည်းအဝေးခန်းမထဲ အရေးပေါ် အတွေးအခေါ်များ စမြုံပြန်
လက်ကျန် ခေတ်ခါးခါးကို အဖော်လုပ်နေရတာ ကြာပြီ အမေ..။

စစ် မီးလောင်ကာ ငြိမ်းချမ်းရေး လရောင်ပျောက်
ကုန်းကောက်စရာ မရှိတော့လောက်အောင် ဘ၀တိုက်ပွဲထဲ လဲကျခဲ့ မြို ပြ
ပြဿနာရှာ ရမ်းကား ကုန်းဈေးနှုန်းတွေကလည်း ထိုးစစ်ဆင်နေလို့ 
ပြည်တွင်းစစ်ကြီးနဲ့ အတူ မွေးဖွားလာတဲ့ ဘတ်(စ် )ကားအိုလို
ခြေကုန်လက်ပန်းကျ လူလုံးမလှတဲ့ ဘ၀တွေ ရှိနေစဲပါ အမေ။

အပူသယ်လို ထူးမခြားနားရက် တွေထဲ တိုးဝင်
သူတို့ အရူးပါးအကွက်တွေ နင်းချင်နေတုန်း
အရင်လို ဟန်ချက်ညီ ဖောက်ပြန်နေကြ
မြို့ ပေါ်မှာတော့ မျိုးမစစ်ကြောင်း ပြသ
နယ်စပ်မှာတော့ ပြန်လည် ပစ်ခတ်နေကြတယ် အမေ..။

တိုင်းပြည်ကောင်းကင် မျက်နှာမှာ သေနတ် ဒဏ်ရာနဲ့ 
ဟန်ဆောင်အပြုံးတွေသာ ခေါင်းအုံးအိပ်နေရတုန်း
ယခင် ခေတ်တုန်းကလို
အဓိကရုဏ်းမှာ အဘတွေ ပျော်ပွဲစားထွက်တုန်းလား
ဦးနှောက်ထဲ မေးခွန်းတွေ တန်းစီညာညှိ နေစဲ
စကားမစပ် နိုင်ငံတကာရောက်တုန်း ခဏ စုံစမ်းပေးပါ
မချစ်မနှစ်သက်ခြင်းတွေ တိုင်းပြည်ကနေ လေလံပစ်လို့ ရရင် ကောင်းမယ် အမေ..။

လမ်းအကွေ့ မှာ မနာလို အပြုံးအတုနဲ့ 
ယမ်းငွေ့ တွေ ကြား ရန်လုပ်တာ ထပ်တွေ့ နေလို့ 
အရင်တခါလို ဘ၀များ နုံးချိ မွန်းကြပ်
အလဲထိုးခံရတဲ့ အိပ်မက်များ မရေတွက်နိုင်တော့
လောဘ ရမ္မက်တွေပေါ် စစ်အဆိပ်တက် အဆီပြန် ပြုံးပျော်နေကြ
ဒုက္ခတောထဲ ဘ၀ပျက်တွေကတော့ ခေါင်းမဖော်နိုင် ဖြစ်ရ
အမှောင်လွှမ်းတဲ့ တောင်တန်းရဲ့ မျက်ရည်တွေ သုတ်ပေးလှည့်ပါအမေ..။

ကြီးပွားရေး အတွေးအခေါ် အကောင်းများ ကြိုဆို
အနာဂတ် စီးပွားရေးကို တံခါးဖွင့်ထားလည်း
စစ်ဝါဒီတွေရဲ့ ငြီးတွားရေး ကျည်ဆံတွေသာ ပြေးဝင်လာခဲ့
ကာလ ရှည်ကြာ အဆုံးမသတ်နိုင်တဲ့ အမုန်းဇာတ်မှာ
ကိုယ်ကျိုးအတ္တ အတွေးအခေါ်ခြင်း နပမ်းသတ်နေကြ
နိုင်ငံတော်ရဲ့ ရက်မြတ် မင်္ဂလာတွေနဲ့ ဝေးသထက် ဝေး
စိတ်ဆင်းရဲခြင်းများ၊ အတွေးရင်ဝယ် မြစ်တစင်းလို စီးဆင်း
စစ်သွေးပင်လယ်ထဲ လက်ပစ်ကူးနေရစဲပါ အမေ..။


  အောင်ခိုင်မြင့်

၁၈ စက်တင်ဘာလ ၂၀၁၆

No comments: